ကဗျာ

ဆလိုင်းမြတ်နိုးသူ ● အိပ်ရေးမဝသူရဲ့ မမြင်ရ သစ်သီး

ဆလိုင်းမြတ်နိုးသူ ● အိပ်ရေးမဝသူရဲ့ မမြင်ရ သစ်သီး
(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၁၇

ဆင်တွေဟာ ဓာတ်ဗူးထဲမှာ နွေးနွေးနဲ့ အကြီးကြီး အိအိထိုင်နေကြ
ပြီးတာနဲ့ သူတို့ဟာ ထွက်လာကြပြီးတော့ ငါတို့ ကို ကျွန်ပြုကြလိမ့်မယ်
အဲ့ဒီလို ငါတယောက်ပဲ အမြဲတွေးမိတယ် ဟုတ်တယ် ငါ့မှာ ရောဂါရှည်ရှိတယ်
ဝေးလွန်းလို့ ဖုန်းနံပါတ်ကို ခေါ်မိတိုင်း စက်ပိတ်ထားပါသည် ထပ်မံခေါ်ဆိုပါရန်တဲ့

ရှည်လာတာဆိုလို့ အမွှေးတွေ ဒါကို သိပ်ဂုဏ်ယူတယ်
ဒါကလည်း ရောဂါတမျိုးလို့ ဆိုကြတယ်
ဆိုလိုတာက ဆင်တွေဟာ အမွှေးတွေကြားမှာ ကပ်ပါးကောင်တွေအဖြစ်ဆိုတဲ့သဘော
အားလုံးဟာ ဆွေးကြရတယ် ဒီထဲကနေပဲ ကွာတာ ရှိတယ်

ငါတော့ ညညဆို သိပ်အိပ်ရဲတာ မဟုတ်ဘူး ကြောက်စရာတွေ သိပ်များတယ်
ငါ့ကိုယ်ငါတောင် ကြောက်တယ် မင်းမပြောနဲ့ 
ဒီတော့ ငါတို့မှာ ရယ်စရာတွေ အများကြီးရှိရမယ်
တဘဝလုံး ငါတို့ရယ်မောနေကြဖို့လိုတယ်
(ရယ်တဲ့နေရာမှာ ချွေတာစုဆောင်းဖို့ရာ မလိုပါ)
ရယ်ပြီးတော့ သေကြတာပေါ့ သေတယ်ဆိုတာမျိုးကလည်း ရယ်စရာပဲလေ
သေသွားပြီးရင်လည်း ထပ်ရယ်လိုက်ကြမယ်
ကြောက်ကြောက်နဲ့ ဒီနည်းက ပိုအဆင်ပြေတယ်
ဆင်တွေဟာ အမွှေးတွေကြားထဲကနေ ငါတို့ကို ချောင်းကြည့်နေလိမ့်မယ်
သူတို့တွေရဲ့အနွေးဓာတ်ဟာလည်း ပုံဆောင်ခဲအဆင့်ကနေ ကျသွားလိမ့်မယ်
ငါတို့အနေနဲ့ တော့ အဲ့ဒါကို မြင်ဖို့လိုချင်မှ လိုပါလိမ့်မယ်။

ဆလိုင်းမြတ်နိုးသူ
ဇန်နဝါရီ ၁၀၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts