ကဗျာ

စိုးနေလင်း ● ဆေးစပ်လွဲတဲ့အရောင်

စိုးနေလင်း ● ဆေးစပ်လွဲတဲ့အရောင်
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၆

ရာသီအပြောင်းအလဲကတော့
အားကောင်းကောင်းနဲ့ ပညာပြ
ကျိုက်ကျိုက်ဆူရေနွေးကရားတခုကို
မျိုချထားရသလိုမျိုး…
ဂိုးသွင်းတိုင်းလွဲနေတဲ့ တိုက်စစ်မှူးတယောက်
တချပ်မှောက် ဆက်ဆံရေးကြား
ပါးလျှားကျုံလှီလာခဲ့ပုံ။

ခြုံပေါ်ရောက်ခဲ့သူတွေက
အစ အဆုံး အားလုံးကောင်းတဲ့လမ်းဆိုပဲ
ချော်လဲ ရောထိုင်ခြင်းအတတ်ပညာမှာ
ပါမောက္ခ အသီးသီးဖြစ်နေကြ
ငါ့မှာ…တိုးရှဲအားတင်းသွားနေရင်း
ဖောင်စီးရင်းရေငတ်
လက်မှတ်မဲ့ ခရီးသွားမျှသာ။

အလာမကောင်း အခါနှောင်း စည်းချက်မှာ
ဆေးစက်ကျရာ အရုပ်ကြိုးရှုပ်
ဒီလိုပုံနဲ့ မိုးကြီးချုပ်ရင်ဆိုပြီး
အမြီးကျက်အမြီးစား
ဆွံ့အ နားမကြားစည်းရိုးပေါ်က
အမျှဝေသံကြားနေရ။

ဈေးကွက်ထဲမတော့
ကျွဲကူးရေပါ တို့ပွရောင်း
နဂါးမျက်စောင်းနဲ့ လင်းယုန်လက်သည်းကြားမှာ
ဘယ်သူခွဲခွဲ တို့မကွဲ
ခဲတလုံးနဲ့ ငှက်ငါးကောင်…

ဟောဟို…တောင်စွယ်မှာ
နေရောင်က မေးတင်လုလု။   ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts