ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – စိန်ခေါ်မှုတွေ ကျော်လွှားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ခွန်အားပေးဝိုင်းရံပေးကြစို့ – ၁


ဗိုလ်ထက်မင်း – စိန်ခေါ်မှုတွေ ကျော်လွှားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ခွန်အားပေးဝိုင်းရံပေးကြစို့ – ၁
(မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၇

၁။ အနောက်တိုင်းမီဒီယာအချို့ဟာ စစ်ရေးသုတေသီ၊ ဆောင်းပါးရှင်တွေရဲ့ဒေါ်အောင်ဆန်းစုကြည် နဲ့တပ်မတော်အပေါ် တဖက်သတ်ဆန်တဲ့ ဝေဖန်ချက်တွေကို တင်ပေးနေတာသိရတော့ လူထု တွေဝေသွားမှာ စိုးရိမ်လာတဲ့အတွက် စောင့်ကြည်နေလို့မရတော့ဘဲ အခုဆောင်းပါး ရေးသားလိုက်တာ ဖြစ်ပါတယ်။

စာရေးသူ ဒီဆောင်းပါး ရေးရတဲ့ ရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို စာရေးသူ လေးစားကြည်ညိုဆုံး တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့ တပ်အစဉ်အလာအရ တပ်မိသားစုသဖွယ် ဝိုင်းရံ ပေးရမည်ဆိုတဲ့ ခံယူချက်၊ စစ်အာဏာရှင်တွေ ရက်စက်ကြမ်းကြုတ်တာကို ဘာသာတရားနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးအရ တော်ရုံလူ ခွင့်မလွှတ်နိုင်တာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွင့်လွှတ်ပေးခဲ့မှုအား လေးစား ချီးကျူးတဲ့ စိတ်ဖြင့် သူမအပေါ် တဖက်သတ်ဆန်တဲ့ ဝေဖန်ချက်တွေကို ချေပသွားပါမယ်။ ဒါ့အပြင် ယခင်ကလို ပြတ်သားစွာ မာမာထန်ထန် တပ်မတော်အနေနဲ့လုပ်ကိုင်လို့မရဘဲ တချက်မှားတာနဲ့မီဒီယာပေါ်ရောက်လာ တာမို့ အစစအရာရာ အကန့်အသတ်တွေ ကြားထဲက သည်းခံထိမ်းချုပ်လုပ်နေရက်သားနဲ့ ဒီအားနည်းချက်ကို အသုံးချကာ ရန်သူက အသားလွတ် ချလို့တပ်မတော်သားများ အသက်သွေးချွေး ရင်းနှီးပေးဆပ်နေရတာကို
မသိချင်ယောင်ဆောင်ကာ တပ်က ထိုးစစ်ဆင်တဲ့အခါကျတော့ ဘက်လိုက်ပြီး ဝေဖန်တာများလာတော့ ခံစားချက်များနေတဲ့ တပ်မတော်သားများ ရှိလာတာမို့ ရဲဘော်ရဲဘက် သံယောဇဉ်အရ လူထုအထင်အမြင်မလွှဲစေဖို့ ပြန်လည် တုန့်ပြန်ရတာဖြစ်ပါတယ်။

၂။ ဒီလိုရေးတော့ စာရေးသူက အာဏာရှိသူတွေကို “ဖါး”တယ်လို့စွပ်စွဲနိုင်ပါတယ်။ တပ်မတော်တွင်  အဖါးတော် အပါအဝင် တော်(၃)တော်ရှိတဲ့အကြောင်း ဝေဖန်တဲ့ စာရေးသူဆောင်းပါး RFA မှာ ထုတ်လွှင့်ခဲ့ပြီး ဖြစ်ရာ“ ဖါး”တာကို ရွံမုန်းခဲ့လို့ တပ်ထဲမှ ထွက်လာတဲ့ အကြောင်းရင်းတချက်ထဲမှာ ပါပါတယ်။ ဒီနေ့ထိ ကြီး ၂ ကြီးနဲ့ တိုက်ရိုက်ဆက်သွယ်မှု မရှိသလို သူတို့ကလည်း စာရေးသူတင်ပြချက်အားလုံးကို ယူချင်မှယူမှာဖြစ်ပြီး အုတ်တချပ်သဲတပွင့် ကိုးကားခဲ့ရင်တောင် ပီတိနဲ့ကျေနပ်နေမည့်သူဖြစ်ပါတယ်။ အာဏာစတင်လွှဲပြောင်းချိန်မှာ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်အချို့ဟာ စစ်အာဏာရှင်များရဲ့ အငွေ့အသက် ခံယူနိုင်မည့် အစဉ်အလာရှိတာမို့ ဒေါ်အောင်ဆန်းစုကြည်ထံ ချောမွေ့ညင်သာစွာ အာဏာလွှဲပေးနိုင်ပါ့မလားဆိုတဲ့ လူထုရဲ့စိုးရိမ်ပူပန်မှု ရှိနေပါတယ်။ ဒီလို နှစ်ဖက်ညှိနေချိန်မှာ အဆင်ပြေနိုင်မည့် ပူးပေါင်းနိုင်တဲ့ နည်းဗျူဟာ၊ ဆက်ဆံရေး၊ တပ်ရဲ့ လိုင်းထိုးထားတဲ့သူတွေရဲ့ power line up၊ အတွင်းသဘောတွေကို တတ်နိုင်သမျှ တင်ပြပေးခဲ့ပါတယ်။

နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ရေးအတွက် တပ်ဘက်ကို အကြံပြု လမ်းကြောင်းပေးခဲ့သလို တပ်က ယခုထိ နံမည်ပျက်နေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကိုတောင် လွှဲပေးသင့်ကြောင်း အမုန်းခံပြီး ထောက်ပြခဲ့ပါတယ်။ တပ်ချုပ်ရဲ့လုပ်ပုံကိုင်ပုံ ကိုလည်း အားမနာတမ်း ဝေဖန်ခဲ့သူဖြစ်ပါတယ်။ ဒီတကြိမ်တော့ တပ်မတော်သားများရဲ့ခံစားချက်ကို နားလည်ပေးရမှာဖြစ်ပြီး တပ်ချုပ်ကိုယ်စား ရှေ့နေ လိုက်ပေးနေသလို ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ တပ်မတော်သားများရဲ့ ခံစားချက်ကို လူထုသိအောင် တင်ပြရမည့် တာဝန်တော့ လုပ်ရမှာ ဖြစ်ပါတယ်။

၃။ စာရေးသူ ဒီဆောင်ပါးစတင်ရေးချိန် (ရခိုင်ကိစ္စ ဖြစ်ပြီး ရှမ်းမြောက်ပိုင်း တိုက်ပွဲဆက်ဖြစ်လာချိန်) အထဲက မျိုးချစ်တပ်မတော်အရာရှိတွေက နောက်ကွယ်မှာ ဇာတ်လမ်းတွေ ရှိနိုင်သေးတာမို့ စောင့်ကြည့်ဖို့ ပြောပါတယ်၊ ဒီမိုလိုလားတဲ့ တပ်မတော်အရာရှိတချို့ကလည်း ခဏထိန်းထားဖို့ပြောပါတယ်။ NCA ထိုးထားတဲ့  မိတ်ဆွေတချို့က တားကြပြီး Hard Liner တွေ( မြောက်ပိုင်းအဖွဲ့ကို ထောက်ခံသူတွေ) က မျက်ထောင့်နီနဲ့ကြည့်တာ ခံရပါတယ်။ ကျေးဇူးရှိတဲ့ တော်လှန်ရေးလုပ်ခဲ့တဲ့ ဖထီးတစ်ဦးဆိုရင် နှုတ်ခွန်းဆက်စကား လုပ်နေကျတောင် တော်တော်နဲ့စကားမေး မရပါ၊ တိုက်ပွဲတွေပြီးသွားလို့ မြောက်ပိုင်းမဟာမိတ်တွေအပေါ် အားနည်းသွားသူကို  ဖိအားပေး တယ်လို့ ပြောခံရနိုင်တာမို့ အသာ မရေးတော့ဘဲ ထားခဲ့ပါတယ်။ဒါပေမဲ့ အနောက်တိုင်း မီဒီယာတချို့ဟာ ဒေါ်အောင်ဆန်းစုကြည်အား အရှိန်အဝါကျလာတယ်။ တပ်မတော်ကို မတားဖူး၊ မလွှမ်းနိုင်ဖူး၊ တပ်မတော်ကဘဲ ထိုးစစ်တွေဆင်နွဲလာလို့ မြောက်ပိုင်းမဟာမိတ်တွေက တန်ပြန်ထိုးစစ်ဆင်တာကိုဘဲ တရားတယ်ပုံစံမျိုး၊ NCA ငြိမ်းချမ်းခရီးစဉ် မှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ တွေနဲ့ပါတီခေါင်းဆောင်ကို တွေ့ဖို့ ပျက်ကွက်ပြီး တပ်မတော်ကိုဘဲ မျက်နှာပေးနေသလို၊ တိုင်းရင်သားနယ်မြေမှာ ရွေးကောက်ပွဲလုပ်ရင် တကယ်တမ်း မနိုင်နိုင်ပုံ စသဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်လာတော့ ဒီစွပ်စွဲချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေပြီး ပြန်လည်တုန့်ပြန်ဖို့ စိတ်အားထက်သန်လာကာ ရေးလက်စ ဆောင်းပါးကို ပြန်လည် အသက်သွင်းရပါတော့တယ်။

ယနေ့စိန်ခေါ်မှူတွေ ဘာတွေလဲ ဦးစွာတင်ပြပါမယ်။

၎။ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်းတောဒေသ အကြမ်းဖက်ခံရမှု အကျပ်အတည်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတိုက်ပွဲတွေဟာ ရှေ့နောက်ဆိုသလို ဆက်တိုက် ဖြစ်လာတာကြောင့် ပြည်တွင်း ပြည်ပ ဖိအားတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေ ဘာလို့ဖြစ်လာရတာလဲ၊ နောက်ကွယ်မှာ လက်မဲကြီးလိုမျိုး ဘယ်လို ဇာတ်လမ်းတွေရှိနိုင်တယ်၊ Power Game Plan ဘယ်သူတွေက လုပ်နိုင်တာလဲ၊ အဲဒီလိုလုပ်လိုက်လို့ မထင်မှတ်တဲ့ ဆိုးကျိုးတွေ၊ ရလဒ်တွေ ပေါ်ထွက်လာတယ်၊ နိုင်ငံတော် (အကြီးအကဲ/ အတိုင်ပင်ခံပုဂ္ဂိုလ်) ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စဉ်းစားချင့်ချိန်နိုင်ဖို့ Strategic Thinking Thought ကိုတင်ပြသွားပါ့မယ်။

၅။ တရုတ်ရဲ့ Power Game Plan အဖြစ် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တိုက်ကွက်ဖေါ်ခိုင်းနိုင်တယ်လို့ တပ်မတော်အရာရှိတချို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာ ထမ်းဆောင်ခဲ့တဲ့ သူတစ်ဦးက ခန့်မှန်းပါတယ်။ တရုတ်ရဲ့သည်းခြေဖြစ်တဲ့ မြစ်ဆုံစီမံကိန်း မရေရာ မသေချာဖြစ်နေတာရယ်၊ မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်သြဇာ တည်ဆောက်လိုတာရယ်၊ အနောက်နိုင်ငံတွေ ဝင်ရောက်စွက်ဖက်မှာကို မလိုလားတာကြောင့်  စစ်ရေးနည်ဗျုဟာ ဖိအားပေး စမ်းသပ်လာနိုင်တယ်လို့ သူတို့က သုံးသပ်ပါတယ်။ ဘာလို့လဲဆိုတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ လျှို့ဝှက်စစ်ဆင်ရေးအစည်းအဝေးကို တရုတ်နယ်ထဲမှာ လုပ်တာမို့တရုတ်မသိဘဲနဲ့ လုပ်တာတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဖူးလို့ယူဆကြပါတယ်။ စဉ်းစားစရာကောင်းတာက တရုတ်လုပ်ခိုင်းတယ် ဆိုရင်တောင် မူဆယ်-၁၀၅မိုင် ကုန်သွယ်ရေးဂိတ်ကို ဝင်ပစ်ခိုင်းတာမျိုး၊ တရုတ်ရဲ့ထမင်းအိုးကို ခွဲခံ၊ ထိခိုက်ခံပါ့မလား ဆိုတာ ယူဆစရာရှိပါတယ်။ ဒါပေမဲ့ မူဆယ်ဂိတ်ကို ချခိုင်းကတည်းက တရုတ်ခိုင်းတာ  မဟုတ်သလိုလို၊ မသိလိုက်သလိုလို၊ ဇာတ်ကွက် အသွင်တစ်ရပ် ဖန်တီးတာဖြစ်ပြီး ရှင်းရှင်းပြောရရင် ထိုးကျွေးတာကော မဖြစ်နိုင်ဖူးလား ဆိုတဲ့ အမြင်ပေါ်ထွက်လာပါတယ်။ တရုတ်ပတ်သက်နိုင်တဲ့ သွင်ပြင်လက္ခဏာတွေ  သံသယဖြစ်ဖွယ်တွေ့ရှိလာလို့လည်း Power Game Plan လုပ်တာလို့ပြောလာတာ ဖြစ်ပါတယ်။ အဲဒါတွေက  တပ်မတော်(လေ) ဂျက်ဖိုက်တာ A5 လေယာဉ်ကို ပစ်လိုက်တဲ့ FN6 ပခုံးထမ်းဒုံးဟာ မှောင်ခိုလက်နက်ဈေးကွက်မှာ တော်ရုံရဖို့မလွယ်တဲ့ ကြီးကြပ်ကန့်သတ် လက်နက်ဖြစ်ပြီး တရုတ်က လာအိုက တဆင့် တဖက်လှည့်နဲ့ရောင်းချပေးတာလား၊တိုက်ပွဲ မဖြစ်ခင် တိုက်ပွဲဝင်မည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်အချို့ဟာ အရပ်သားအဖြစ် တရုတ်နယ်စပ် ဖြတ်ကျော်ပြီးမှ ရောက်လာနိုင်သလို တိုက်ပွဲမှ လန်ကျပြီး ဆုတ်ခွါလာတဲ့ စစ်သည်များဟာ ထွက်ပေါက်အဖြစ် တရုတ်နယ်စပ်ထဲ ဝင်ရောက်သွားတဲ့ ဗွီဒီယိုဖိုင် လူမှုမီဒီယာမှာ ပေါ်ထွက်လာပါတယ်။ တရုတ်စစ်တပ်က ဖမ်းဆီးတယ်ဆိုရသော်လည်း ပြန်အပ်၊ မအပ် မသေချာသလို တရုတ်က တပ်မတော်လေယာဉ်များကို အမြဲတမ်း lock လုပ် အနီပေးခြင်းဖြင့် တိုက်စစ်အဟုန်ကို ထိန်းချုပ်ကာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို သွယ်ဝိုက်အားပေးနေတာ ပေါ်လွင်နေပါတယ်။ မြောက်ပိုင်းအဖွဲ့တွေကလည်း တရုတ်က ကြားဝင် ညှိနှိုင်းပေးဖို့ ဗျောင်ဘဲ ပြောလာပါတယ်။

၆။ ဒုတိယ Power Game Plan လုပ်နိုင်သူကတော့ KIA ဖြစ်နိုင်တယ်လို့ တချို့မျိုးချစ်တပ်အရာရှိတွေ က မြင်ကြပါတယ်။ UNFC ဦးဆောင်တဲ့ KIA ဟာ NCA စာချုပ်လက်မှတ်ထိုးဖို့ ထပ်ပြီးတောင်းဆိုလာတဲ့ အချက်  (၈/၉) ချက်နဲ့စပ်လျဉ်းပြီး အစိုးရက တုန့်ပြန်မှုမလုပ်တဲ့ အတွက် ရှေ့ကို ဘယ်လိုတိုးရမလဲ ဆိုတာ အကြပ်ရိုက်နေသလို TNLA ၊ AA ၊ MNDAA ၃ ဖွဲ့ကျန်နေလို့ နိုင်ငံတကာသိအောင် စစ်ရေးအရ တိုက်ကွက်ဖေါ် စီမံချက် ဖြစ်ပါတယ်။ အဓိကတော့ တပ်မတော်က စစ်ဆင်ရေးလုပ်နေတဲ့ ဂီဒွန် ခံစစ်ကုန်းကြီးအပေါ် ဖိအားလျှော့ကျစေဖို့လည်း ပါပါတယ်။ ရခိုင်မောင်းတော အကြမ်းဖက်ခံရမှုကြောင့် တပ်မတော်က တပ်တွေ ဆွဲထုတ်ကာ အနောက်ဖက်အာရုံရောက်နေပြီး တပ်အင်အား ပြန့်ကျဲနေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းကို တိုက်ကွက် ဖေါ်လာတာ ဖြစ်ပါတယ်။ ပရဟိတလုပ်နေတဲ့ ဆရာမတစ်ဦးရဲ့အမြင်အရ မောင်းတောကိစ္စ မပြီးသေးမှာပင် ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲ ဆက်တိုက် ဖြစ်လာတာ တိုက်ဆိုင်လွန်းလှပြီး ဆက်စပ်နိုင်တယ်လို့ တွက်ဆပါတယ်။ KIA နယ်မြေကို တောင်းတဲ့ ဘင်္ဂလီတွေသတင်း ထိုင်းမှာ ထွက်ပေါ်လာပေမဲ့ KIA က မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့ပါသေးတယ်။ ဒါပေမဲံ့  ရခိုင်ပြည်သူတွေ အကျပ်အတည်းဖြစ်ချိန်မှာ KIA ရဲ့ AA ရေငုံ နှုတ်ပိတ်နေတာမျိုး ထူးဆန်းနေသလို ဘင်္ဂလီတွေ အကြမ်းဖက်တဲ့ တိုက်ကွက်တွေဟာ စစ်နည်းဗျူဟာမြောက် တပြိုင်နက် ရဲစခန်းဌာနချုပ်ထိ လုပ်နိုင်တာဟာ ဘယ်သူကဘဲ နှပ်ကြောင်းပေးတာလဲ၊ အနည်းဆုံးတော့ သတင်းတော့ ကြိုတင်ရနိုင်တယ်လို့ ထင်မြင်သုံးသပ်ကြပါတယ်။

၇။ KIA ဟာ နိုင်ငံတကာ သိအောင် တိုက်ကွက်ဖေါ်တယ် ဆိုပြီး ကြေညာခိုင်းကတည်းက အနောက်နိုင်ငံတွေ စိတ်ဝင်စားလာဖို့၊ Donors ,NGOs ကတဆင့် ထောက်ပံ့မှု၊ USသံရုံးက မြစ်ကြီးနားမှာ သာသနာပြုအသင်းတော်တွေမှ တဆင့် မကြာခဏ ထိတွေ့ဆက်ဆံတာတွေ စတာတွေကို သူတို့ရဲ့ Network က လှုပ်ရှားနေတာ တွေရှိပါတယ်။ KIA ခြေလှမ်းကျဲမှုကို တရုတ်က သံသယဖြစ်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့တပ်ချုပ်တို့ရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ နယ်စပ် ခေါင်းစဉ်အနေနဲ့ ဆွေးနွေးခဲ့ဟန်တူပါတယ်။ ဒါကြောင့် တိုက်ပွဲတွေဖြစ်လာတာနဲ့ တပ်မတော်ရဲ့တန်ပြန်ထိုးစစ်အပေါ် လေယာဉ်ပျံသန်းမှူကအစ အသာတကြည် ခွင့်ပြုခဲ့ဟန်တူပြီး ယခင်ကလောက် တင်းမာတဲ့ လေသံမပေါ်ထွက်လာသလို တရုတ်ယူနန်စစ်ဒေသက ထိပ်တန်းဗိုလ်ချုပ် တစ်ဦး တိုက်ပွဲဖြစ်နေစဉ် အချိန်ကာလမှာပင် အားချင်းလာတာ တွေ့လိုက်ရပါတယ်။

၈။ တတိယ Power Game Plan စခိုင်းသူက UWSA လို့တပ်မတော်အရာရှိတချို့က မြင်ပါတယ်။ ပင်လုံညီလာခံက အပြန်၊ အစာမကြေဖြစ်ဟန်တူတဲ့ NDAA မိုင်းလားအဖွဲ့ကို UWSA က တပ်အလုံးအရင်းနဲ့ မိုင်းလားနယ်ထဲ ဝင်ရောက်တပ်စွဲတာက အစ တင်းမာမှု ဖြစ်လာပါတယ်။ တပ်မတော်က သတ်မှတ်ရက်ပေးပြီး ပြန်ဆုတ်ပေးဖို့တောင်းဆိုခဲ့တဲ့အပြင် ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ဆို့ခဲ့လို့ အကျပ်အတည်းဖြစ်နေပါတယ်။ ဒီလို တပ်တွေဆိုင်နေချိန်မှာ UWSA က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ကွက်ဖေါ်ခိုင်းလိုက်ဟန်တူတယ်လို့  တပ်မတော်အရာရှိ(ငြိမ်း) တဦးက ဆိုပါတယ်။ ဘာလို့လဲဆိုတော့ UWSA ဟာ KIA ,TNLA, AA, MNDAA တို့အပေါ် လက်နက်ခဲယမ်း ထောက်ပံ့မှုလုပ်နေတဲ့ သတင်း (လေယာဉ်ပစ် FN6 တောင်ပေးလိုက်ဟန်တူ) တွေ ထွက်နေတာဖြစ်ပြီး တကယ်လို့စစ်ဆင်ရေးအောင်မြင်ရင် ကျိုင်းတုံတောင် ဝင်သိမ်းမည့် အကြံအစီ ရှိကောင်း ရှိနိုင်တယ်လို့ပြောပါတယ်။ တိုက်ပွဲပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျရင် ရှမ်းပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက သူတို့အားလုံးတစုတတည်းတွေ့ဖို့ တောင်းဆိုတဲ့အပြင် UWSA ကို သက်သေထားပေးဖို့တောင်းဆိုသံ ထွက်ပေါ်လာတာဟာ UWSA လွှမ်းမိုးမှု သက်သေဘဲ ဖြစ်တယ်လို့ ဆိုပါတယ်။

၉။ ရခိုင်ပြည်နယ်မောင်းတော ဘင်္ဂလီများ အကြမ်းဖက်ကိစ္စဟာ နိုင်ငံတကာဖိအားပေါင်းစုံမှ ဝင်ရောက်နေရာ အထူးသတိကြီးစွာ ခံစစ်အနေအထားမှာ ရင်ဆိုင်နေရပြီး ဒေါ်အောင်ဆန်းစုကြည် စနစ်တကျ ဖြေရှင်းခဲ့ရာ သူမအပေါ် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက နားလည်ရပ်တည်ပေးပြီး အာဆီယံကလည်း အချိန်ပေးသင့်တယ်လို့တုန့်ပြန်လိုက်လို့ အသက်ရှု ချောင်ခဲ့ရပါတယ်။ မလေးရှားဝန်ကြီးချုပ် ကိုယ်တိုင် ပါနေပြီး ယခု ဆောင်းပါးရေးနေဆဲမှာပင် အီရန်က UN အထွေထွေအတွင်းရေးမှူချုပ်ထံ ချဉ်းကပ်ပြီး တစခန်းထလာသလို မလေးရှား ထောက်ပံ့ရေးသင်္ဘောတွေ ဇွတ်ဝင်မယ် လုပ်နေပါတယ်။ ဒါတွေကို စည်းလုံးခြင်းရဲ့အင်အားတစ်ရပ်နဲ့ ကာကွယ် တုန့်ပြန်ရတော့မှာဖြစ်ပါတယ်။ ဒီအင်အားကို ဘယ်လို ရယူတည်ဆောက်ကြမလဲ။ ပြည်တွင်းမှာဘဲ ရှိပါတယ်။

(ဆက်လက် ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts