မောင်မောင်ငြိမ်းအေး ● ကြည်အေးနေမြဲ
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၁၇
ညကြီးမင်းကြီး၊ ထပြီးမှိုင်နေ
ငါ့စိတ်တွေလည်း၊ တွန့်ကြေလိမ်ကောက်
မျက်ရေပေါက်ကျ၊ ဆောင်းလယ်ညပေါ့
ဘာကစလုပ်၊ ဘာက ရှုပ်ထွေး
အတွေးထဲမှာ၊ မသေချာဘူး
သေချာတာက အိပ်မရတာ။
လူ့ဘဝက၊ တခဏပဲ
ငါလည်း လူသက်၊ တစ်ဝက်ကျော်ပြီ
သိပါသည်တည်း၊ သိလည်း မပြေ
မဖြေနိုင်ဘူး၊ အရူးသေမင်း
စာရင်းထဲမှာ၊ ဆရာမကြည်အေး
စောပါသေးတယ်၊ ဘာရယ်ကြောင့်များ
ဘယ်သူ့အားကိုး၊ သင်ဆိုးသလဲ။
အတွေးအခေါ်၊ ဘေးမချော်ဘူး
အရုဏ်ဦးမှာ၊ ပွင့်လန်းလာတဲ့
မာလာငုံပန်း၊ မွှေးကြိုင်လန်းသို့
လမ်းကိုလည်းချ၊ ကမ်းကိုပြ၏
အလှစာပေ၊ ကဗျာတွေမြင့်
အလံလွှင့်သူ၊ သူတည်းတယောက်
အံ့သြလောက်စွာ၊ မြန်မာမှာဖြစ်
ငါတို့ချစ်ခဲ့၊ အပြစ်မဲ့သူ။
သူ…
“သင်တို့မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏”
ရင်နှင့်အမျှ၊ ရေးချသီကုံး
သူခြယ်မှုန်းသွား၊ စာစကားတို့
အရိုင်းတို့လေ၊ ဟောဒီမြေမှာ
ဝေဝေဆာဆာ၊ ပဒေသာပေါ့
တာဝန်လည်းကျေ၊ အမေပြေသင့်
ရင်နင့်၍ကျန်၊ မနက်ဖြန်တိုင်း
လှိုင်းတို့ကမ်းစပ်၊ ပြေးလာတတ်သို့
မပြတ်အအသိ၊ ငါတို့ရှိမည်
ကြည်အေး ကြည်အေးနေမြဲပင်။ ။
မောင်မောင်ငြိမ်းအေး
(ဆရာမကြီးကြည်အေး၊ ကွယ်လွန်တယ်ကြားတာနဲ့ အိပ်မရဘဲ မနက် ၃ နာရီမှာရေးပြီး ၃း ၄၅ နာရီမှာ ပြီးပါတယ်)