နိုင်ငံတကာရေးရာ

ပြည်ပကဧည့်သည်များအပေါ် သမ္မတကြီးထရန့်၏ ပြည်ဝင်ခွင့်ပိတ်ပင်မှု အမေရိကန်သားများ ကန့်ကွက်ရှုံ့ချ

 
ပြည်ပကဧည့်သည်များအပေါ် သမ္မတကြီးထရန့်၏  ပြည်ဝင်ခွင့်ပိတ်ပင်မှု အမေရိကန်သားများ ကန့်ကွက်ရှုံ့ချ
(မိုးမခ) ဇန်န၀ါရီ ၂၉ ၊ ၂၀၁၇

၎င်း၏ သဘောထားချင်း မတိုက်ဆိုင်သူများအပေါ် သဘောထားတင်းမာတဲ့ တုန့်ပြန်မှုတွေ ထုတ်ဖော်တတ်တဲ့ သမ္မတအသစ် ဒေါ်နယ်ထရန့်က မက္ကဆီကိုတွေကို တံတိုင်းဆောက်ပြီး တားဆီးမယ်လို့ ပြောပြီး နောက်တရက်မှာပဲ ပြည်ပက ၀င်ရောက်နေတဲ့ မူဆလင်တွေ၊ ဒုက္ခသည်တွေ ၀င်ရောက်မှုကို တားဆီးလိုက်ပါတယ်။ မူဆလင်တွေဆိုတာမှာ ဘာသာရေး အစွန်းရောက်အကြမ်းဖက်အုပ်စုတွေ ခိုလှုံရာ၊ လှုပ်ရှားနေရာ အရှေ့အလယ်ပိုင်းတိုင်းပြည်တွေ (အီရန်၊ အီရတ် အပါအ၀င်) က ဗီဇာနဲ့ ၀င်ရောက်လာတဲ့ ဧည့်သည်တွေကို လေဆိပ်မှာ ထိန်းသိမ်းပြီး အထူးစစ်ဆေးခြင်း နဲ့ အဆိုပါ တိုင်းပြည်တွေက နိုင်ငံရေးဒုက္ခသည်တွေ ၀င်ရောက်မှုကို ရက်အကန့်အသတ်နဲ့ ဆိုင်းငံ့လိုက်ခြင်း ဖြစ်ပါတယ်။

အခုလို ပြည်ပက ဧည့်သည်တွေ ဒုက္ခသည်တွေကို တားမြစ်တာဟာ အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်တယ်၊ လူ့အခွင့်အရေး နိုင်ငံသားအခွင့်အရေး ချိုးဖောက်မှုဖြစ်တယ် အမေရိကန်ပြည်သူတွေအတွက် အရှက်ရစရာ ကျူးလွန်မှုဖြစ်တယ်ဆိုပြီး အမေရိကန်မြို့ကြီးတွေမှာ ပြည်သူတွေက ဆန့်ကျင်ဆန္ဒပြကြပါတယ်။

ဆန်ဖရန်စစ္စကိုလေဆိပ်မှာဆိုရင် ထောင်နဲ့ ချီတဲ့ ပြည်သူတွေက သွားရောက်စုဝေးကြပြီး ထရန့်ကို ကန့်ကွက်ဆန္ဒပြတာနဲ့ အတူ အထိန်းသိမ်းခံထားရတဲ့ ပြည်ပက ၀င်ရောက်သူ ဧည့်သည်တွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ နယူးယောက်လေဆိပ်မှာ အတားမြစ်ခံရသူ မူဆလင်ဧည့်သည်တွေအတွက် လူတွေက ကန့်ကွက်ကြသလို၊ နယူးယောက် ပြည်ထောင်စုတရားသူကြီးက ထရန့်အမိန့်ဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ချက်ချပြီး ထရန့်အမိန့်ကို ပြန်လှန်တားမြစ်ထားပါတယ်။

လက်ရှိမှာတော့ သမ္မတကြီး ဒေါ်နယ်ထရန့်ရဲ့ တချက်လွှတ်အမိန့်တွေကြောင့် တိုင်းပြည်တွင်းမှာ စိတ်ဝမ်းကွဲပြားမှုတွေ ပိုမို ဖြစ်ပေါ်စေပါတယ်။

ထရန့်ကတော့ ရပ်ဦးမှာ မဟုတ်ပါဘူး။ အိုင်းဇစ်လို ဘာသာရေးအစွန်းရောက်အကြမ်းဖက်တွေ အမြစ်ပြတ်အောင် ချေမှုန်းဖို့ အမေရိကန်စစ်ဌာနချုပ် (ပင်တဂွန်) က ဗိုလ်ချုပ်ကြီးတွေကို ရက်အနည်းငယ်အတွင်း အဖြေရှာ တင်ပြဖို့ အမိန့်ထပ်ထုတ်ထားပြန်ပါသတဲ့။

ထရန့်က အမိန့်တွေ မျိုးစုံသာ ထုတ်နေတာ၊ သူရဲ့ လက်ရှိ အစစ်ဆေးခံနေရတဲ့ ၀င်ငွေခွန်ကို အများပြည်သူ သိအောင် ထုတ်ပြန်ဖို့ကို ငြင်းဆန်နေဆဲပါပဲ။ ယခုအချိန်မှာ သမ္မတကြီး ထရန့်ရဲ့ ၀င်ငွေ ဘယ်လောက်ရှိသလဲဆိုတာ လူအများသိရှိအောင် ထုတ်ပြန်ဖို့ အမေရိကန်ပြည်သူတွေက လက်မှတ်ထိုးတောင်းဆိုနေကြပြီ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts