ကဗျာ

လင်းသက်ငြိမ် ● အသုံးမကျတဲ့ကောင်


လင်းသက်ငြိမ် ● အသုံးမကျတဲ့ကောင်
(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၁၆

အသုံးကျခြင်းဆိုတဲ့မြို့ကြီးထဲ
အရာရာ အသုံးကျတဲ့ပစ္စည်းတွေနဲ့ လူတွေနဲ့
စည်ကားပျော်ရွှင်
အရာရာအသုံးကျတဲ့မြို့ကြီးဟာ ကမ္ဘာ့အံ့သြဖွယ်ရာ
အသုံးကျတဲ့မြို့ကြီးထဲ
နေ့စဉ်မပြတ် ဧည့်သည်များ တိုးဝှေ့ရှုပ်ယှက်ခပ်
အသုံးကျတဲ့မြို့ဆိုတော့ အသုံးကျသူတွေပါးစပ်ဖျားမှာ
အမြဲတမ်းရေပန်းစားတာပေါ့
ဖွင့်ထားတဲ့သီချင်းတွေကလည်း အသုံးကျတယ်
ပြထားတဲ့ရုပ်ရှင်တွေကလည်း အသုံးကျတယ်
လွင့်လာတဲ့သစ်ရွက်တောင် အသုံးကျအောင်
အသုံးချတတ်တဲ့မြို့ကြီးမှာ
လေလည်တာလည်း အချည်းအနှီးမဖြစ်စေရဘူးတဲ့
အသုံးကျတဲ့မြို့ဟာ အသုံးကျကျလှလှပပပဲ
မြို့ကိုအကျည်းတန်စေတာကတော့
မြို့စွန်ရပ်ကွပ်တစ်ခုက ဘာမှအသုံးမကျတဲ့လူပါပဲ
သူကအသုံးမကျတော့
အသုံးကျတဲ့မြို့ကြီးထဲအ၀င်မခံပါဘူး
အသုံးမကျတဲ့လူဟာ နေ့စဉ်နဲ့အမျှ
အသုံးကျတဲ့မြို့ကြီးနဲ့
အသုံးကျတဲ့မြို့သားတွေကိုပဲခိုးခိုးကြည့်နေရတယ်
တစ်ရက်
များတဲ့ဘက်လာစုတတ်တဲ့ ကံတရားလား
အများကြီးရှိနေလို့ ပိုပေးချင်နေတဲ့ နတ်တစ်ပါးပါးရဲ့စနက်လား
အသုံးကျတဲ့မြို့ကြီးထဲ အသုံးကျခြင်းမိုးတွေ
သည်းကြီးမည်းကြီးရွာချ
အသုံးကျတဲ့မြို့ဟာ အသုံးကျခြင်းတွေပြည့်လျှံသွားတာပေါ့
အရာရာအသုံးကျပြီးသားလူတွေဟာ
အသုံးကျခြင်းတွေကို ဂရုမစိုက်ကြဘူး
အသုံးကျခြင်းတွေ ရှုပ်ပွတောထလို့
အသုံးမကျတဲ့လူဟာ
အသုံးကျခြင်းတွေကိုကောက်ဖို့ထွက်လာတယ်
အသုံးကျခြင်းတွေအများကြီးကိုငေးမောမှင်သက်လို့
အသုံးမကျတဲ့လူစဉ်းစားတယ်
အသုံးကျခြင်းတွေဒီလောက်ပေါများနေပါလား
အသုံးကျခြင်းရဲ့တန်ဖိုးဟာဘာလဲ
အသုံးမကျတဲ့လူရဲ့စဉ်းစားခန်းဆိုတော့ဘာများ
အသုံးကျမှာတဲ့လဲ
အသုံးမကျသူဟာ အသုံးကျခြင်းတွေကို တချက်ငဲ့ကြည့်ပြီး
သူ့အခန်းတံခါးသူ ပြန်ပိတ်သွားတော့တယ်။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts