တူမောင်ညို သူတို့အာဘော်

တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း – အပိုင်း (၇)

တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း – အပိုင်း (၇)

(လမ်းကမှားလို့ရှိရင် ပန်းတိုင်ရောက်တဲ့အခါမှာ ကိုယ်ထင်သလို မဟုတ်တာဖြစ်တတ်ပါတယ်)
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၆

လွတ်လပ်ရေးသက်တမ်း နှစ်ပေါင်း ၇၀ ကာလအတွင်း အုပ်စိုးသူအဆက်ဆက်က ပန်းတိုင်တွေ အမျိုးမျိုးဖော်ထုတ်ခဲ့ကြပြီ။  လူတစ်ကိုယ်၊ တိုက်တစ်လုံး၊ကားတစ်စီး၊ဝင်ငွေ ၈၀၀ ကျပ်ဆိုသော “ပြည်တော်သာ” ပန်းတိုင်။ “ဆိုရှယ်လစ် လူ့ဘောင်” ပန်းတိုင်၊ “ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး” ပန်းတိုင် စသဖြင့်။ ယခုနောက်ဆုံးပေါ်ပန်းတိုင်ကား “စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု” ဖြစ်လိမ့်မယ်။ ဤပန်းတိုင်ကား လျှောက်နေဆဲ။

● ပန်းတိုင်နဲ့ နည်းလမ်း
စေတနာနဲ့လက်တွေ့ အကျိုးသက်ရောက်မှုကား တစ်ထပ်တည်းကျရပေလိမ့်မယ်။ လူနာကိုဆေးကုတာပဲ မသေသင့်ဘဲ လူနာသေရတယ်ဆိုရင် စေတနာနဲ့လက်တွေ့ကုသမှုဟာ တစ်ထပ်တည်းမကျ။ “ဆေးသမား မထောင်းသာ လူနာမခံချိ” ဆို တာမျိုးဖြစ်မယ်။ သို့ပါ၍ စေတနာနဲ့အကျိုးသက်ရောက်မှု တစ်ထပ်တည်းကျရပေလိမ့်မယ်။

ထို့အတူ “ပန်းတိုင်နဲ့နည်းလမ်း” ကိုစဉ်းစားတဲ့အခါ (သို့တည်းမဟုတ်) ကြားရတဲ့အခါ လူထုသမိုင်းဖြတ်သန်းမှုအတွေ့ အကြုံ တွေနဲ့ချိန်ထိုးဆန်းစစ်ရမယ်၊ တိုင်းပြည်နဲ့လူထုရဲ့ရေတိုရေရှည် အကျိုးစီးပွား ဘယ်လောက်ရှိ/မရှိဆိုတဲ့ ပေတံနဲ့သာ တိုင်း တာရမယ်။ အခြားပေတံ၊ အခြားစံမရှိ။

အုပ်စိုးသူတွေဟာ သူတို့အာဏာရ တွင်ကျယ်နေစဉ် “ပန်းတိုင်” နဲ့ပတ်သက်ပြီး မစားရဝခမန်း လေလုံးထွားခဲ့ကြပါတယ်။ လေထဲတိုက်အိမ်ဆောက်ခဲ့ကြပါတယ်။ အုပ်စိုးသူအဆက်ဆက်က မည်သို့ပင် ပန်းတိုင်တွေကို ပါးစပ်ကပြောခဲ့ပြောခဲ့၊ တိုင်း ပြည်နဲ့ လူထုရဲ့ရေတိုရေရှည်အကျိုးစီးပွား ဘယ်လောက်ရှိ/မရှိဆိုတဲ့ပေတံနဲ့ တိုင်းတာကြည့်လိုက်တဲ့အခါ၊ သမိုင်းလက်တွေ့၊ လူထုဘဝလက်တွေ့ဆိုတဲ့ မှန်ပြားပေါ်တင်ကြည့်လိုက်တဲ့အခါ  ရရှိလာခဲ့တဲ့လက်တွေ့မျက်တွေ့ အဖြေကားတိုင်းပြည်နှင့်ပြည်သူလူထုဟာ ဆင်းရဲမွဲတေမှုနွံ အိုင်ထဲနစ်သထက် နစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါကို ဘယ်သူမှ မငြင်းနိုင်၊ မငြင်းဝံ့။

သို့သော်လည်း တခါတရံမှာတော့ အင်မတန် အရှက်ကင်းမဲ့လှသော၊ အင်မတန်ယုတ္တိယုတ္တာကင်းမဲ့လှသော ဆင်ခြေလိမ်ကို သူတို့ထံကနေ ကြားရပေလိမ့်မယ်။ “ပြည်တွင်းဆူပူသောင်းကျန်းမှုများကြောင့်/ လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်း ပြည်မတိုးတက်ခဲ့ရခြင်းဖြစ်ပါတယ်” တဲ့။ အို — ခမျာများ သနားစရာ။

သူတို့ အုပ်စိုးသူတွေ ထားစရာမရှိအောင် ချမ်းသာလာတာကတော့ အတိတ်ဘဝကုသိုလ်ကောင်းမှု အကျိုးဆက်ဆိုလား။  တိုင်းပြည်နဲ့လူထုဆင်းရဲမွဲတေနေရတာ ပျင်းလို့၊ လက်ကြောမတင်းလို့တဲ့။

စစ်အုပ်စုဆိုရင် ၁၉၆၂ ခုနှစ်က နေ ဒီနေ့အထိ “အာဏာ” ကို အရှည်ကြာဆုံး ဆုပ်ကိုင်ထားတာဖြစ်ပါတယ်။ မျက်နှာဖုံး ပုံစံ မျိုးစုံနဲ့ဆုပ်ကိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ယနေ့စစ်အုပ်စုက သူတို့ အုပ်စိုးမှုမျက်နှာဖုံးကို ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့ အညီ ဖြစ်အောင် “အခြေခံဥပဒေမရှိတဲ့ စစ်အုပ်ချုပ်ရေးပုံစံ” ကနေ “အခြေခံဥပဒေရှိတဲ့ စစ်အုပ်ချုပ်ရေးပုံစံ” ကို ပြောင်းခဲ့ပြီ။  “၂၀၀၈ အခြေခံဥပဒေ” သည် ယနေ့စစ်အုပ်စုအတွက် ဖက်ရှင်အကျဆုံး မျက်နှာဖုံးတစ်ခုသာ။

● ပန်းတိုင်များရဲ့ သဏ္ဌာန်နဲ့ သရုပ်
အုပ်စိုးသူအဆက်ဆက် လေလုံးထွားခဲ့ကြတဲ့ “ပန်းတိုင်” တွေရဲ့သဏ္ဍာန်နဲ့သရုပ်ကို လေ့လာကြည့်တဲ့အခါ အပေါ်ယံသဏ္ဍာန် က ပြည်သူလူထုကို လိမ်ညာလှည့်စားဖို့ဖြစ်ပြီး၊ အတွင်းသရုပ်မှာမူ သူတို့အုပ်စိုးမှု သားစဉ်မျိုးဆက်အာဏာတည်မြဲဖို့သာဖြစ်တယ် ဆိုတဲ့ အချက်ကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အုပ်စိုးသူအဆက်ဆက်က သူတို့ “ပန်းတိုင်” တွေကို ပြည်တွင်းစစ်နဲ့ ပြည်ပအကူအညီမျိုးစုံအပေါ်မှာ တည်ဆောက်ထားတာဖြစ်တယ်ဆိုတဲ့အချက်ကို တဆက်ထဲမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီလို ပန်းတိုင်၊ ဒီလိုနည်းလမ်းတွေနဲ့ သူတို့အုပ်စိုးမှုနဲ့ အာဏာသက်ကို ဆက်လက်ရှည်ကြာစေခဲ့တာဖြစ်ပါတယ်။

ပန်းတိုင်နှင့်နည်းလမ်းဟာ ပြည်သူ့လူထုကရဲ့ လက်ငင်းနဲ့ ရေရှည် အကျိုးစီးပွား အဆက်မပြတ်ဖြစ်ပေါ်ရေးဆိုတဲ့ လက်တွေ့ အပေါ်မှာ ပေါင်းစည်းရမယ်။ ဒီလို မပေါင်းစည်းနိုင်တဲ့ ပန်းတိုင်နဲ့နည်းလမ်းဟာ အတုအယောင်သို့မဟုတ် လှည့်ဖြားထားတဲ့ ပန်းတိုင်သာ ဖြစ်ပါလိမ့်မယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လူငယ် ၁၈ ယောက်နဲ့  (Peace Talk) မှာ အခုလိုပြောသွားတာကြားရပါတယ်။

“ကျွန်မတို့အမြင်မှာတော့ လမ်းကမှားလို့ရှိရင် ပန်းတိုင်ရောက်တဲ့အခါမှာ ကိုယ်ထင်သလို မဟုတ်တာဖြစ်တတ်ပါတယ်။ လမ်းမှန်ကသွားမှသာလျှင် ကျွန်မတို့လိုချင်တဲ့ပန်းတိုင်ကို တည့်တည့်မတ်မတ် မဟုတ်ရင်တောင်မှ မှန်မှန်ကန်ကန်နဲ့ရောက် မှာဖြစ်ပါတယ်”

“ပန်းတိုင်” ရော “နည်းလမ်း” ပါ မှန်ကန်ရမယ်လို့ပြောတာကို သဘောတူပါတယ်။ ဒီလိုဆိုရင် ဒီကနေ့ “ငြိမ်းချမ်းရေး” သို့ သွားနေတယ်ဆိုတဲ့ (NCA) ဘောင်ထဲကလမ်းကြောင်းဟာ နည်းမှန်၊ လမ်းမှန်ဟုတ်ပါရဲ့လား။ ကာချုပ်ရဲ့ “တပ်ငြိမ်းမူ ၆ ရပ်” ဘောင်ထဲကသွားမှသာ ထာဝရငြိမ်းချမ်းရးရမယ်ဆိုတဲ့ နည်းလမ်းကရော နည်းမှန်၊ လမ်းမှန် ဟုတ်ပါရဲ့လား။ ဒီလမ်းက နေသွားနေရင် ပန်းတိုင်ရောက်မှပါ့မလား။ အကယ်၍ ပန်းတိုင်ရောက်ခဲ့ရင်ရော ကိုယ်ထင်သလိုမဟုတ်တာတွေ ဖြစ်မလာ နိုင်ဘူးလား။

ဒါကြောင့် “အပစ်အခတ်ရပ်စဲရေး” ကို သွားနေတဲ့လမ်း၊ “ငြိမ်းချမ်းရေး” ကို ဦးတည်သွားနေတဲ့ လမ်းပါလို့ဆိုနေတဲ့ “(NCA) ဘောင်ထဲကလမ်းနဲ့ တပ်ငြိမ်းမူ ၆ ရပ်” ဆိုတဲ့ နည်းလမ်းတွေကို မှန်/မမှန်နဲ့ ပန်းတိုင်ရောက်နိုင်/မရောက်နိုင် ပြန်လည်ဆန်းစစ် ဖို့လိုပါတယ်။ “ပစ်ရင်းခတ်ရင်းနှင့် ငြိမ်းချမ်းရေးရသည်ဆိုသည်မှာ မဖြစ်နိုင်ပါကြောင်း” အတိုင်ပင်ခံပြောတဲ့စကားဟာ တကယ့်ဖြစ်ရပ်နဲ့ကိုက်ညီပြီး မှန်ကန်ပါတယ်။

ဒါ့အပြင် “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲကနေ “ပုဒ်မ ၄၃၆” ဆိုတဲ့ (ပြင်ဆင်ရေး) နည်းလမ်းအတိုင်းသွားရင်  “စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု” ပန်းတိုင်ကို တကယ်တန်းရောက်နိုင်ပါ့မလားဆိုတာလည်း အလေးအနက် ပြန်လည် ဆန်းစစ်ကြရမှာပါ။ လျှောက်သာလျှောက်ကြပါ၊ လမ်းဆုံးရင် ရွာတွေ့မှာပဲဆိုပြီးလျှောက်လိုက်ကြတာ လမ်းဆုံးတော့ ရွာတွေ့ ပါရဲ့ (ကိုယ်ထင်သလို “ရွာသာယာ”  မဟုတ်ဘဲ ) ဘီလူးတို့ရွာဖြစ်နေရင် လှည့်ပြန်ဖို့ အခက်ကြီး ခက်ပါလိမ့်မယ်။

ပြည်သူတွေအင်နဲ့အားနဲ့ပါလာရင်၊ ပြည်သူတွေအင်နဲ့အားနဲ့လျှောက်လှမ်းလာရင် ဘယ်လောက်ကွေ့တဲ့လမ်း၊ ဘယ်လောက် ကောက်တဲ့လမ်းပဲဖြစ်ပါစေ ဖြောင့်ဖြူးသွားရစမြဲပါ။ သမိုင်းမှာပဲဖြစ်ဖြစ်၊ မျက်မှောက်ကာလမှာပဲဖြစ်ဖြစ် ပြည်သူတွေလျှောက် ချင်တဲ့လမ်း၊ ပြည်သူတွေ ကနဦးရွေးချယ်တဲ့လမ်းဟာ ဘယ်တော့မဆို  “ငြိမ်းချမ်းတဲ့လမ်း၊ အကြမ်းမဖက်တဲ့လမ်း” ဖြစ်ပါ တယ်။

တကယ့်ပြဿနာက ပြည်သူတွေလျှောက်ချင်တဲ့လမ်းပေါ်မှာ ပြည်သူတွေ ရွေးချယ်ထားတဲ့ လမ်းပေါ်မှာ ဆူးညှောင့် ခလုပ် မျိုးစုံ၊ အနှောင့်အယှက်အတားအဆီးမျိုးစုံ၊ အကြမ်းဖက်မှုမျိုးစုံကို ကွက်ပြည့် ချိန်ကိုက် လုပ်ကြံ၊ ဖန်တီး၊ ဖော်ထုတ်၊ လုပ် ဆောင်နေတာ “စစ်အုပ်စု” ပဲဖြစ်တယ်ဆိုတာကိုတော့ “အတိုင်ပင်ခံ” လည်း သိမှာပါ။

ဆက်ပါအုံးမယ်။

ညွန်း
– (၁-၁-၂၀၁၇) Peace Talk  အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များစကားဝိုင်း ပြောကြားချက်
– (၁-၁-၂၀၁၇) (NCPC) ရုံးဖွင့်ပွဲ၌ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားချက်

 

Photo credit : Financial Times


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts