ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● မင်းဘယ်ပြေးမလဲ… ငါကကော

ဆောင်းယွန်းလ ● မင်းဘယ်ပြေးမလဲ… ငါကကော
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၇

ငါတို့မှာ
ပိုက်ဆံတွေအများကြီးရှိတဲ့အခါ
ရောမမြို့ကြီးပေါ်တခေါက် အလည်လျှောက်သွားလို့ရတယ်
အီဖဲလ်မျှော်စင်ဆ်ီကို သွားကြည့်လို့ရတယ်
အီဂျစ်ပြည်က ပိရမစ်တွေဆီကို အရောက်သွားလို့ရတယ်
ကာရေဘီယန်မှာ အပန်းသွားဖြေလို့ရတယ်
ပရေရီမြက်ခင်းကို တက်နင်းကြည့်လို့ရတယ်
ဖူဂျီတောင်တန်းတွေပေါ်အထိ အရောက်တက်ကြည့်လို့ရတယ်
ရော်ကီတောင်တန်းတွေပေါ်အထိ အရောက်တက်ကြည့်လို့ရတယ်
ဗင်းနစ်မှာသွားပြီး လှေစီးချင်လည်း စီးလို့ရတယ်။

ငါတို့မှာ
ပိုက်ဆံတွေအများကြီးရှိတဲ့အခါ
၂၀၁၆ခုနှစ်ထဲ နေခဲ့ချင်လည်း နေခဲ့လို့မရနိုင်ဘူး
၂၀၁၈ခုနှစ်ထဲ ကြိုတင်သွားနေချင်လည်း နေလို့မရနိုင်ဘူး။

ငါတို့မှာ
ပိုက်ဆံတပြားတချပ်မှမရှိလည်း
၂၀၁၇ ခုနှစ်ဆိုတဲ့ သက္ကရာဇ်တခုထဲမှာ
ကမ္ဘာ့အရှေ့နဲ့ အနောက်ခြမ်း
စက္ကန့် မိနစ်နဲ့ နာရီတွေကွဲရုံကလွဲပြီး ကျန်တာအားလုံး
အတူတူပဲ။

ဘာရက်အိုဘားမားလည်း ၂၀၁၇ ခုနှစ်ထဲမှာပဲ
ဒေါ်နယ်ထရန့်လည်း ၂၀၁၇ ခုနှစ်ထဲမှာပဲ
အန်တိုနီယိုဂတ်တားစ်လည်း ၂၀၁၇ ခုနှစ်ထဲမှာပဲ
ဒေါ်အောင်ဆန်းစုကြည်လည်း ၂၀၁၇ ခုနှစ်ထဲမှာပဲ
မင်းနဲ့ငါနဲ့လည်း ၂၀၁၇ ခုနှစ်ထဲမှာပဲ။
စစ်တိုက်ချင်ရင်လည်း ၂၀၁၇ ခုနှစ်ထဲမှာပဲ
ငြိမ်းချမ်းရေးရချင်ရင်လည်း ၂၀၁၇ ခုနှစ်ထဲမှာပဲ။

တယောက်နဲ့တယောက်
မိတ်ဆွေဖွဲ့ပြီး အိပ်နေခဲ့ချင်ရင်လည်း ၂၀၁၇ ခုနှစ်ထဲမှာပဲ
ရန်သူကို အလံဖြူထောင်ပြချင်ရင်လည်း ၂၀၁၇ ခုခှစ်ထဲမှာပဲ
မရေရာ မသေချာချင်ရင်လည်း ၂၀၁၇ ခုနှစ်ထဲမှာပဲ
ရေရေရာရာ အဖြေရှာချင်ရင်လည်း ၂၀၁၇ ခုနှစ်ထဲမှာပဲ။

သေချာတာတခုက
ငါတို့အားလုံးဟာ ၂၀၁၇ ခုနှစ်ဆိုတဲ့ သက္ကရာဇ်ထဲမှာ
မသေချာတာတွေအားလုံးကို
ကိုယ်စီကိုယ်ငှ အသေအချာကိုင်ထားကြရင်းပါ။

ဆောင်းယွန်းလ
(ဇန်နဝါရီလ ၂ ရက်၊ ၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဆောင်းယွန်းလ ● မင်းဘယ်ပြေးမလဲ… ငါကကော
  1. မြန်မာလိုဆိုရင်တော့ ၁၃၇၈ ခုထဲမှာပါ

Comments are closed.