ရသဆောင်းပါးစုံ ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) ● မြို့ရေပေးစနစ်

ဇော်အောင် (မုံရွာ) ● မြို့ရေပေးစနစ်
(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၁၇

● ရန်ကုန်တိုက်ခန်းငှားနေ ရေဒုက္ခ
မြို့ထဲနေရတာ တော်တော်အဆင်ပြေပါတယ်။ ဘဏ်တွေလည်းပေါ။ ဆိုင်တွေလဲပေါ။ ဈေးဝယ်ရင်လဲ လတ်ဆပ်တဲ့ အသီး ရွက်သားငါးတွေ ရပါတယ်။ မဟာဗန္ဓုလပန်းခြံနားက တိုက်ခန်းမှာနေတော့ မနက်ခင်းဆို ပန်းခြံသွား လမ်းလျှောက် လေရှူ၊ များများလျောက်နိုင်ရင် ကန်တော်ကြီး ကလဝိတ်ထိ လမ်းလျှောက်နိုင်တယ်။ ဧမာနွေလ ခရစ်ယန်ဘုရားကျောင်းသွား မနက်တိုင်း ၆း ၃၀ အာရုံဦးဝတ်ပြုကိုးကွယ် အစီစဉ် တနာရီ တေးဂီတများနဲ့ပါ။ ဗုဒ္ဓဘာသာဆို ဆူးလေ ဗိုလ်တထောင် ရွှေတိဂုံအထိ အလွယ်တကူ ဘုရားဖူးနိုင်ပါတယ်။

ကြည့်တတ်ရင်တော့ စိတ်ချမ်းမြေ့စရာချည်းပါ။ ဒါပေမဲ့ ညစ်ပတ်မွဲတေတဲ့ လက်လုပ်လက်စား ကလေးအလုပ်သမားများကို တွေ့ချိန်တော့ ဒေါ်အောင်ဆန်းစုကြည် ဦးဖြိုးမင်းသိန်းတို့ ဘယ်လိုခံစားမလဲ သိချင်လှပါတယ်။

သနားဂရုဏာနဲ့ မေတ္တာသစ္စာ အပြည့်ထား ပြုံးပြလက်ဝှေ့ရမ်းပြကြမှာပါ။

● ရေပြဿနာ
တိုက်ခန်းပြန်ရောက်တော့ အိမ်သာသွား ရေဆွဲချတယ်။ ရေမစင်သေးတော့ နောက်တခေါက် ရေထပ်ဆွဲချတာ မရတော့ပါ။ တိုက်က အခြားတိုက်ခန်းနေတွေက ပြောပြတယ်။ ရေပြတ်သွားတယ်ဆိုပဲ။ အဝီစိရေ ခမ်းသွားသလားစုံစမ်းတော့ အဝီစိ ရေမဟုတ်ဘူး . . ဂျိုးဖြူရေမလာလို့တဲ့။

လက်စသတ်တော့ ဂျိုးဖြူရေကို ပန့်တခုစီနဲ့ ရေတင်သုံးကြတာကိုး။ ကန်ထရိုက်တိုက်ဆောက်သူကလဲ ရေကန်မထားပဲ အ ဝီစီလဲတူးမပေး ၊ တိုက်ခန်းရေကန်ကလည်း ၃၀၀ လီတာပဲ ဆန့်တော့ ရေလုံးဝပြတ်သွားပြီပဲ။

ဒီတော့ ချေးနံ့အိမ်သာကို ရေဝယ်ဆေးကြောရတယ်။ ချက်ပြုတ်ရေချိုး မလုပ်နိုင်တော့ပါ။ အပြင်မှာ ရေဝယ်လဲ ချက်ပြုတ်လဲ အိုကေပါ။ တနပ်တလေ လမ်းဘေးဈေး ကျပ် ၁ ထောင်ပဲ။ အိုကေ။

တခါ တခါ ၃ ရက်လောက် ရေပြတ်တတ်တယ်။ ဒီတော့ ပြဿနာကြီးပေါ့။ တိုက်အထပ်မြင့်လေလေ ညေညာင်းနေအောင် တက်ရလေလေ ရေရောင်းတဲ့ လူငယ်လေးများ ၆ ထပ်တိုက်တက်ရင် တပုံး ၄၀၀ ကျပ်ကနေ ၆၀၀ ကျပ် ပေးရတယ်။ ပေး ပေါ့လေ။

သောက်ရေက ရေသန့် ၂၀ လီတာတပုံး ၄၀၀ ကျပ် ပလပ်စတစ်ပုံးအပေါင် ၃ ထောင်ကျပ်ပေးရတယ်။ တနေ့တာတော့ ရေသန့်ပုံး ၃ လုံးဝယ်ပြီး ချွေတာစုဆောင်း ရေဒုက္ခပေါ့။

● မြို့ရေပေးစနစ်
တိုးတက်တဲ့နိုင်ငံတိုင်း မြို့ရေပေးရေး စနစ်နဲ့ လျှပ်စစ်ဖြန့်ဖြူးရေးကို မြို့တော်ဝန်များက ဈေးအသက်သာဆုံး လုပ်ပေးပါတယ်။ JICA WorldBank ဂျပန်ချေးငွေနဲ့ ဖျာပုံမြို့ ရေပေးစနစ်ကို သွားရောက်လေ့လာတဲ့အခါ (စင်ကာပူ ဗီယက်နမ်အဆင့် ပစ္စည်း ကောင်းနဲ့ နှစ် ၃၀ ခံဖို့ ဒေါ်လာ ၅ သိန်း တင်ဒါဝင်ခဲ့ပေမဲ့ ဈေးတဝက် တရုတ်စက်တွေပဲရွေးသွားပါတယ်)။ ရေကန် ဆောက် လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းလောက် (အတိကျမသိပါ) ချေးပါတယ်။ ဒီငွေတွေက ဖျာပုံပြည်သူ လူထု ပြန်ဆပ်ရမဲ့ နှစ်၃၀ ချေးငွေပါ။ ၉၀ ရာခိုင်နှုန်းချေးငွေကို ဆောက်လုပ်ရေး ရေကန်တူးသုံးလိုက်ပြီး ၁၀ ရာခိုင်နှုန်း ငွေကျတော ဒေါ်လာ ၁ သန်းတန် နှစ် ၃၀ ခံမဲ့ ရေပန့်နဲ့ လျှပ်စစ်ဓါတ်အား ဝယ်မသုံးပဲ တရုတ်လုပ် ၅ နှစ် ၁၀ နှစ်တောင် မခံမဲ့စက်တွေ ဝယ်သုံးပါတယ်။ လာကြည့်တဲ့ ဂျပန် အမေရိကန်တွေလည်း ဘင်္ဂလာဒေ့ခ်ျ၊ ကမ္ဘောဒီးယား၊ အာဖရိကတွေထက် သာတယ် ဆိုပြီး လက်ခံပေးနေရပါတယ်။

ဒါတွေကြောင့် ချေးငွေမဆပ်နိုင်တဲ့ မြန်မာအစိုးရ ၁၉၈၇ တုန်းက လူမွဲနိုင်ငံခံယူထားတာ အခု ၂၀၁၇ ထိ မလွတ်သေးပါ။ မွဲ နေဆဲ သတိရစေချင်ပါတယ်။

မြို့ရေပေးရေးစနစ် ရန်ကုန်မှာ အဝီစီတွင်းတွေ နင်းကန်တူး၊ မြေအောက်ရေထုတ်ပြီး မြေပြိုနိုမ်မကျအောင် ကာကွယ်ရပါမယ်။ ရန်ကုန်မြို့တော် ရေပေးရေး ဖူးကြီး၊ လှော်ကား ရေလှောင်ကန်များ ရှိနေပေမဲ့ ရေပိုက် ရေပန့် ကောင်းကောင်းဝယ် ယူတပ် ဆင်ဖို့ ငွေချေးမဲ့သူတွေရှိနေပါပြီ။

မေတ္တာသစ္စာနဲ့လုပ်ပေးမဲ့ လူတော်လူကောင်း စာရိတ္တကောင်းများကို မြို့နယ်တိုင်း အစိုးရအုပ်ချုပ်ရေးမှူးများက ပါဝင်လက် တွဲ ခေါ်ရပါမယ်။

● ခြစားမှုနဲ့ မြန်မာအင်ဂျင်နီယာများ
မြန်မာအစိုးရ ပညာရေး ကျန်းမာရေး လယ်ဆည် စတဲ့ အဆောက်ဦတင်ဒါများ ၁၅ ရာခိုင်နှုန်း တိုင်းဦးစီးမှုးကို တင်ဒါအောင် တဲ့စာ ထွက်တာနဲ့ ငွေထုတ်ပိုက် ချက်ချင်းသွားပေးရနေဆဲပါ။ တိုင်းဒေသကြီးတခု သိန်း ၁၀၀၀ ပရိုဂျတ် ၂၀ လောက်ရှိတယ် ဆို အဲဒီတိုင်းဦးစီးမှူး ဘယ်လောက်ချမ်းသာနေသလဲဆိုတာ ခန့်မှန်နိုင်ပါတယ်။ အရင် ဦးသိန်းစိန်အစိုးရ စစ်ဗိုလ်များကို ပေး ကမ်းရတယ် အခု လွတ်လွတ်ကျွတ်ကျွတ် လာဘ်စားလို့ရနေတာ အခု ဘယ်လိုထိန်းမလဲ။ နိုင်ငံတော်ငွေတွေ ဇီးသီဗန်း မှောက်ဆဲ။

မြို့နယ်တိုင်း စည်ပင်နဲ့ အခွန် ဌာန ၂ ခုက သူဌေး အသေး အကြီးတွေ တိုက်တာအိမ်ယာ ဆောက်လုပ်ရေးပါမစ်ကနေ လာဘ်စား (ဆောရီး ဝန်ဆောင်ခယူ) နေကြတာလဲ တားမရ ဆီးမရ ဖြစ်နေဆဲပါ။ တနှစ်ကို အိမ်အလုံးပေါင်း ၁၀၀၀ လောက် ဆောက်တဲ့မြို့ကလေးဆို တခုကို ၁၅ သိန်းစီ စည်ပင်နဲ့အခွန်ဌာနက သူတို့ဝန်ထမ်းရဲ့ အိတ်ထဲထည့်ရင် သိန်းနဲ့မပြောတော့ ကျပ်ဘီလျံနဲ့ချီပြီး မြန်မာ့မြို့ပေါင်း ၃၂၅ မြို့မှာ ဇီးသီးဗန်းမှောက်နေဆဲပါ။ အခွန်ဌာနနဲ့ မြေစာရင်းဌာနဆိုရင် ပိုရှုပ်ပါတယ်။ စင်ကာပူမှာ တလ ဒေါ်လာ ၁၅၀၊ ၂၃ နှစ်၊ စုစုပေါင်း ဒေါ်လာ ၆ သောင်းလောက် ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ခဲ့တာ ပြေစာပြ လည်း “ဒါမြန်မာပြည်” ဆိုပြီး အကြုံးမဝင်ပါ။ ချွေးနည်းစာငွေနဲ့ အိမ်ခြံမြေဝယ်တာကို ၃၀ ရာခိုင်နှုန်း  ထပ်တောင်းချင်ကြ သေးတယ်။ ၅ ရာခိုင်နှုန်းလောက်နဲ့ လုပ်ပေးမယ် လာသေးတယ်။ မလွယ်တဲ့ မြန်မာပြည်စနစ်ပျက်ကြီးပါ။ ပြုပြင်နေဆဲပါ။ အမေစု ၅ နှစ်အတွင်း ပညာရှင်တွေ လစာကောင်းရပါမယ်။ ဒေါ်လာ ၂ ထောင် ၃ ထောင် လစာပေးမယ့် နိုင်ငံခြား ကုမဏီ တွေ များစွာရောက်လာကြပါမယ်။

အင်ဂျင်နီယာများ ချမ်းသာဖို့ဆိုတာ ပြည်သူ့ဘဏ္ဍာ ခြစားနည်းပဲရှိတော့ မချမ်းသာချင်ကြပါနဲ့။ မိမိလုပ်အားခ တန်ရာ တန် ကြေးရဖို့ပဲ တောင်းဆို၊ မိမိအလုပ်ကို လေ့လာကြိုးစား သင်တန်းများများတက် စာများများဖတ်ထားရပါမယ်။ အချိန်စောင့် နိုင်သူ စိတ်ရှည်သူ ငွေစုဆောင်း အသုံးချနိုင်သူများသာ ချမ်းသာလေ့ရှိပါတယ်။

● နိဂုံး
ပုသိမ်မြို့လည်း အင်္ဂလိပ်ခေတ် ရေပေးစီမံကိန်း အခု ပျက်စီးသွားသလို မြို့တိုင်း ရေပေးစီမံကိန်းတွေ ပျက်စီးနေပါတယ်။ ရေသန့်ဝယ်သောက် ငွေကြေးဖြုန်းတီး တပြည်လုံးအတိုင်းအတာအရ ငွေယိုပေါက်ကြီးပါ။ မြို့ကြီးတိုင်း ရေပေးဝေစနစ် ရှိတယ်။ ပေးတဲ့ရေကွာလတီက မြန်မာပြည်က ရေသန့်ဆိုတာတွေထက် သာလွန်ပါတယ်။

မိမိမြို့ကို ရေပေးစနစ် ကောင်းကောင်းရရှိဖို့ ဒီစာဖတ်သူများ စဉ်းစားကြမယ် မျှော်လင့်ပါတယ်။ ချေးငွေက နိုင်ငံတကာက ပေးပါတယ်။ အကောင်ထည်ဖေါ်မဲ့ လူငယ်သွေးသစ်များနဲ့ လူကြီး Myanmar God Attitude များ လိုအပ်နေပါတယ်။

ဇော်အောင် (မုံရွာ)
၁၂.၁.၂၀၁၇

photo credit : New York Times


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts