သတင်းဆောင်းပါး သာဂိ နိုင်ငံတကာရေးရာ

မိုက်ခဲစိန် – အမေရိကန်သမ္မတကြီးရဲ့ လူပြိန်းကြိုက် တချက်လွှတ်အမိန့်တော်တွေ



မိုက်ခဲစိန် – အမေရိကန်သမ္မတကြီးရဲ့ လူပြိန်းကြိုက် တချက်လွှတ်အမိန့်တော်တွေ
(မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၁၇

ဇန် ၂၀ မှာ သမ္မတအဖြစ် တင်မြှောက်ပြီးတာနဲ့ တကမ္ဘာလုံးက သူ့ကို ရင်မပြီး ကြည့်နေရတော့တာပဲ။ ပါးစပ်ထဲ ရှိတာတွေ ပြောပြီး လူပြိန်းကြိုက်တွေနဲ့ မဲဆွယ်ပြီး အနိုင်ရလာတဲ့ အမေရိကန်ရဲ့ ၄၅ ကြိမ်မြောက် သမ္မတကြီး ဒေါ်နယ်ထရန့်ပါ။ ဇာတ်သမားပြန်ရင် မှတ်သားစရာကျန် ဆိုသလို ဒေါ်နယ်ထရန့် ပါးစပ်ဟလိုက်တာနဲ့ ပြောစရာတွေ အငြင်းပွားစရာတွေ ကျန်ရစ်သူကြီးပါ။

သူက သမ္မတတက်တက်ချင်းမှာ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အာမခံဥပဒေကို ဖြေလျော့ပေးတယ်လို့ တချက်လွှတ်အမိန့်ထုတ်ပြန်ပါတယ်။ ဆိုလိုတာက ပြည်ထောင်စု၊ ပြည်နယ်နဲ့ တရားရုံးတွေမှာ ဦးတိုက်လျောက်ထားတဲ့ အရေးဆိုထားတာတွေကို ပြန်စဉ်းစားပေးမယ် ပြောတာပါ။ လူတိုင်း ကျန်းမာရေးအာမခံခွင့်ရှိအောင် လုပ်တာဟာ စာရိတ်ကြီးလွန်းတယ်ဆိုရင် တမျိုးတဖုံ စဉ်းစားကြပါစို့လို့ လမ်းဖွင့်တာပါ။ သည်တော့ ကျန်းမာရေးမကောင်း၊ ၀င်ငွေနဲသူတွေဟာ အစိုးရစာရိတ်နဲ့ သက်သာချောင်ချိခွင့်တွေ (မြန်မာလိုဆိုရင် ရှားပါးစာရိတ်) တွေ ဆုံးရှုံးကြဖို့ များပါတယ်။

နောက်တရက်မှာ တချက်လွှတ်အမိန့် (executive order) ကတော့ ကိုယ်ဝန်ဖျက်ချဖို့ ဆောင်ရွက်တာတွေကို ကန့်သတ်တာပါ။ ပြည်ထောင်စုဘတ်ဂျက်နဲ့ မိန်းမတွေ ကိုယ်ဝန်ဖျက်ချခွင့် မရှိအောင် ပြည်ထောင်စုအဆင့် တားမြစ်ထားတာအပြင် အမေရိကန်အဖွဲ့အစည်းတွေဟာ ပြည်ပကရန်ပုံငွေတွေ သုံးပြီး ပြည်ပမှာလည်း ကိုယ်ဝန်ဖျက်ချတဲ့ အကူအညီတွေ ဆောင်ရွက်ခွင့် မရှိစေရလို့ ကန့်သတ်တာပါ။ ရီပတ်ဘလစ်ကန်သမ္မတတွေ တက်တိုင်း ဒီတချက်လွှတ်အမိန့်ကို ထုတ်လေ့ရှိပါတယ်။ Mexico city Policy လို့ ခေါ်ပါတယ်။ ထရန့်ကို မိန်းမတွေက သူတို့ ကိုယ်ဝန်ဆောင်တာ၊ သားဆက်ခြားတာ၊ မိသားစု အစီအမံလုပ်တာတွေမှာ ၀င်မပါပါနဲ့လို့ ဆန္ဒပြ ကန့်ကွက်နေတဲ့ကြားကနေ ထရန့်က အမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်။

ပြီးတာနဲ့ ကနေဒါကနေ အမေရိကန်ကို ဖြတ်ပြီး တည်ဆောက်မယ့် (Keystones Pipeline)  ရေနံပိုက်လိုင်းစီမံကိန်း အိုဘားမား တားမြစ်ထားတာကို ပယ်ဖျက်လိုက်ပါတယ်။ တချက်လွှတ်အမိန့်နဲ့ ပါပဲ။ အလုပ်အကိုင်တွေ စွမ်းအင် ဖွံဖြိုးမှုတွေကို အတားအဆီး မဖြစ်အောင် လုပ်တယ်လို့ ဆိုပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ စွမ်းအင်တွေ အလွန်အကျွံသုံးစွဲတာ လျော့ချရေးတို့ လုပ်ဆောင်နေသူတွေ ပညာရှင်တွေကို ကျောခိုင်းပြီးတော့ လုပ်ငန်းရှင်တွေ ရေနံ ဓာတ်ဆီ ဓာတ်ငွေ့ လုပ်ငန်းတွေဘက်ကို အလေးသာပြလိုက်တာ ဖြစ်ပါတယ်။

သူ့ရက်၁၀၀ စီမံကိန်းထဲမှာ ပြောထားတဲ့အတိုင်း ပြည်ထောင်စုအစိုးရ ၀န်ထမ်းတွေကို ထပ်ပြီး မခန့်တော့ဘူး။ သည်အတိုင်းပဲ ထားမယ်လို့ ကန့်သတ်လိုက်ပါတယ်။ အစိုးရ၀န်ထမ်းစာရိတ်ကို ချုပ်ထိန်းလိုက်ပါတယ်။ စစ်သားတွေ လုံခြုံရေးဝန်ထမ်းတွေ ထောက်လှမ်းရေးတွေ ကာကွယ်ရေးတွေအတွက်တော့ ဆက်သုံးသွားမယ် ဆိုပါတယ်။ အစိုးရစာရိတ်တွေ ကြီးတယ်ဆိုပေမယ့် သည်လို ကန့်သတ်ထားတာကြောင့် အစိုးရအလုပ်တွေ နှောင့်နှေး ကြန့်ကြာမှာတွေကို လူထုက ပိုပြီး ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အစိုးရ၀န်ထမ်းတွေ ထပ်မခန့်ရင် ဘယ်က လူတွေနဲ့ အလုပ်လုပ်မှာလဲဆိုတော့ Private contractor ကန်ထရိုက်တာဝန်ထမ်းတွေ ခန့်ပြီး လုပ်မှာတဲ့။ ကန်ထရိုက်တာတွေ ခန့်တာက ပိုဈေးကြီးတယ်ပြောလဲ ထရန့်ကတော့ ခပ်တည်တည်ပါပဲ။ သူတို့ အစိုးရက အိုင်ကျူက (IQ)  အမေရိကန်သမိုင်းမှာ သူများတွေထက် ပိုမြင့်တယ်လို ပြန်ပြောပါတယ်။

ထရန့်က အငြင်းပွားဖွယ် မှတ်ချက်တွေလည်း ထုတ်ပြန်ပါသေးတယ်။ သူ့သမတကျမ်းသစ္စာ ကျိန်ဆိုပွဲက လူတွေ အများကြီး တက်ရောက်တာကို မီဒီယာတွေကို ဖုံးထားတယ်လို့ စွပ်စွဲပါတယ်။  သူက မီဒီယာတွေကိုလည်း အလကားသတင်းတွေ လုပ်ကြံသတင်းတွေ တင်သူတွေအဖြစ် ပြစ်တင်ပြီး ရန်လိုစကား ပြောလိုက်ပါတယ်။ သူ့မဟာမိတ်က FOX News Agency ပါ။ FOX ဆိုတာက ရုပတ်မာဒေါ့ဆိုတဲ့ ပြည်ပက သူဌေးကြီး ပိုင်တဲ့ ကုမ္မဏီပါ။ သူ့မှာ အရှေ့အလယ်ပိုင်းက အာရပ်သူကြွယ်တွေကလည်း ရှယ်ယာထည့်ထားတယ် ဆိုကြပါတယ်။

ပြီးတော့ ထရန့်က ရွေးကောက်ပွဲမှာ မဲကိုယ်စားလှယ်အရေအတွက်နဲ့သာ နိုင်ပြီး လူထုမဲဆန္ဒ စုစုပေါင်း လူဦးရေမဲ (POPULAR VOTE) မှာ ကလင်တန်ကို ရှုံးရတာကလည်း မဲလိမ် မဲခိုးမှုတွေ ရှိနေလို့ ဆိုပြီး ပြောပြန်ပါသေးတယ်။ မဲလိမ် မဲခိုးတွေ မရှိပါဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောထားပါရက် သူလည်း သမ္မတဖြစ်နေပြီးပါရက် ပြောနေသေးဟာ အံ့သြကုန်နိုင်ဖွယ်ပါ။ သူပဲ အရင်က ရွေးကောက်ပွဲ မနိုင်ရင် မဲခိုးလို့ ဆိုပြီး ပြသနာရှာမယ်လို့ ပြောထားပြီး နိုင်ပြန်တော့လည်း အပြတ်မနိုင်တာ မဲခိုးလို့ပါလို့ ဆိုချင်ပြန်ပါတယ်။

တကယ်တန်း ပုဂ္ဂိုလ်ရေးအကျိုးစီးပွားနဲ့ ပြည်ထောင်စုအကျိုး ပဋိပက္ခ ပြသနာ (ethical conflict of interest) ကို ရင်ဆိုင်နေရသူကိုယ်တိုင်က သမ္မတကြီး ထရန့် ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်ကြီးကနေ သမ္မတဖြစ်လာတာမို့ သူ့ကိုယ်ပိုင်အကျိုးစီးပွားတွေကို သမ္မတဖြစ်နေစဉ်ကာလမှာ ဖြတ်တောက် ရပ်ဆိုင်းပစ်ရမှာကို ငြင်းပယ်ပြီး မလိမ့်တပတ်တွေ လုပ်နေတယ်လို့ ဥပဒေသမားတွေ ပညာရှင်တွေက ဝေဖန်ထောက်ပြနေပါတယ်။ သူကတော့ သူသမ္မတလုပ်နေစဉ်မှာ သူ့မိသားစုက သူ့စီးပွားရေးတွေ လုပ်လိမ့်မယ်၊ ငါက ၀င်မစွက်ပါဘူးလို့ လွယ်လွယ် ပြန်ဖြေရှင်းပါတယ်။ conflict of interest ဆိုတာမှာ အစိုးရအလုပ် လုပ်နေစဉ်မှာ မိသားစုအလုပ်တွေနဲ့ကိုပါ ကိုယ်တိုင်က အဆက်ဖြတ်ရတာပါ။ blind trust ဆိုတဲ့ သီးခြားအစုအဖွဲ့တခုကနေ အဲသည်လူရဲ့ လုပ်ငန်းတွေကို လွှဲယူပြီး လုပ်ကိုင်ရတာကို ခုချိန်ထိ ထရန့်က မလုပ်သေးပါဘူး။ သူ့ကို စိတ်ချပါလို့ တွင်တွင်ကြီး ပြောနေပါတယ်။

သူ့ကို စိတ်ချပါလို့ ဆိုတဲ့အတိုင်း ခု ရက်တပတ်အတွင်းမှာ တချက်လွှတ်အမိန့်တွေ လက်မှတ်ထိုးပြီးရင်း ထိုးရင်းပါပဲ။ အိုဘားမားလက်ထက်မှာ အာရှ-ပစ္စဖိတ်ဒေသတွင်း ကုန်သွယ်မှု လွတ်လပ်ခွင့် ရှိဖို့ ကြိုးစားနေတဲ့ TPP ကို ရုတ်သိမ်းလိုက်ပါတယ်။ အာရှတွင်း လွတ်လပ်စွာ ကုန်သွယ်ရာမှာ အားလုံးနဲ့ သဘောတူမယ့်အစား တဦးချင်းစီနဲ့ သဘောတူစာချုပ်ချုပ်မယ်လို့ ပြန် ကန့်သတ်လိုက်တာပါ။ တရုတ် ဂျပန်တို့က ကုန်သွယ်မှု အားသာချက်တွေ ပိုရှိသွားတာမို့ အာရှတွင်း အမေရိကန်ဈေးကွက်ကို ထိခိုက်မယ်လို့ ဝေဖန်ကြပေမယ့် ထရန့်ကတော့ တနိုင်ငံချင်းနဲ့ သီးခြားစကားပြောပြီး စာချုပ်ချုပ်မယ်လို့ ဆိုပါတယ်။ အားလုံးနဲ့ တပြေးညီသဘောတူတာဟာ အမေရိကန်ကိုယ်ကျိုးကို ထိခိုက်တယ်လို့ ယူဆပါတယ်။ ဒါ့အပြင် မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်မှုစာချုပ်ကို ပြန်စဉ်းစားမယ်လို့လည်း ကုန်သွယ်ဖက် မက္ကစီကိုနဲ့ ကနေဒါကို အကြောင်းကြား သတိပေးလိုက်ပါတယ်။

ပြည်တွင်းက ကုန်ထုတ်လုပ်တဲ့ အမေရိကန်ကုမ္မဏီတွေကိုလည်း အစိုးရက ဖြေလျော့မှုတွေ အများအပြားလုပ်ပေးမယ်၊ ဒါကြောင့် ပြည်တွင်းမှာ ပိုပြီး ထုတ်လုပ်ကြဖို့ ခေါ်ပြောလိုက်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းတာတွေ သိပ်တင်းကြပ်ဘူး၊ ကော်ပိုရိတ်အခွန်တွေကို လျော့ပေးမယ် စတာတွေ ပြောပါတယ်။ အမေရိကန်မှာ ဆောက်လုပ်မယ့် ပိုက်လိုင်းတွေကို အမေရိကန်စတီးတွေနဲ့ပဲ လုပ်ရမယ်လို့လည်း အမိန့်ပေးထားပါတယ်။ အမေရိကန်ပြည်တွင်းမှာ လမ်းပန်းဆက်သွယ်ရေး လမ်းတံတားစီမံကိန်းတွေကို သမ္မတကနေ ဦးစားပေး ရွေးချယ် ဆုံးဖြတ်ခွင့် ရှိတယ်လို့လည်း သူက လက်မှတ်ထိုးလိုက်ပြန်ပါသေးတယ်။ ဒါပေမယ့် အိုဘားမား လက်မှတ်ထိုးထားတဲ့ နောက်ဆုံးတလအတွင်းက အမိန့်တွေကိုတော့ ချက်ခြင်း ဆိုင်းငံ့ထားဖို့ ထရန့်က ပြန်လှန် တချက်လွှတ်အမိန့် ထုတ်ထားပြန်ပါတယ်။ အိုဘားမား အလျင်စလို ဆုံးဖြတ်ထားတာတွေ တိုင်းပြည်အကျိုး ရှိမရှိကို ထရန့်ကိုယ်တိုင် ပြန်စိစစ်ဦးမယ်လို့ ဆိုပါတယ်။

နောက်ဆုံး ထုတ်ပြန်ထားတာကတော့ ပြည်ပက ခိုးဝင်တွေကို တားမြစ်ဖို့ မက္ကစီကိုနယ်စပ်မှာ တံတိုင်းကြီး ဆောက်ဖို့ ညွှန်ကြားတာ ဖြစ်ပါတယ်။ ဖြစ်တဲ့ နည်းနဲ့ စပြီး ဆောက်ကြဖို့၊ ပြီးရင် မက္ကဆီကိုဆီကနေ ပိုက်ဆံ ပြန်တောင်းဖို့ လုပ်မယ်လို့ ပြောလိုက်ပါသေးတယ်။ တရားမ၀င် ခိုးဝင်သူတွေကို စိစစ် ဖမ်းဆီးပြီး အမြန်ဆုံး တိုင်းပြည်က နှင်ထုတ်သွားမယ်၊ ဒါကြောင့် ပြည်ထောင်စုအဆင့် လုံထိန်းတွေ အများအပြား ခန့်ထားမယ်။ လက်ရှိ ရဲတွေ ပုလိပ်တွေ ကိုယ်တိုင်ကလည်း လူဝင်မှုကြည့်ကြပ်ရေး အရာရှိတွေလိုပဲ လူတိုင်းကို မှတ်ပုံတင်စစ်ပြီး ခိုးဝင်တွေကို ဖမ်းခွင့် ရှိစေရမယ်လို့ ဆိုလိုက်ပါသေးတယ်။ လက်ရှိဥပဒေက ရဲတွေ ပုလိပ်တွေဟာ နိုင်ငံသားလား နိုင်ငံခြားသားလား လမ်းပေါ်ကလူကို တားပြီး စစ်ခွင့် ဖမ်းခွင့် မရှိပါဘူး။ ထရန့်ကတော့ တရားမ၀င် တပြည်သားတွေကို အပြတ်နှိမ်နင်းမယ်လို့ တချက်လွှတ် ပြောထားတာပါ။ အဲသည်မှာ လူတိုင်းကို ဒါမျိုးတွေ စစ်ဆေးမေးမြန်းတာတွေ မလုပ်ဘူးလို့ လွတ်မြောက်နယ်မြေအဖြစ် ကြေညာထားတဲ့ အမေရိကန်က santurary city (ဘေးမဲ့မြို့တော်) တွေကို ထရန့်က ပြည်ထောင်စု အကူအညီ ဖြတ်တောက်မယ်လို့လည်း ကြိမ်းထားလိုက်ပါပြီ။ ကယ်လီဖိုးနီးယားပြည်နယ်ဟာ ထိပ်ဆုံးပစ်မှတ် ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ပိုင်းမှာ မူဆလင်တိုင်းပြည်က လူတွေကို ဗီဇာ ကန့်သန့်မယ်၊ အကြမ်းဖက်အားပေးတဲ့ မူဆလင်တိုင်းပြည်တွေကိုလည်း ပိတ်ဆို့ဦးမယ် ဆိုပြန်ပါတယ်။

ကဲ … ဒါတွေကတော့ ထရန့်ကြီးရဲ့ လူပြိန်းကြိုက် တချက်လွှတ် အမိန့်တော်တွေပါပဲ။ ဘာကြောင့် ခင်ဗျားက လူပြိန်းကြိုက် လူပြိန်းကြိုက်နဲ့ အာလုပ်စကားပြုပြီး ရေးနေရတာတုန်းလို့ မေးချင်ကြမယ်။ ကမ္ဘာတ၀ှမ်းကို အထွေထွေကဏ္ဍစုံမှာ သြဇာလွှမ်းတဲ့ သြဇာကြီးတဲ့ ဦးဆောင်နေတဲ့ နိုင်ငံကြီးက အသစ်တက်လာတဲ့ သမ္မတ ဆိုသူက သူတို့ဆီက နိုင်ငံသားတွေထဲက အကျိုးစီးပွားသီးခြားကိုသာ ကွက်ကွက်ကြည့် ကာကွယ်တဲ့ အမိန့် အာဏာတွေ ဆိုတာတွေကို လူပြိန်းမကြိုက်လို့ ဘယ်ပညာရှိတွေက ကြိုက်ကြမှာလဲ လို့ ဖြေလိုက်ချင်ပါတယ်။ သူ့လိုမျိုး တချက်လွှတ်အမိန့်တွေနဲ့ အုပ်ချုပ်တာများကတော့ မြန်မာပြည်မှာ လွန်ခဲ့တဲ့ အနှစ် ၂၀ အနှစ် ၆၀ ကတည်း လုပ်ခဲ့သူတွေ ရှိခဲ့တာ များလှပေါ့။ တခါးပိတ်တဲ့ ပေါ်လစီဆိုတာ မြန်မာပြည်မှာလည်း ကျင့်သုံးဖူးတာ သိမှီသူများ သတိတရ ရှိကောင်းမှာပါလေ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts