မှတ်စုမှတ်တမ်း ဝေဖန်ရေးရာ

သာလွန်ဇောင်းထက် ● အပြောင်းအလဲမှာ ပြည်သူဟာ အစမ်းသပ်ခံ၊ အနာခံ မဖြစ်ဖို့ လိုပါတယ်

သာလွန်ဇောင်းထက် ● အပြောင်းအလဲမှာ ပြည်သူဟာ အစမ်းသပ်ခံ၊ အနာခံ မဖြစ်ဖို့ လိုပါတယ်
(ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းထံသို့ပေးစာ)
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂ဝ၁၇

ပြည်သူတစ်ရပ်လုံးရဲ့ထောက်ခံမှုနဲ့ အာဏာရလာတဲ့ NLD ပါတီက ခန့်အပ်ထားတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဇန်နဝါရီလ ၁၆ ရက်နေ့မှာ မထသ ရန်ကုန်ဘတ်စ်ကားလိုင်း တွေ ဖျက်သိမ်းပြီး YBS လို့ခေါ်တဲ့ ရန်ကုန်ဘတ်စ်ကားလိုင်း သစ်တွေကို အကောင်အထည်ဖော်ခဲ့ပါတယ်။

ဒီအကောင်အထည်ဖော်မှုဟာ မိုက်ရိုင်းလွန်းတဲ့မထသကို ဖျက်သိမ်းလိုက်ပြီး ယာဉ်ကြောကျပ်တည်းမှုကို လျော့ချနိုင်ဖို့ အများ ပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ပိုမို ကောင်းမွန်လာအောင် ရည်ရွယ်ခဲ့တယ်လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

ဒါ့အပြင် အက္ခရာ အငှားယာဉ် တွေကို လည်း အိမ်စီးကားအဖြစ် ပြန်ပြောင်းဖို့ အစီအစဉ် ရှိတယ်လို့ သူက သတင်းစာရှင်းလင်းပွဲ ကျင်းပ ပြောဆိုခဲ့ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ သုံးသပ်ချက်တချို့ ဝန်ကြီးချုပ်ထံ ပေးစာအဖြစ် ရေးသားပေးပို့လိုက်ပါတယ်။

● YBS က ပြည်သူတွေကို အဆင်ပြေစေမှာလား
ဇန်နဝါရီလ ၁၆ ရက်နေ့ YBS စတင်ချိန်ကတည်းက ပြည်သူတွေကြားမှာ ရိုက်ခတ်မှု အတော်ကိုကြီးမားခဲ့ပါတယ်။ YBS ဟာ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာကြောင့် ပြည်သူတွေအတွက် အတော်ကိုအခက်ဖြစ်စေတဲ့စနစ်ပါပဲ။

အရင် မထသ မဖျက်သိမ်းခင် ယာဉ်ကြောကျပ်တည်းမှုမှာ တစ်ဆင့်တည်းရောက်တဲ့ခရီးစဉ်တွေဟာ ၂ ဆင့် စီးရပါတယ်။ ခရီးဝေးသူတွေဆိုရင် ၃ ဆင့်တောင် စီးရပါတယ်။ နိုင်ငံတကာပုံစံ မြို့တွင်းယာဉ်ကြပ်တည်းမှုလျော့ချလိုပြီး အများပြည်သူ ပို့ဆောင်ရေးစနစ်သစ်ကို အဆင့်မြှင့်ဖို့ဆိုပြီး ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

လက်ရှိအချိန်မှာ ပြည်သူအများစု YBS နဲ့ အဆင်မပြေကြပါဘူး။ မိုက်ရိုင်းလွန်းတဲ့ မထသကို ပြည်သူတွေက မကြိုက်ကြ ပေမယ့် အခု အဆင့်ဆင့်စီးရတဲ့ YBS ကို ပြည်သူတွေ တကယ့်ကိုအဆင်မပြေပါဘူး။ အချိန်လည်း အရမ်းကြာနေဆဲပါပဲ။

ဇန်နဝါရီလ ၁၆ ရက်ကနေ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ပြည်သူပေါင်း ၁ဝဝ ကို အခမဲ့ ကားမောင်းလိုက်ပို့ရင်း စစ်တမ်းတရပ် ကျနော်လုပ်ခဲ့ပါတယ်။ အစပိုင်းမို့ နောက်ဆိုရင်အဆင်ပြေသွားမှာပါလို့ မျှော်လင့်ကြတဲ့ သူ ၂၅ ဦးရှိပြီး ၆၅ ဦးကတော့ အဆင်မပြေတဲ့အပြင် အခက်အခဲတွေဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ ၁ဝ ဦးက ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။ ဝန် ကြီးချုပ်အနေနဲ့ ကိုယ်စတင်ခဲ့တဲ့ YBS ကို လူထုလက်ခံမှု ဘယ်လောက်ရှိတယ် မရှိဘူးဆိုတာ စစ်တမ်းကောက်သင့်ပါတယ်။

● ဘာလို့ အဆင်မပြေတာတဲ့လဲ
ကျနော်ရဲ့စစ်တမ်းမှာ အဆင်မပြေဘူးလို့ ဖြေဆိုခဲ့သူ ၆၅ ဦးမှာ အများစုကတော့ အဆင့်ဆင့်စီးရတာ၊ ကားနည်းပါးတာ၊ စရိတ်ပိုတက်သွားတာကြောင့် ဖြေဆိုကြပါတယ်။ ခရီးဝေးတဲ့သူဆိုရင် ၃ ဆင့်စီးရလို့ အတော်ကို မောမောပန်းပန်း သွားလာ ရတယ်လို့ ဆိုပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စား ပြည်သူတချို့ကတော့ သွားလာစရိတ် အတော်ကိုတက်သွားလို့ ဝင်ငွေ အတော်ထိခိုက်တယ်လို့ ဆိုပါတယ်။

● YBS ဘယ်လဲ ဘာလဲ
တကယ်တော့ YBS ဟာ အင်မတန်မှ ကောင်းမွန်တဲ့ စနစ်ပါ။ စစ်အစိုးရခေတ် မထသဟာ လိုင်းဟာ လိုင်းတွေ များပြားပြီး ယာဉ်တွေ အလွန်များပြားပါတယ်။ အလုအယက် အပြိုင်အဆိုင် မောင်းကြ၊ ခရီးသည်တွေအပေါ် မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံ ကြတဲ့ တကယ့်ကို လူမိုက် ဂိုဏ်းပါပဲ။ မထသကို ဖျက်သိမ်းတာ မှန်ကန်တဲ့လုပ်ရပ်ပါ။ ဒါပေမယ့်လည်း ယာဉ်လိုင်းအားလုံးကို ရပ်ဆိုင်းလိုက်ပြီး ယာဉ်လိုင်း ၇၀ နဲ့ ပြန်လည်ပြေးဆွဲတာက မှားယွင်းပါတယ်။

အဆင့်ဆင့်စီးရမယ့်ခရီးစဉ်အတွက် ကားတွေ အဆင့်သင့်မရှိဘဲ ယာဉ်လိုင်းတွေဖျက်သိမ်းတာဟာ ပြည်သူတွေကို အစမ်း သပ်ခံအဖြစ် သဘောထားတာနဲ့ အတူတူပါပဲ။

အခုကိုပဲ ညဆိုရင် လိုင်းကားမရှိလို့ အခက်အခဲဖြစ်နေတဲ့ပြည်သူတွေ လမ်းမပေါ်မှာ ဒုနဲ့ဒေးရှိနေပါတယ်။ သက်ကြီးရွယ်အို တွေ၊ မမာမကျန်းသူတွေ ၊ မသန်စွမ်းတွေလည်း YBS စနစ်သစ်နဲ့ သွားလာဖို့ အတော်ခက်နေပါတယ်။

YBS ဟာ ပြင်ဆင်မှု အနည်းဆုံး ၁ နှစ်လောက်ယူပြီးမှ လုပ်သင့်တဲ့ စီမံကိန်း၊ အဆင့်လိုက် တစ်ဆင့်ချင်း ပြောင်းလဲသင့်တဲ့ စီမံကိန်းကို အစောတလျှင် လုပ်ဆောင်ခဲ့မှုကြောင့် ပြည်သူဟာ အစမ်းသပ်ခံ ဖြစ်ခဲ့ရပါတယ်။

ပြည်သူလူထုကို ကြိုတင်ရှင်းပြရမယ်။ ပြည်သူ့သဘောထားကို ရယူရမယ်။ ပြည်သူတွေစီးနေတဲ့ လမ်းကြောင်းတွေ လေ့ လာ စစ်တမ်းလုပ်ရမယ်။ ပြည်သူအဆင်မပြေဘူးဆိုရင် အဆင်ပြေအောင်လုပ်နိုင်မယ့် Plan A ၊ Plan B ၊ Plan C တွေ ထား ရပါ့မယ်။ လောလောဆယ်တော့ ပြည်သူတွေ အခက်အခဲရှိနိုင်ပါတယ်ဆိုတဲ့ ဦးဖြိုးမင်းသိန်းစကားဟာ ပြည်သူကို ဦးထိပ် ထားတယ်ဆိုရင် သုံးနှုန်းသင့်တဲ့ စကားမဟုတ်ပါဘူး။ ပြည်သူဟာ အစမ်းသပ်ခံမဟုတ်ပါဘူး။

ရန်ကုန်အစိုးရက အခုနောက်ဆုံးသိထားရတာကတော့ တရုတ်နိုင်ငံက ၂ဝဝ၈ ဘေဂျင်းအိုလံပစ်မှာ သုံးပြီးသား ဘတ်စ်ကား ၁ဝဝဝ ဝယ်ယူမယ်လို့ သိရပါတယ်။ တရုတ်ကား၊ တရုတ်ပစ္စည်းဆိုတာ ဘယ်လိုဆိုတာ ပြည်သူတွေသိပြီးသားမို့ YBS ဟာ ပြည်သူတွေ အဆင်ပြေပြေ သွားလာနိုင်ဖို့ အတော်ကို ခက်ခဲစေဦးမှာပါ။

နောက်တစ်ခုကတော့ အများပိုင်ကုမ္ပဏီ ဘစ်စ်ကားလိုင်းတွေမှာ ဘယ်လိုကုမ္ပဏီတွေ ပါဝင်နေကြသလဲ။ နောက်တစ်ခါ ကားတင်သွင်းပေးမယ့် ကုမ္ပဏီတွေက ဘယ်သူတွေလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ အများပိုင်စနစ်ဆိုတာ ဘာလဲ ပြည်သူကိုလည်း ချမပြခဲ့ပါဘူး။

ပြုပြင်ပြောင်းလဲရေးမှာ စေတနာရှိရုံနဲ့ မရပါဘူး။ ပြည်သူ အဆင်ပြေနိုင်ပါ့မလားဆိုတဲ့ လက်တွေ့ ပူပန်မှု အမြဲလိုလို ရှိသင့် ပါတယ်။ ပြည်သူကို အခြေမခံတဲ့ ပြုပြင်ပြောင်းလဲရေးဟာ ပြည်သူကို အစမ်းသပ်ခံအဖြစ် သဘောထားတာပါပဲ။

YBS ဟာ နှစ်နဲ့ချီ ကြာမြင့်လာရင်တော့ တဖြည်းဖြည်း အဆင်ပြေလာနိုင်ပေမယ့် လတ်တလောမှာတော့ ပြင်ဆင်မှုနည်းလို့ ပြည်သူတွေ ခက်ခဲနေမှာ အသေအချာပါပဲ။

● လာပြန်ပြီ TAXI
ဦးဖြိုးမင်းသိန်းက အက္ခရာ Taxi တွေကို အိမ်းစီးကား အနက်ပြန်ပြောင်းမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အငှားယာဉ်တွေ စနစ်တကျဖြစ်လာဖို့နဲ့ လမ်းကျပ်တည်းမှုတွေကို ရှောင်ရှားဖို့ ရည်ရွယ်ချက်ကောင်းတွေကြောင့်လို့ သိရပါတယ်။ ကြိုဆိုပါ တယ်။ နိုင်ငံတကာလို မီတာ Taxi တွေဖြစ်လာရင် စီးနင်းမယ့် ခရီးသည်အတွက် ပိုကောင်းလာပါတယ်။

● TAXI ကို ဘယ်သူတွေ မောင်းကြတာလဲ
ရန်ကုန်မြို့မှာ Taxi ၆ သောင်းကျော် ရှိပြီး ၂၇ဝဝဝ ကျော်က အက္ခရာ Taxi တွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါ တယ်။ ရန်ကုန်မှာ တက္ကစီမောင်းကြသူတွေဟာ အလုပ်မရှိလို့ တက္ကစီမောင်းကြသူများပါတယ်။ စစ်အစိုးရခေတ်ကတည်းက အလုပ်မရှိရင် ကားမောင်းကြရင်းနဲ့ တက္ကစီတွေ များလာတာဖြစ်ပါတယ်။

လမ်းကြော ကျပ်တည်းမှုနဲ့ အငှားယာဉ် စနစ်တကျဖြစ်လာဖို့ အက္ခရာ Taxi တွေကို အနက် ပြန်ပြောင်းလိုက်လို့ အလုပ်လက်မဲ့ ဖြစ်သွားမယ့် တက္ကစီ ယာဉ်မောင်း ၂၇ဝဝဝ ကျော်အတွက် ဘယ်လိုတွေစီစဉ်ထားပါသလဲ။

တက္ကစီ ယာဉ်မောင်း ၂၇ဝဝဝ ကျော်မှာ သူတို့ကို မှီခိုနေတဲ့ မိသားစု အနည်းဆုံး ၄ ဦးနဲ့ တွက်ရင်ကို လူတစ်သိန်းကျော်ရှိပါတယ်။ အလုပ်လက်မဲ့ဖြစ်သွားရင် အဲဒီလူတွေရဲ့စားဝတ်နေရေးတွေ ဘယ်လိုဖြစ်လာမလဲ။ အလုပ်လက်မဲ့ ဖြစ်လာမယ့် ယာဉ်မောင်း တွေ၊ သူတို့ကို မှီခိုနေတဲ့ မိသားစုတွေ စားဝတ်နေရေး၊ သူတို့သားသမီးတွေရဲ့ ပညာရေး ကျန်းမာရေး ဘာတွေ ဆက်ဖြစ် လာမလဲ။ တက္ကစီယာဉ်ပိုင်ရှင်တွေအနေနဲ့ကတော့ နံပါတ်အနက် ပြန်ပြောင်းရင်တောင် အဲဒီကားတွေကို ပြန်ရောင်းလို့ရ သေးတာမို့ နစ်နာမှုမရှိပါဘူး။

တက္ကစီယာဉ်တွေ ဒုနဲ့ ဒေးတင်သွင်းနိုင်တဲ့ ကုမ္ပဏီတွေအတွက်ကတော့ အခွင့်အလမ်းတစ်ရပ်တော့ ဖြစ်လာနိုင်ပါတယ်။ ပြည်သူတွေ မီတာနဲ့ စနစ်ကျစီးနိုင်တဲ့ အငှားယာဉ်စနစ်ဖြစ်လာနိုင်တာ ကြိုဆိုရမှာဖြစ်ပေမယ့် လောလောဆယ် အလုပ် လက်မဲ့ဖြစ်မယ့် ယာဉ်မောင်း ၃ဝဝဝဝ နီးပါးအတွက်တော့ တစ်ခုခု စီစဉ်ပေးရပါလိမ့်မယ်။

● အပြောင်းအလဲမှာ ပြည်သူသာ အဓိက
အပြောင်းအလဲ လုပ်မယ်ဆိုတိုင်း ပြည်သူကို မျက်နှာမူဖို့ လိုပါတယ်။ ခေတ်အဆက်ဆက် စနစ်ဆိုးကြောင့် ဒီနေ့ ဖြစ်ပေါ်နေ တဲ့အခြေအနေတွေကို စနစ်သစ်နဲ့ အစားထိုးတဲ့အခါ ပြည်သူဟာ အစမ်းသပ်ခံ မဖြစ်ဖို့ အရေးကြီးပါတယ်။

မြို့တော်ကြီးကို နိုင်ငံတကာ အဆင့်မီ ခေတ်မီမြို့တော်ကြီးအဖြစ် ကျနော်တို့လည်း မြင်ချင်ပါတယ်။

ဒါပေမယ့် ခေတ်မီမြို့တော်ကြီးဖြစ်လာဖို့ ပြည်သူတွေက အစမ်းသပ်ခံ စတေးခံရပြီးမှ ရလာမယ့် ခေတ်မီမြို့တော်ကြီးကိုမလိုချင်ပါဘူး။ အပြောင်းအလဲဟာ ပြည်သူမနာတဲ့ အပြောင်းအလဲဖြစ်ဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အ ပြောင်းအလဲမှာ ပြည်သူကို မနာစေတဲ့ အပြောင်းအလဲကို လုပ်မယ်လို့ အမြဲလိုလိုပြောခဲ့တာမို့ ဦးဖြိုးမင်းသိန်းအနေနဲ့ ဒီစ ကားကို မမေ့ဖို့ လိုပါတယ်။

ကျနော်တို့လည်း အပြောင်းအလဲ လိုချင်ပါတယ်။ ပြည်သူကို မထိခိုက်တဲ့ အပြောင်းအလဲ၊ ပြည်သူ မနာတဲ့ အပြောင်းအလဲကိုပဲ လိုချင်တာပါ။

ဓာတ်ပုံ – ငြိမ်းချမ်းအေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts