လူများ၊ ရုပ်ပုံလွှာများ မောင်မိုးသူ

မောင်ဝဏ္ဏ+ချိုရည်တို့ရဲ့ ဆွမ်းကပ် နှင့် ဘကြီးမိုး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်ဝဏ္ဏ+ချိုရည်တို့ရဲ့ ဆွမ်းကပ် နှင့် ဘကြီးမိုး

(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဖေဖော်ဝါရီ ၂၊ ၂၀၁၇

မောင်ဝဏ္ဏဆိုတာ ဘကြီးမိုးရဲ့ ညီငယ်လို ချစ်ရတဲ့ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏဖြစ်ပါတယ်။ ချိုရည်က သူ့ဇနီးပါ။ မောင်ဝဏ္ဏက ၂၀၁၁ ဇန်နဝါရီမှာ ဆုံးပါးပြီး လေးလအကွာ ဧပြီမှာ သူ့ဇနီးချိုရည်ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ နှစ်ယောက်စလုံး မဆုံးခင်ရော ဆုံးပြီး ချိန်မှာရော ဘကြီးမိုးရောက်ပါတယ်။

မောင်ဝဏ္ဏ အရက်မသောက်တာ ၁၀ နှစ်ကျော်နေပါပြီ။ အရက်သောက်တုန်းကတော့ ဘကြီးမိုးနဲ့ အတူပေါ့။

မောင်ဝဏ္ဏဟာ အလွန်ထူးချွန်တဲ့ ပါရမီရှင် ဒါရိုက်တာ ဖြစ်ပါတယ်။ သူရုပ်ရှင်လောကထဲ ဝင်ရောက်လာပုံနဲ့ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်လောကမှာ သူ့ရှေ့က သူ့ဖခင် ဦးသာဓု အပါအဝင် သမ္ဘာရင့်ဆရာကြီး ဒါရိုက်တာကြီးတွေ အားလုံးဟာ ဇာတ်လမ်းကို အားပြုပြီး နာမည်ကြီး နာမည် ကျော်လာကြတာပါ။ အဲမောင်ဝဏ္ဏကတော့ ဇာတ်လမ်းအားပြုတဲ့ ဝတ္ထုပုံဟန်ကနေ ဇာတ်ရုပ်ဇာတ်ဆောင်စရိုက်ကို အားပြုပြီးရိုက်ကူးလိုက်တဲ့ ဒါရိုက်တာတစ်ဦး ဖြစ်ပါတယ်။

မောင်ဝဏ္ဏရဲ့ ပထမဆုံးရိုက်တဲ့ကား “ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း”ဟာ မောင်သာရရဲ့ဝတ္ထု ဖြစ်ပါတယ်။ ဇာတ်လမ်းက ဘာမှမည်မည်ရရ မရှိပါဘူး။ စရိုက်အားပြုတဲ့ကား ဖြစ်ပါတယ်။

စာပေမှာတော့ ဇာတ်လမ်းကိုထားခဲ့ပြီး စရိုက်ကို ရေးဖွဲ့ကြတာ ကြာပြီပေါ့။ ပန်းချီမှာ ၏ုရမ ကို ချန်ပြီး မော်ဒန်ဖြစ်တာ ကြာပေါ့။ ပန်းချီက မော်ဒန်ကို ဦးဆောင်ခဲ့ သလို စာပေကလည်း ပုံသဏ္ဍာန်ပြောင်းပြီး မော်ဒန် ၊ ပို့စ်မော်ဒန်တွေ ရေးလာကြပါ တယ်။ ရုပ်ရှင်မှာတော့ မောင်ဝဏ္ဏ စတာပဲ လို့ ဘကြီးမိုး တင်စားရေးစဉ်က သမားရိုးကျ ရှေးရိုးတွေက သိပ်သဘောမကျချင် ကြပါဘူး။ ဘကြီးမိုးကတော့ မိမိရင်ထဲက ခံစားရသလိုရေးခဲ့တာ ဖြစ်ပါတယ်။

မောင်ဝဏ္ဏဟာ ဘကြီးမိုးရဲ့ ညီငယ်လောက် ရှိပေမဲ့ စုတ်ချွန်းချွန်းနိုင်တာရော နှုတ်ခမ်းမွေးထားကြတာရော ရုပ်ချင်းက အတော်ဆင်ပါတယ်။ မောင်ဝဏ္ဏဟာ သူ့ ဦးလေးအရွယ် မောင်ကိုယုတို့ကို ပေါင်းသလို သူ့အစ်ကိုအရွယ်ဖြစ်တဲ့ ဇော်မြင့် (ဇော်ဇော်အောင်)၊ ထွန်းထွန်း (ဆေးသိပံ) နဲ့ ဘကြီးမိုးတို့ကိုလည်း ပေါင်းပါတယ်။ အရက်အတူသောက်ကြတာ ပြောတာပါ။

ဆရာသာဓုမှာ သားလေးယောက်၊ အာယုပါထည့်ရင် ငါးယောက်ပေါ့လေ။ ဝဏ္ဏ၊ ဗလ၊ ရူပ၊ ဉာဏ်ပေါ်နဲ့ အာယုတို့ ဖြစ်ပါတယ်။ သားအားလုံးနဲ့ ဘကြီးမိုး ပေါင်းဖြစ်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ဖခင် ဆရာသာဓုနဲ့လည်း ရုပ်ရှင်ကောင်စီမှာ အတူတွဲပြီး အလုပ်တွေလုပ်ဖူးပါတယ်။

ဆရာသာဓုဟာ ဆေးလိပ်သိပ်သောက်တယ်ခင်ဗျ။ ဆေးလိပ်မှ စီးကရက်သောက်တာ။ စီးကရက်မှ အလိပ် ၅၀ ဝင် သံဘူး သောက်တာ။ တွေ့တဲ့လူတိုင်းကို စီးကရက် တည်လေ့ရှိပါတယ်။ သူ့သားတွေအားလုံးကတော့ ရူပကလွဲရင် ဆေးပေါ့လိပ်သမားတွေပါ။ သူတို့ကို တွေ့လိုက်ရင် အမြဲတမ်းဆေးပေါ့လိပ်လက်ကြားညှပ်လို့ခင်ဗျ။ ဝဏ္ဏ၊ ဗလ (သုမောင်) တို့ကတော့ သောက် ဖော်စားဖက်ပေါ့။ ဉာဏ်ပေါ်နဲ့ မတွဲဖြစ်ပါ။ ရူပကတော့အားကစားသမား၊ ဆေးလိပ်မသောက်၊အရက်မသောက်ပါ။ ဒါ့ကြောင့် သူပဲ ကျန်ခဲ့တာ ဖြစ်မယ်။ ဆရာသာဓု အပါအဝင် သားတွေဟာ အဆုတ်ရောဂါနဲ့ ကွယ်လွန်တာပဲ ဖြစ်မှာပါ။

မောင်ဝဏ္ဏဟာ အရက်မသောက်တော့ပေမဲ့ ဆေးလိပ်တော့ သောက်တုန်းပဲထင်ပါရဲ့။ သူ နေမကောင်းဖြစ်ချိန် ဘကြီး မိုးအိမ်ကို မကြာခဏ ရောက်ပါတယ်။ သူ ရောဂါသည်းနေချိန်မှာ ညီဖြစ်တဲ့ ဗလ (သုမောင်) ဆုံးပါတယ်။ ဝ∞ကို မပြောရဲ ဘူးခင်ဗျ။ သိပ်မကြာပါဘူး၊ ဝဏ္ဏဆုံးပါတယ်။ ဝဏ္ဏမဆုံးခင် တောက်လျှောက် ပြုစုရတဲ့ ဇနီးသည် ချိုရည်ဟာ အိပ်ရာထဲ လဲနေပါပြီ။

သုမောင်ဟာ အချစ်ဝတ္ထုတွေရေးတဲ့ နေရာမှာ နာမည်ကျော်ပေါ့ခင်ဗျ။ ဘကြီးမိုး ပြောပြတဲ့ အင်္ဂလိပ်ဝတ္ထုဇာတ်လမ်းတချို့ကို လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်မှာ နားထောင်ပြီး သူ့ဘာသာ သူ ဇာတ်ဖွဲ့ပြီး ရေးဖူးပါတယ်။ တစ်အုပ် ဆိုရင် ဖောင် မပြည့်လို့ဆိုပြီး ဘကြီးမိုးက တောင် တစ် ဖောင်လောက် အမှာစာရေး ပေးလိုက်ရသေး၊ သုမောင်ဟာ အချစ်ဝတ္ထု ရေးရာမှာသာ နာမည်ကြီးတာ မဟုတ်ပါ ဘူး။ အကြောင်းအရာပေါင်းစုံကို ပေါ့ပေါ့ပါးပါးနဲ့ ကွမ်းစကား လို ဆောင်းပါးတွေ ရေးရာမှာလည်း နာမည်ကြီးပဲခင်ဗျ။ ဒါ့ ကြောင့် သုမောင်ဟာ ဘကြီးမိုးကို အမြဲညှိပါတယ်။ သူ့အစ်ကို မောင်ဝဏ္ဏတို့ သူ့ ညီငယ် ကိုဉာဏ်တို့ဟာ ဒဿနဘဲတွေ၊ အစ်ကိုတို့ ကျွန်တော်တို့လို ပေါ့ပေါ့ပါးပါး ရေးတတ်တာ မဟုတ်ဘူးဆိုပြီး ပြောလေ့ရှိပါတယ်။ ဘကြီးမိုးကလည်း သုမောင်လို ပေါ့ပေါ့ပါးပါးတွေ ရေးတတ်သူကိုး။ သု မောင်ရဲ့ ရုပ်က မချောပေမဲ့ သရုပ်ဆောင် ရာမှာ နာမည်ကြီးပါပဲ။ ထို့အတူ အဆိုမှာလည်း နာမည်ကျော်ပေါ့ခင်ဗျ။

ဆရာသာဓု သားတွေထဲမှာ ဗလကြီးအရင်ဆုံးပါတယ်။ နောက် ဝဏ္ဏ။ ဝဏ္ဏရဲ့ ဇနီး ချိုရည်က ဝဏ္ဏရဲ့နောက် လေးလအကွာမှာ လိုက်ပါသွားပါတယ်။ နောက်ဆုံး လိုက်ပါသွားသူက အာယု ဖြစ်ပါ တယ်။ အာယု ဆုံးတာကို ဘကြီးမိုး မသိလိုက်ရပါ။ ဝဏ္ဏအိမ်မှာ အမြဲတွေ့ရတဲ့ အာယုကို ဘကြီးမိုးက ဆရာသာဓုနဲ့ တစ်ပုံတည်းပဲလို့ အမြဲ ပြောဖူးပါတယ်။ သူလည်း အနုပညာလောကမှာ နာမည် ကြီး နာမည်ကျော်ပေါ့။“မောင်” ဆိုတဲ့ သူ့သီချင်းဟာ အားလုံး ပါးစပ်ဖျားမှာ ရေပန်းစားလှပါတယ်။

အာယု ဗီဒီယိုကားတွေ  အတော်ရိုက်တယ် ပြောပါတယ်။ ဘကြီးမိုး ဗီဒီယိုတွေ မကြည့်ဖြစ်တော့ မသိရပါဘူး။ ကောင်းမှာတော့ သေချာတယ်။ အာယုပဲလေ။

ကိုဉာဏ် (မင်းလူ) ကတော့ စာရေးဆရာအဖြစ်နဲ့ အကြောင်းအရာစုံသူဖြစ်ပြီး အကောင်းဆုံး အများဆုံး ရေးသားနိုင်တဲ့သူ ဖြစ်ပါတယ်။ ဘကြီးမိုးကို ချစ်ခင်သူ ဖြစ်ပြီး ကြုံတိုင်း ဆေးဝါးများ ဝယ်ပေးလေ့ ရှိပါတယ်။ ဒေါ်ကလျာရဲ့ အမျိုး သမီး အုပ်စု ဝိုင်းထဲမှာ ယောကျာ်းသားဆိုလို့ မင်းလူနဲ့ ဘကြီးမိုး နှစ်ယောက်ပဲ အမြဲပါပါတယ်။ မင်းလူက အဲသည်အမျိုးသမီး စာရေးဆရာမကြီးငယ်တွေကို သူ့စာတွေထဲမှာ ထည့်ပြီး အမြဲ နောက်ပြောင်ရေးလေ့ရှိပါတယ်။

မင်းလူ ဟာသတွေ ဘယ်လောက်များများ ရေးခဲ့သလဲဆိုတာ ခေါင်းအုံးလောက်ထူတဲ့ ရယ်မောခြင်းပေါင်းချုပ်ကို ကြည့်ပါ။ သူ့ဝတ္ထုပေါင်းချုပ်စာအုပ်ကြီး ထွက်သလို မင်းလူ မဂ္ဂဇင်းဆိုပြီး စာတွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေ၊ မဂ္ဂဇင်းတွေ ပေါင်းထုတ်ထားတာလည်း အကြီးကြီးပဲ ခင်ဗျ။ မြန်မာ့ခေတ်ပေါ် စာပေနယ်မှာ မင်းလူရဲ့စာတွေကို အားကျလိုက်ရေးတဲ့သူတွေအများကြီးမှ အများကြီးပါပဲခင်ဗျ။

တစ်ယောက်တည်း ကျန်ခဲ့တဲ့ ရူပက တော့ အားကစားသမား၊ ဘောလုံးသမား။ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ဘောလုံးကန်တယ်၊ မင်းသားအဖြစ် ရုပ်ရှင်ရိုက်တယ်။ အဲ ရူပကို သူ့အဖေ၊ သူ့အစ်ကိုတွေ မင်းသားတင် မရိုက်ခင်ကပဲ ဘကြီးမိုး ရဲ့ မမလေးပန်စရာ ဇာတ်ကားမှာ ချိုပြုံးနဲ့ တွဲပြီး ပလေး ဘက်သီချင်းသီဆိုရင်း ရိုက်ကူးဖူးပါတယ်။ ရူပကိုတော့ သူ့လက်ဖက်ရည်ဆိုင်မှာပဲ ဆုံဖြစ်ပြီး ဘယ်အရက်ဆိုင်မှာမှ မဆုံဖူးပါ။

ဘကြီးမိုးနဲ့ အတွဲမိဆုံးကတော့ ဝဏ္ဏပါပဲ။ ရူပ်ကလည်း တူတယ်၊ နှုတ်ခမ်းမွေးထားတာချင်းလည်း တူတယ်။ ရန်ကုန်မှာရော မန္တလေးမှာရော အမြဲ အရက်အတူ သောက်ဖူး တယ်။ အမြဲ အလွန်အကျွံတွေချည်းပါပဲ။ ကလျာမဂ္ဂဇင်းမှာ ဝဏ္ဏအယ်ဒီတာလုပ် တော့ ဘကြီးမိုး စာဝင် ရေးဖို့ ကြိုးစား တယ်။ မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ ကလျာမဂ္ဂဇင်းကို ဘကြီးမိုး တစ်နှစ်ကိုင်ပေးရစဉ်က ဝဏ္ဏရော သူ့သား ဓာတ်ခဲ (ဥက္ကာ) ပါ လာပြီး ကူလုပ်ဖူးပါ တယ်။

ဝဏ္ဏဟာ စိတ်ရောဂါဆေးရုံကြီးမှာ အရက်သွားဖြတ်တော့ သူ့မှာ အရူးလိုင်စင်ရှိတယ်။ ဝဏ္ဏက သူ့မှာ အရူးလိုင်စင် ရထားတော့ လူသတ်ခွင့်ရှိတယ်လို့လည်း ပြောတယ်ခင်ဗျ။ စိတ်ရောဂါကုသနေရစဉ် မောင်ဝဏ္ဏရဲ့ အချစ်ဝတ္ထုတွေဟာ သိပ်ကောင်းပါတယ်။ ထူးထူးဆန်းဆန်း ဝဏ္ဏကွယ်လွန်ပြီးမှ ထွက်လာတဲ့ ဒုက္ခကို မြိန်ရေရှက်ရေ ခံစားနေတဲ့ မောင်ဝဏ္ဏဆိုတဲ့ ဘာ သာရေးဆိုင်ရာ စာအုပ်ကလည်း ကောင်းမှ ကောင်းပါပဲ။ သူဘာသာရေးစာပေတွေ ဘယ်လောက် ဖတ်ရှုထားတယ်ဆိုတာတွေကို သိရတဲ့အပြင် ဗုဒ္ဓဘာသာကို ချဉ်း ကပ်ပုံပါ ရေးထားတာ တအံ့တဩ တွေ့ရပါတယ်။

ဝဏ္ဏတို့ ချိုရည်တို့အတွက် ဆွမ်းဆက်ကပ်လှူဒါန်းတဲ့ပွဲကို မိုးညှင်း ဝိပဿနာ ကျောင်းတိုက်မှာ ပြုလုပ်ပါ တယ်။ ဖိတ်စာကို ဓာတ်ခဲ (အဲလေ ဥက္ကာ ကိုယ်တိုင်) လာ ဖိတ်ပါတယ်။ ဘကြီးမိုး တို့သားအဖ သွားတော့ ဝါနုအပါအဝင် ကလေးတွေ အားလုံး နဲ့ တွေ့ရပါတယ်။ ဆွမ်းကပ် တရားနာအခမ်းအနားမှာ ဘကြီးမိုး မိသားစုတွေအားလုံး ကြမ်းပေါ်မှာထိုင် တရားနာနေရ ချိန်မှာ ဘကြီးမိုးတစ်ယောက်ပဲ ကြမ်းပေါ် မထိုင်နိုင်လို့ ကုလားထိုင်နဲ့ထိုင်ပြီး တရား နာခဲ့ရပါတယ်။ မောင်ဝဏ္ဏ ၊ ချိုရည်တို့ကို လည်း အမျှအတမ်း ဝေခဲ့ရပါတယ်။

မောင်ဝဏ္ဏ+ချိုရည်တို့ရဲ့ ဆွမ်းကပ် နှင့် ဘကြီးမိုးပါ။

ဘကြီးမိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts