ရသဆောင်းပါးစုံ

ငြိမ်းချမ်းအောင် ● ၃ဝ/၃ဝ/၃ဝ

ငြိမ်းချမ်းအောင် ● ၃ဝ/၃ဝ/၃ဝ
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂ဝ၁၇

သမီးရေ ….
ဖေဖေ ဒီနေ့ပြောချင်တာက ဘဝမှာ ၃ဝ/၃ဝ/၃ဝ ဆိုတဲ့ ဖွားဖွားတယောက်ရဲ့ အကြောင်းပဲကွဲ့။

အသက် ၉ဝ ပြည့် မွေးနေ့ရှင် ဖွားဖွားတယောက်ကို ဖေဖေက ကောင်းသောမွေးနေ့ပါပြောပြီး ပန်းလေးပေးတော့ ဖွားဖွားက ကျေးဇူးတင်လိုက်တာတဲ့။

သက်ကြီးရွယ်ကြီးတွေ မွေးနေ့မှာ အဝေးရောက်သားသမီးတွေ၊ မြေးတွေ၊ မြစ်တွေ၊ မိတ်ဆွေတွေက အဝေးကနေ ဆုတောင်း ပေးကြတဲ့ မွေးနေ့ဆုတောင်းတွေကတော့ အများကြီးဆိုပေမဲ့ တကယ်တန်းကျတော့ ဖွားဖွားဟာ လူတွေကို ကိုယ်တိုင် တွေ့ ချင်နေတာပေါ့ သမီးရယ်။

ဒီလိုနဲ့ ဖေဖေကလည်း အချိန်ရတော့ ဖွားဖွား စိတ်ပြေရာ စိတ်ပြေကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောချင် ပြောပါစေ ဆိုပြီး နားထောင်ဖို့ အချိန်ရှိပါတယ်ဆိုပြီး အခွင့်ပေးတော့ ဖွားဖွားက သူ့ဘဝအကြောင်းတွေကို ပြောပြတယ်။

ဖွားဖွားရဲ့ အသက် ၃ဝ အရွယ် ငယ်ရွယ်တဲ့ အချိန်ကာလတွေမှာ ပညာသင်ကြားခဲ့တယ်။ ဘွဲ့ရတော့ အသက် ၂ဝ ကျော်၊ နောက် ဆရာဖြစ်သင်တန်းတက်တာက ၂ နှစ်ကျော်၊ ဆရာဖြစ်သင်တန်းတက်တော့ ဆွီဒင်နယ်စပ်နားက Tornio ဆိုတဲ့မြို့ ကလေးမှာ၊ ဘာကြောင့် ဆွီဒင်နယ်စပ်နားမှာ ဆရာဖြစ်သင်တန်းကျောင်းဖွင့်ထားရသလဲမေးတော့ ဖွားဖွားက ဆရာတ ယောက်ဟာ ဘာသာများစွာတတ်ထားလို့ မှားတာမှမဟုတ်တာ၊ ကလေးတွေကို စာသင်ပေးဖို့ ဘာသာပေါင်းများစွာ တတ် လေ ကောင်းလေမို့ ဆွီဒင်နယ်စပ်မှာ ဖွင့်ထားတာတဲ့၊ ညနေဖက်ကျောင်းဆင်းချိန်မှာ နယ်စပ်ကျော်ပြီး Haaparanta ဆိုတဲ့ မြို့ကလေးကိုသွား ဆွီဒင်ဘာသာစကားကို လေ့ကျင့်၊ ဒီလိုနဲ့ သူ ကျောင်းဆရာမတယောက်ဖြစ်ခဲ့တယ်တဲ့။

ဆင်းရဲလွန်းလှတဲ့ ဖင်လန်နိုင်ငံမှာ အဲဒီတုန်းက အမျိုးသားကျောင်းတွေ ရှိတယ်၊ ကျောင်းတကျောင်းမှာ ကျောင်းသားက ၅ဝ လောက် ဆရာက ၂ ယောက်။ ဆရာမတယောက်၊ ဆရာတယောက် ကျောင်းတကျောင်းမှာ ဆရာ ၂ ယောက်နှုန်းနဲ့ ကျောင်းဖွင့်သတဲ့။ ဆရာရှားတဲ့ ခေတ်မှာ ဆရာကောင်း ဖြစ်အောင် အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနက ဆရာဖြစ်သင်တန်းတွေ ကို အရည်အချင်းရှိအောင် ဖွင့်လှစ်ခဲ့သတဲ့။

အစကောင်းမှ အနှောင်းသေချာဆိုသလို၊ ကျောင်းစတက်မဲ့ ကလေးတွေ၊ ကလေးငယ်ငယ်လေးတွေကို သင်ကြားပေးမဲ့ ဆရာ/မတွေကို ပိုပြီး လေ့ကျင့်သင်ကြားပေးသတဲ့။ ကလေးစိတ်ပညာ၊ ကလေးတွေကို ထိန်းကျောင်းနည်း စတဲ့ အခြေခံတွေ ပါသလို၊ ဆရာ/မ တယောက်ဟာ သူငယ်တန်းကနေ အလယ်တန်းပညာရေးအထိ သင်ကြားနိုင်တဲ့ အရည်အချင်းရှိအောင် သင်ကြားပေးတဲ့ ဆရာဖြစ်သင်တန်းတွေတဲ့။

ကျောင်းတကျောင်းမှာ ဆရာတယောက်/ ဆရာမတယောက် ဘာကြောင့်ထားရသလည်းမေးရင် ကျန်းမာရေး လေ့ကျင့်ခန်း တွေလုပ်ရာမှာ ယောင်္ကျားလေးအတွက်၊ မိန်းကလေးအတွက် လုပ်နိုင်အောင်၊ အိမ်တွင်းမှုလုပ်ငန်းတွေမှာ ယောင်္ကျားဆရာက ယောကျာင်္းတွေတတ်အပ်တဲ့ပညာကိုသင်၊ မိန်းကလေးတွေက မိန်းကလေးတွေတတ်အပ်တဲ့ ပညာကိုသင်နိုင်ဖို့ နောက်ဆုံး လူပျို၊ အပျိုဖြစ်တဲ့ ကျန်းမာရေးကိစ္စတွေကအစ ကလေးတွေကို ပညာပေးနိုင်အောင်ရည်ရွယ်ပြီးထားခဲ့တာတဲ့ သမီးရယ်။

ဒီလိုနဲ့ ဘွားဘွားက အသက် ၃ဝ အထိ ပညာသင်ခဲ့ပြီး၊ ကျောင်းဆရာမအဖြစ်နဲ့ လုပ်သက် ၃ဝ လုပ်၊ အသက် ၆ဝ မှာ ပင်စင် ရပြီး အခု အသက် ၉ဝ ဆိုတော့ ပင်စင်သက်က ၃ဝ ပေါ့ သမီးရယ်။

သမီးရေ ဖင်လန်ကကျောင်းဆရာမ အငြိမ်းစားကြီး ဖွားဖွားနဲ့ စကားပြောရတော့ ဖေဖေလည်း သမီးတို့ ဖွားဖွား ကျောင်း ဆရာမ အငြိမ်းစား ကရင်မကြီး ဖေဖေ့ အမေကို သတိရတာပေါ့ သမီးရယ်။

သမီးရေ ပညာကို ငယ်တုန်းမှာ ကြိုးစားသင်ပါကွယ်၊ ငယ်တဲ့အချိန်မှာ သင်ကြားခြင်းကို သင်ယူခြင်းဆိုတဲ့ သင်ယူနိုင်တဲ့ နည်းစနစ်တွေကို သေသေချာချာ ကျွမ်းကျင်အောင် လေ့လာပါကွယ်။ စာအုပ်ကြီးတအုပ်လုံးကိုဖတ်ရပေမဲ့ အကြောင်း အရာက ဘာလဲဆိုတဲ့ အဓိက အရေးကြီးတဲ့ အချက်ကို ဖမ်းနိုင်တဲ့ နည်းစနစ်ကို ဆရာ/မတွေက သင်ကြားပေးနေတာလေ။

ဖေဖေတို့တုန်းကတော့ ဘာမှန်းမသိတဲ့စာအုပ်ကြီးကို ရှေ့မှာထားပြီး၊ ဆရာမကလည်း သူထင်ရာမြင်ရာ လျှောက်ပြော၊ နောက်ဆုံး မေးခွန်းနဲ့အဖြေကို အလွတ်ကျက်ပြီး ဦးနှောက်ကို ပုံသွင်းတဲ့စနစ်နဲ့ ကြီးလာတော့ အတွေးအခေါ်က ဖြန့်ကျက် နိုင်မှု့၊ စဉ်းစားဆင်ခြင်နိုင်မှု နည်းသွားတာပေါ့ သမီးရယ်။

သမီးရေ ဘဝမှာ ၃ဝ/၃ဝ/၃ဝ ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ ဖွားဖွားလိုနေနိုင်အောင် ငယ်ရွယ်စဉ်မှာ ပညာကို ကြိုးစားပြီး သင်ပါပဲ ထပ်ပြောပါတယ် သမီးရယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts