သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တရုတ်


မောင်မောင်စိုး – ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တရုတ်
(မိုးမခ) ဇန်န၀ါရီ ၂၇၊ ၂၀၁၇

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း နိုင်ငံတကာပါဝင်မှု

သမ္မ္မတဟောင်းဦးသိန်းစိန်လက်ထက်ကစတင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကထဲကပင် နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှု ကို တွေ့ရ သည်။ ထိုစဉ်က ပတ်သက်ပုံ အခြေခံအားဖြင့် ၂ မျိုးရှိသည်။

ပထမတမျိုးမှာ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂနှင့် တရုတ်မှ လေ့လာသူ ကိုယ်စားလှယ်များ တက်ရောက်ခြင်းဖြစ်သည်။ အစိုးရနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ပြု လုပ်သည့်ဆွေးနွေးပွဲများတွင် ဖြစ်စေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သီးသန့်လုပ်သည့် အစည်း အဝေးများတွင်ဖြစ်စေ ကုလသမဂ္ဂနှင့် တရုတ်ပြည်မှ အထူးသံတမန်များ တက်ရောက်လေ့ရှိကြသည်။ ကုလသမဂ္ဂမှ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား တက်ရောက်လေ့ရှိပြီး တရုတ်ကိုယ်စားလှယ်အဖြစ် အာရှရေးရာ အထူးသံတမန်ဖြစ်သူ တက်ရောက်လေ့ရှိသည်။ လက်ရှိ တရုတ်သံတမန်မှာ မစ္စတာဆွန်ကော့ရှန်ဖြစ်ပါသည်။

နောက်တမျိုးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အလှူ ရှင်အဖြစ် ပါဝင်ခြင်းဖြစ်သည်။ ဦးသိန်းစိန်လက်ထက် ထူထောင်ထားသည့် MPC ခေါ် မြန်မာ့ငြိမ်းချမ်းရေးဗဟိုဌာန နှင့် သူ၏လုပ်ငန်းဆောင်တာများသည် ဥရောပ
မှ အလှူ ရှင်များ၏ ထည့်ဝင်ငွေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ များပြားလှသော အစည်းအဝေးများ၏ ကုန်ကျစားရိတ်များ ခရီးစာရိတ်များသည် နိုင်ငံခြားအလှူ ရှင်များ၏ အလှူ ငွေများဖြင့်လည်ပတ်ပါသည်။

အလှူ ငွေထည့်ဝင်ထောက်ပံ့ခြင်းသည် အစိုးရထံသို့သာမက တိုင်းရင်းသားအဖွဲ့များထံသို့လည်း တိုက်ရိုက်ထောက်ပံ့သည်လည်း ရှိသည်။ ဂျ ပန်နိပွန်ဖေါင်ဒေးရှင်းသည် KNU ဒေသ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ငွေကြေးထောက်ပံ့ ကူညီလျက်ရှိသည်။ အလားတူပင် အစိုးရနှင့် ဆွေးနွေးဆဲဖြစ်သည့် UNFC အဖွဲ့အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကုန်ကျစာရိတ်များကို နိုင်ငံရပ်ခြား အလှူ ရှင်များ အထူးသဖြင့် အနောက်က ထောက်ပံ့ကူညီလျက်ရှိသည်။ ထို့သို့ ကူညီသည့်အဖွဲ့များတွင် စဝ်ဟန်ညောင်ဝေ၏ EBO ဥရောပဗမာပြည်ဆိုင်ရာရုံးလည်း ပါဝင်သည်။

လက်ရှိ NLD အစိုးရသစ်လက်ထက်တွင်လည်း ထိုအကူအညီ အထောက်အပံ့များ ဆက်လက် ပေးအပ်ဆဲဖြစ်သည်။ ထို့အတူ ယခုအခါ တရုတ်ကလည်း ကုလသမဂ္ဂမှတဆင့် JMC အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်ရေးလုပ်ငန်းစဉ်အတွက် အလှူ ငွေ ကူညီထောက်ပံ့မှု ပြု နေဆဲဖြစ်သည်။ ထို့ပြင် ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးမှု များအား ၎င်းတို့နိုင်ငံများတွင် ပြု လုပ်ခြင်းအား ခွင့်ပြု ခဲ့သည်။

သို့ဖြစ်ရာ ယခုအချိန်ထိ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကုလသမဂ္ဂ၊ အမေရိကန်၊ ဂျပန်၊ ဥရောပ၊ ထိုင်း နှင့် တရုတ်တို့သည် လေ့လာသူအဖြစ်၎င်း ဘဏ္ဏာရေးဆိုင်ရာ ထောက်ပံ့ကူညီသူများအဖြစ်၎င်း တရားဝင် ပါဝင် ပတ်သက်နေသည်ကို တွေ့ရပါသည်။ ဤသို့ တရားဝင် ပါဝင် ပတ်သက်နေသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကြားဝင်စေ့စပ် ညှိနှိုင်းပေးသူများအဖြစ်တော့ တရားဝင်  ပါဝင်ခွင့်မရှိပေ။ သို့သော် ၎င်းတို့ ပါဝင်ပတ်သက်မှု အရ နေရာထိုင်ခင်း သွားလာခွင့် ဘဏ္ဏာရေးစသည့် ၎င်းတို့ပါဝင်ကူညီပေးသည့် အခြေခံများအပေါ်မှ ၎င်းတို့၏အာဘော်နှင့် ၎င်းတို့၏ရည်မှန်းချက်များ ပေါက်မြောက်အောင် တွန်းအားပေး လုပ်ဆောင်ဘွယ်ရှိသည်ဟုသာ ယူဆရပါသည်။

နယ်စပ်အခြေပြု တိုင်းရင်းသားလက်နက်ကိုင်များ

မြန်မာပြည်ရှိ ပြည်နယ်များတွင်အခြေပြု သည့် တိုင်းရင်းသားလက်နက်ကိုင် အများစုသည် နယ်စပ်ဒေသများနှင့် ကင်းကွာမရပေ။ နယ်စပ်ဒေသနှင့်ကင်းကွာသော အဖွဲ့များကလည်း နယ်စပ်ဒေသရှိ အဖွဲ့များနှင့် ဆက်ဆံရေး ကောင်းမွန်အောင် ချိတ်ဆက်ထားကြသည်။ သို့မှသာ စစ်ရေးအရ ခံစစ်ဆင် နိုင်ရန်၎င်း စစ်လက်နက်မှောင်ခိုဈေးကွက်နှင့် ဆက်စပ်နိုင်ရန်၎င်း အဆင်ပြေ ချောမွေ့နိုင်မည်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုသည် ထိုင်းနှင့် တရုတ်နယ်စပ်များတွင် အခြေပြု ကြသည်။ ထိုနိုင်ငံများသည် စောစောပိုင်းက မြန်မာ အစိုးရများနှင့် ဆက်ဆံရေးမကောင်းခဲ့ကြပေ။ ထိုသို့သော အခြေအနေအောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိနေခြင်းသည် ၎င်းတို့၏ နိုင်ငံများလုံခြုံ ရေးအတွက် ကြားခံလုံခြု ရေးဇုံတခုကဲ့သို့ ဖြစ်နေပေရာ ၎င်းတို့အတွက် အကျိုးရှိသော အခြေအနေဟုဆိုရမည်။ ထို့ကြောင့်လည်း နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်၍ ပျော့ပြောင်းသော သဘောထား ထားရှိခဲ့ကြသည်။ အတိုင်းအတာအကန့်အသတ်ဖြင့် ကူ ညီခဲ့ကြသည်ကို တွေ့ရသည်။

သို့သော် ဒုတိယကမ္ဘာစစ်အပြီး အစောပိုင်းကာလများနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်စီးပွါးရေး တိုးချဲ့လာသည့် နောက်ပိုင်းကာလများတွင် ကွာခြားလာခဲ့သည်။ ဖြစ်ထွန်းတိုးတက်လာသော နယ်စပ်ကုန်သွယ်ရေး၊ နိုင်ငံဖြတ်ကျော် ကုန်သွယ်မှု များအတွက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးသည် လိုအပ်ချက်ဖြစ်လာရာ ထိုင်းနိုင်ငံရော တရုတ်တို့ပါ ထိုကိစ္စအား ပြောင်းလဲ စဉ်းစားလာသည်ကို တွေ့ရသည်။

သူတို့အတွက် စဉ်းစားစရာပြသနာမှာ နယ်စပ်ဒေသ မြန်မာပြည်တွင်းရှိ တိုင်းရင်းသားဒေသများသည် ထိုင်း တရုတ်နိုင်ငံတို့နှင့်စာလျင် များစွာ ခေတ်နောက်ကျနေသည့် အပြင် ဒေသခံတိုင်းရင်းသားတို့ အခွင့်အရေးများ ဆုံးရှုံးနေသည်ကို သူတို့သိပြီးဖြစ်သည်။ နယ်စပ်တလျောက် လက်နက်ကိုင် တိုက်ခိုက်နေသော တိုင်းရင်းသားများသည် သူတို့၏ နိုင်ငံတွင်းတွင်လည်း များစွာရှိနေသည်။ ဥပမာ ထိုင်းနိုင်ငံအတွင်း၌ ကရင်၊ မွန်၊ ကရင်နီ လူမျိုးများရှိနေသကဲ့သို့ တရုတ်နိုင်ငံတွင်း၌လည်း ရှမ်း၊ ကချင်၊ တအန်းပလောင်၊ ကိုးကန့်၊ တရုတ်၊ ဝ၊  အခါ စသည့်လူမျိုးများနှင့် ထိုလူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများရှိနေသည်။ သို့ဖြစ်ရာ မြန်မာပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပတ်သက်၍ သူတို့သဘောထားကို ဖေါ်ပြလုပ်ဆောင်ရာတွင်  သူတို့နိုင်ငံတွင်းရှိ တိုင်းရင်းသားများအား ဂယက်ရိုက်မှု မရှိအောင် ဂရုစိုက်ကိုင်တွယ်ရန် လိုအပ်ပေသည်။ တရုတ်ဖြစ်စေ ထိုင်းဖြစ်စေ လက်လွတ်စပယ် ကိုင်တွယ်၍ မရပေ။

ထိုင်းနယ်စပ်နှင့် ဂျပန်

ထိုင်းနယ်စပ်တလျောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဂျပန် နိပွန်းဖေါင်ဒေးရှင်းမှ တက်တက်ကြွကြွ ပါဝင်ပတ်သက်နေပြီး KNU အားလည်း အကူအညီများ ပေးနေသည်ကိုတွေ့ရသည်။ လက်ရှိအချိန်တွင် KNU သည် NCA လက်မှတ်ထိုးထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသည်။

ဂျပန်တို့အဖို့ ထိုင်းနိုင်ငံတွင် စက်မှု လက်မှု လုပ်ငန်းများစွာ ရင်းနှီးမြှု ပ်နှံထားသည်။ ၎င်းတို့၏ ထုတ်ကုန်များကို ထိုင်းမြန်မာနယ်စပ်မှ မြန်မာပြည်တွင်းသို့ အလုံးအရင်းနှင့် ပို့နိုင်ရန် နယ်စပ် တည်ငြိမ်အေးချမ်းဘို့ လိုသည်။ တကယ်တမ်းဆိုလျင် ဂျပန်တို့အဖို့ မြန်မာပြည်တွင် ရင်းနှီးမြှု ပ်နှံရန်မှာ မည်မျှဆန္ဒရှိသည်ဖြစ်စေ လတ်တလော၌ သီလဝါ စက်မှု ဇုံ စတင်နေသည် ဆိုသော်လည်း အရှိန်အဟုန်မြှင့် မြှု ပ်နှံရန်မှာမူ မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည် အခြေခံအဆောက်အအုံတခုဖြစ်သည့် လျပ်စစ်ဓါတ် လိုအပ်ချက်ပြည့်မှီရေးကို လာမည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း ဆောင်ရွက်ရန် များစွာ လိုအပ်နေသေး၍ဖြစ်သည်။

ထို့ကြောင့်လည်း ဂျပန်တို့အဖို့ ထိုင်းနိုင်ငံရှိ သူတို့၏စက်မှု ထုတ်ကုန်များအား မြန်မာပြည်သို့ လွယ်ကူစွာပို့ဆောင်ရေးသည် ရှေးဦးလိုအပ်ချက်ဖြစ်သည်။ သို့အတွက် နယ်စပ်တည်ငြိမ်ရေးသည် လိုအပ်လာသည်။ ယခင်က ကော့ကရိတ်မှ မြဝတီသို့ ဒေါနတောင်ကျော်ခရီးသည် အတက်တရက် အဆင်းတရက်ဖြင့် ကြန့်ကြာခဲ့သည်။ ယခု ဒေါနတောင်ပတ်လမ်း ဖေါက်လုပ်ပြီးနောက် တစ်နာရီသာ သွားရသည့်ခရီးဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း ဂျပန်တို့ ထိုင်းမြန်မာနယ်စပ် ငြိမ်းချမ်းရေးတွင် တက်ကြွစွာပါဝင်ခဲ့ပုံရသည်။

တရုတ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

တရုတ်တို့သည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လေ့လာသူအဖြစ် စောစွာကတည်းက ပါဝင်ခဲ့သော်လည်း တက်ကြွသည့်အခန်းက ပါဝင်ခဲ့ခြင်းတော့မရှိပေ။ နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ်သက်သဘောထားမှာလည်း စောစွာကတည်းက ထားရှိခဲ့ကြသော ကြားခံ လုံခြုံ ဟူသည့် လုံခြုံ ရေးဆိုင်ရာအယူအဆသည်လည်း ကျန်ရှိ၍နေသည်။ ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ပြီးနောက် ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များအပေါ်သို့ အနောက်၏ သြဇာစိမ့်ဝင်လာသကဲ့သို့ တရုတ်နယ်စပ်ရှိ တိုင်းရင်းသား အဖွဲ့များဆီသို့ အနောက်သြဇာ စိမ့်ဝင်လာမည်ကို စိုးရိမ်မှု ရှိပုံရသည်ဟု ဆိုရမည်။

ထို့ပြင် ၂၀၁၅ နှစ်ဆန်းတွင် ဖြစ်ပွါးခဲ့သော့ ကိုးကန့်ဒေသတိုက်ပွဲများနှင့် ပတ်သက်၍ တရုတ် ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့သည်။ မြွေမသေ ဒုတ်မကျိုး လုပ်ခဲ့သည်။ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တက်တက် ကြွကြွ ပါဝင်ခြင်း မရှိခဲ့ပေ။ သို့သော် ၂၀၁၆ နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်သော ရှမ်းပြည်မြောက်ပိုင်းစစ်ပွဲများတွင်တော့ တရုတ်တို့အဖို့ မြွေမသေ ဒုတ်မကျိုး လုပ်၍ မရနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအကြိမ်တိုက်ပွဲသည် မူဆယ် ရွှေလီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ဖြစ်ပွါးလာ၍ဖြစ်သည်။ စစ်ပွဲများ မရပ်တန့်နိုင်က အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံ မှု နှင့် တည်ငြိမ်မှု မရှိနိုင်သည်ကို တရုတ်တို့ ကောင်းစွာသိသည်။

ထို့ကြောင့် အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွါးခြင်းသည် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် မရှိသည့် ကိုးကန့်ဒေသ ဝ ဒေသတို့နှင့်မတူပေ။ လက်ရှိတိုက်ပွဲဖြစ်ပွါးဖြစ်ပွါးနေသော နေရာသည် လတ်တလော နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသကဲ့သို့ တရုတ်တို့၏ရေရှည်စီမံကိန်းဖြစ်သည့် ပိုးလမ်းခါးပတ် စီမံကိန်းအတွက် အရေးပါသည့်ဒေသဖြစ်ပေသည်။ သို့ဖြစ်ရာ တရုတ်တို့အဖို့ ၎င်းတို့နယ်စပ်လုံခြုံ ရေး ၎င်းတို့နယ်မြေအတွင်းသို့ ကျည်ဆံ အမြောက်ဆံကျသည်ထက် ပို၍ အရေးကြီးသောပြသနာဖြစ်လာသည်။

သို့ဖြစ်ရာ တရုတ်မည်သို့ပါဝင်မည်နည်းဆိုသည်နှင့်ပတ်သက်၍ စဉ်းစား တွက်ချက်နေကြပေတော့သည်။ ဘက်နှစ်ဖက်လုံးအတွက် တရုတ်သည် မဲတင်းပေးမည့် ပါဝါဖြစ်ပေရာ  တရုတ် ဘယ်ဘက်လိုက်မည်နည်းဆိုသည်က အရေးပါနေပုံရသည်။

မိမိတစ်ဦးချင်းအရမူ အောက်ပါအချက်များကြောင့် တရုတ်သည် ကြားနေသည့် အနေအထားကို ဆုပ်ကိုင်ပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တွန်းတွန်းတိုက်တိုက်တက်ကြွသည့် မူဝါဒကို ကျင့်သုံးလာဘွယ် ရှိပေသည်။

မြောက်ပိုင်းစစ်ပွဲများဖြစ်ပွါးပြီးမကြာမှီ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့တွင် တရုတ် မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီး ၂ ခုစီပါဝင်သည့် ၂+၂ ဆွေးနွေးပွဲတရပ်ကို နေပြည်တော်တွင်ပြု လုပ်ခဲ့သည်။ ၎င်းအစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးပြသနာသည် ရှေ့တန်းရောက်သည့် ပြသနာဖြစ်ခဲ့သည်။ ထို့ပြင် အဆိုပါ ၂+၂ အစည်းအဝေးများကို ပုံမှန် ကျင်းပသွားကြမည်ဟုဆိုပါသည်။

တရုတ်ပြည်ကွန်မြူ နစ်ပါတီ၏ အာဘော်ဟုဆိုသော ဂလိုဘယ်တိုင်းတွင်လည်း မြန်မာပြည်မြောက်ပိုင်းစစ်ပွဲနှင့်ပတ်သက်သော သဘောထားများကို ဖေါ်ပြသည့် ဆောင်းပါးများပါဝင်လာခဲ့သည်။ အထက်ပါဆွေးနွေးပွဲများ နှင့် ဆောင်းပါးများပါ အချက်အလက်များအရ တရုတ်တို့သည် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါဝင်တော့မည်ဟု သုံးသပ်ရ သည်။ တရုတ်တို့အနေနှင့် တဖက်က မြန်မာအစိုးရနှင့် ဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တိုးမြှင့်ရေး တည်ငြိမ်ရေးနှင့် ပိုးလမ်းခါးပတ် စီမံကိန်းအား ဆက်လက် အကောင်အထည် ဖေါ်သွားမည်ဖြစ်သကဲ့သို့ လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်နေသော အဖွဲ့အားလုံးအားလည်း ဆွေးနွေးပွဲစားပွဲဝိုင်းဆီသို့ ရောက်ရှိစေရန်တွန်းအား ပေးဆောင်ရွက်သွားဘွယ်ရာရှိပါသည်။

တရုတ်တို့အနေနှင့် လက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်နေသောအဖွဲ့အားလုံးအား ဆွေးနွေးပွဲစားပွဲဝိုင်းသို့ရောက်ရှိရေးအတွက် မြန်မာအစိုးရအား တွန်းအားပေးဆောင်ရွက်ဘွယ်ရှိသကဲ့သို့ တိုင်းရင်းသားအဖွဲ့များ၏တောင်းဆိုချက်များနှင့် ပတ်သက်၍ လွယ်ကူသည်က အစပြု ရန်နှင့် လက်တွေ့မကျသော စဉ်းစားမှု များကို စွန့်လွှတ်ရန် တွန်းအားပေးဘွယ်ရှိသည်။ တဖက်ကလည်း မြန်မာ့တပ်မတော်အနေနှင့် NLD အစိုးရနှင့် ပူးပေါင်းပြီး ငြိမ်းချမ်း လုပ်ငန်းစဉ်ဆောင်ရွက်ရန် စစ်ရေးဖိအားပေးသည့်နည်းကို စွန့်လွှတ်ရန် တွန်းအားပေးဘွယ်ရှိပါသည်။ တရုတ်တို့အနေနှင့် တဖက်ဖက်က ရပ်တည် မည်ဆိုသည့်အခြေအနေ မရှိချေ ။ လက်ရှိအခြေအနေအရ တရုတ်တို့အနေဖြင့် တဖက်ဖက်က ရပ်တည်ခြင်းသည် အကျိုးမရှိချေ ။ ဖက်အားလုံးက လက်သင့်ခံနိုင်သည့် ဖက်အားလုံးအကျိုးရှိသည့် အခြေအနေတရပ်ကို ဖေါ်ဆောင်နိုင်ရန် ကြားဝင် ၍ တက်ကြွစွာ တွန်းအားပေး ညှိနှို င်းဆောင်ရွက် ဖွယ်ရှိသည်ဟု သုံးသပ်ရ ပါသည်။

တရုတ်၏လက်တွေ့ခြေလှမ်း

ရှမ်းပြည် မြောက်ပိုင်း၌ စစ်ပွဲများပြင်းထန်နေစဉ်မှာပင် ဒေါက်တာ တင်မျိုးဝင်းခေါင်းဆောင်သော ငြိမ်းချမ်းရေးကော်မရှင်သည် တရုတ်ပြည် ဖိတ်ကြားချက်အရ တရုတ်ပြည်ခရီးစဉ်သည် ၂၀၁၆ နိုဝင်ဘာ ၂၆ ရက်နေ့တွင် စတင်ပါသည်။ လွန်ခဲ့သောတစ်လခန့်ကထဲက စီစဉ်ထားသော ခရီးစဉ်ဖြစ်ပေရာ စစ်ပွဲကာလနှင့် တိုက်ဆိုင်သွားသည်ဟု ဆိုရပါမည်။

ထိုသို့တိုက်ဆိုင်သွားသည့်ခရီးစဉ်တွင် ငြိမ်းချမ်းရေးကော်မရှင်မှ စုံစုံ ညီညီပါသွားသည်ဖြစ်ရာ ထိုအခွင့်အခါကိုယူ၍ မြောက်ပိုင်းပဋိပက္ခကို ဆွေးနွေးဖြေရှင်းနိုင်ရန် တရုတ်တို့စီစဉ်ပေးခဲ့သည်ကို တွေ့ရသည်။ တရုတ်
နယ်စပ်တွင်ရှိသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့အား ယူနန်ပြည်နယ် ခွင်းမင်းမြို့ တော်သို့ ခေါ်၍ ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးရန် ၂၀၁၆ ဒီဇင်ဘာ ၁ ရက်နေ့ ၂ ရက်နေ့များတွင် စီစဉ်ပေးခဲ့သည်။

တရုတ်၏စီစဉ်ပေးမှု ဖြင့် ခွင်းမင်ရောက်လာသော အဖွဲ့ ၆ ဖွဲ့အနက် ငြိမ်းချမ်းရေးကော်မရှင်နှင့် UWSA /NDAA အဖွဲ့ ၂ ဖွဲ့တို့တွေ့ဆုံခဲ့ဖြစ်ခဲ့ကြ သော်လည်း တပ်မတော်နှင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွါးနေသော မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် KIA/ TNLA/ MNDAA/ AA အဖွဲ့ ၄ ဖွဲ့ တွေ့ဆုံပွဲ မဖြစ်မြောက်ခဲ့ပေ။ အဓိကအဖွဲ့ ၄ ဖွဲ့နှင့် တွေ့ဆုံပွဲ မဖြစ်မြောက်သဖြင့် ပွဲစီစဉ် သူတရုတ်တို့ စိတ်ပျက်ဘွယ်ဖြစ်ခဲ့ပုံရသည်။ စူပါ ပါဝါနိုင်ငံများနှင့် ပုခုံးချင်း ယှဉ်နေပြီဖြစ်သည့် တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ခွင်းမင်အထိလာရောက်ပြီး စီစဉ်ခဲ့သော်လည်း ဖြစ်မြောက်ခြင်းမရှိခဲ့သဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးမှ ဆွေးနွေးဖြေရှင်းခြင်းမပြု ပါက မြန်မာပြည်သည် နလံမထူသည့်နိုင်ငံ ( Failed State ) ဖြစ်သွားနိုင်သည်ဟု မှတ်ချက်ပြု ခဲ့သည်ကို ကြားသိရသည်။ ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် လာရောက်စီစဉ်ခြင်းသည် ဤကိစ္စနှင့်ပတ်သက်၍ တရုတ်တို့ မည်မျှအလေးထားသည်ကို ဖေါ်ပြနေခြင်းလည်းဖြစ်သည်ကို ဂရုပြု ကြရန်လိုသည်။

သို့သော် တကြိမ် စီစဉ်ခြင်း ပျက်သွားရုံနှင့် တရုတ်တို့ လက်လျော့ပုံ မရချေ ။ ၂၀၁၆ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့အား တရုတ်ပြည် ယူနန်ပြည်နယ် ခွင်းမင်မြို့ ၌ တရုတ်ကိုယ်စားလည် မစ္စတာ ဆွန်ကော့ရှန်က မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သော KIA/ TNLA/ MNDAA/ AA တို့မှ ကိုယ်စားလည်များအား ခေါ်ယူတွေ့ဆုံခဲ့သည်။ တပ်မတော်က၎င်း၊ တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီအမတ်အများစု ရှိသည့်ရှမ်းပြည်နယ် လွှတ်တော်က၎င်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုသော ထိုအဖွဲ့များကို တရုတ်တို့အနေနှင့် အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ပုံမရဘဲ ဆွေးနွေးပွဲစားပွဲဝိုင်းတွင် ပါဝင်ရမည့်အဖွဲ့များအဖြစ်သဘောထားပြီး ပြသနာကို ဆွေးနွေးဖြေရှင်းရန်လိုသည်ဟု တရုတ်တို့သဘောထားသည်ကို ဖေါ်ပြခြင်းဖြစ်ပုံရပါ
သည်။

ထိုဆွေးနွေးပွဲအပြီး ၂၀၁၆ ဒီဇင်ဘာ ၂၁ ရက်တွင် မြောက်ပိုင်းအဖွဲ့ ၄ ဖွဲ့မှ နိုင်ငံရေး ဆွေးနွေးပွဲများကိုတွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်းထုတ် ပြန်သည်ကို တွေ့ရသည်။ သို့နှင့် တရုတ်ပြည်တွင် မြောက်ပိုင်း ၄ ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်နေကြောင်းသတင်းများ ထွက်ပေါ်လာခဲ့သည်။ ဤအချက်သည် တရုတ်တို့ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လက်မလျော့ဘဲ တွန်းတွန်းတိုက်တိုက် တက်တက်ကြွကြွ ဆက်လက်ပါဝင်မည်ကို ပြသခြင်း ဖြစ်သည်ဟု သုံးသပ်ရပါသည်။

နိဂုံး

သို့ဖြစ်ရာ လက်ရှိမြောက်ပိုင်းစစ်ရေးပဋိပက္ခသည် တရုတ်တို့အား မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါဝင်လာစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်စေသည်ဟုဆိုရမည်။ မြောက်ပိုင်းစစ်ပွဲနှင့်အတူ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်တို့ တက်တက်ကြွကြွ ပါဝင်လာတော့မည်ကို ရှောင်လွှဲ၍ မရနိုင်တော့ဟု သုံးသပ်ရပါသည်။ တရုတ်တို့သည် မြန်မာအစိုးရနှင့်၎င်း တပ်မတော်နှင့် တက်ကြွသော ဆက်ဆံရေးများစွာကို ပြု လုပ်နေသည်နှင့် တပြိုင်တည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါဝင်သွားမည်ဟု သုံးသပ်ရပါသည်။



ပြီးပါပြီ

မောင်မောင်စိုး

နောက်ဆက်တွဲ

ဤဆောင်းပါးမှာ လွန်ခဲ့သော ဒီဇင်ဘာလအတွင်းက ရေးသားခဲ့ပြီး မဖေါ်ပြဖြစ်ခဲ့သော ဆောင်းပါးဖြစ်သည်။ လက်ရှိနောက်ဆက်တွဲဖြစ်ရပ်များ အနေနှင့် ၂၀၁၇ ဇန္နဝါရီလ ၁၀ ရက်နေ့တွင် တရုတ်အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်သည် နေပြည်တော်၌ ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သည်။

၂၀၁၇ ခုနှစ် ဇန္နဝါရီ ၁၇ ရက်နေ့တွင် ဝ နယ် ပန်ဆန်း၌ UWSA မှ ဦးပေါက်ယိုချမ်းနှင့် ဝ ခေါင်းဆောင်များကို သွားရောက်တွေ့ဆုံခဲ့သည်။

၂၀၁၇ ခုနှစ် ဇန္နဝါရီလ ၁၉ ရက်နေ့တွင် ယူနန်ပြည်နယ် ခွင်းမင်မြို့ ၌ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ဖြစ်သော KIA/MNDAA/TNLA/AA တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တရုတ်၏တက်ကြွသွက်လက်သော ခြေလှမ်းများစွာကို မြင်တွေ့နေရပါသည်။

photo credit UWSA 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts