သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး ● ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား အရေး ငြိမ်းချမ်းရေး – အပိုင်း (၁)

မောင်မောင်စိုး ● ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအရေး ငြိမ်းချမ်းရေး – အပိုင်း (၁)
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၆

● ဒေါ်အောင်ဆန်းစုကြည်
လက်ရှိမြန်မာပြည်နိုင်ငံရေးတွင် မည်သူတဦးတယောက်က ကြိုက်သည်ဖြစ်စေ မကြိုက်ဖြစ်စေ ဖယ်ထား၍မရသည်မှာ ဒေါ် အောင်ဆန်းစုကြည် ဖြစ်သည်။ သူမ၏အရည်အချင်းကြောင့်ဖြစ်စေ သူမ၏ခေါင်းဆောင်နိုင်စွမ်းကြောင့်ဖြစ်စေ သူမ၏စည်းရုံးနိုင်စွမ်းကြောင့်ဖြစ်စေ သူမအား လူထုကထောက်ခံမှု ကြောင့်ဖြစ်စေ၊ သူမအား နိုင်ငံတကာ၏ အသိမှတ်ပြုထောက်ခံမှု များကြောင့်ဖြစ်စေ သူမအားဝိုင်းရံထားသည့် လူထုအားကြောင့်ဖြစ်စေ၊ မြန်မာပြည်နိုင်ငံရေးတွင် သူမသည် ရှေ့တန်းရောက် သည့် အခန်းက ပါဝင်လျက်ရှိသည်။

ထို့ကြောင့်လည်း မြန်မာစစ်ဖက်ခေါင်းဆောင်များသည်ပင်လျင် တချိန်လုံး အမျိုးမျိုးဖိနှိပ်ထားသောသူမအား ၂၀၀၈ အခြေခံ ဥပဒေအခင်းအကျင်း ပြင်ဆင်ပြီးနောက်ပိုင်း မြန်မာနိုင်ငံရေးတွင် အသိအမှတ်ပြု လက်ကမ်းကြိုခဲ့ရသည်။ မြန်မာစစ်ဖက် ခေါင်းများသည် ထုံးစံအတိုင်းအစောပိုင်းတွင် သူမပါတီ အား အရပ်ဖက်လူ့အဖွဲ့အစည်းအဖြစ်ပြောင်းလဲရန် ဖိအားပေးခဲ့သော် လည်း နောက်ဆုံးတွင် သမတဟောင်းဦးသိန်းစိန်သည် သူမအားဖိတ်ခေါ် တွေ့ဆုံခဲ့ရပြီးနောက် ညှိနှိုင်းမှုပြုလုပ်ကာ မြန်မာ့ နိုင်ငံရေးတွင် သူမအား တရားဝင်အသိမှတ်ပြုခဲ့ရသည်။

သို့ဖြစ်ရာ မြန်မာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့တန်းအရောက်ဆုံး ခေါင်းဆောင်အ ဖြစ် ရပ်တည်လျက်ရှိနေပေသည်။ အထူးသဖြင့် မြန်မာပြည် ပြည်မလူထုအကြား သူမနှင့်ယှဉ်နိုင်သည့် အခြားပါတီ လူပုဂ္ဂို လ်များ ပေါ်ထွက်မလာနိုင်ဘဲ သူမ၏ခေါင်းဆောင်မှု ပြိုင်ဘက်မရှိဖြစ်နေသည်ဟု ဆိုရပါမည်။ ပြည်မ၌ အတိုက်အခံ နိုင်ငံ ရေး ပါတီများစွာပေါ်ပေါက်လာသော်လည်း NLD နှင့် အင်အားချင်း သြဇာချင်း ယှဉ်နိုင်သည့်နိုင်ငံရေးပါတီ ပေါ်ပေါက်နိုင်ခြင်း မရှိခဲ့ပေ။

● ဒီမိုကရေစီရေးနှင့် အမျိုးသားရေး

သို့ရာတွင် မြန်မာပြည်နိုင်ငံရေးပြဿနာသည် ဒီမိုကရေစီရေးပြဿနာသက်သက်မဟုတ်ပေ။ တန်းတူရေး အမျိုးသားရေး ပြဿနာလည်း ယှဉ်တွဲတည်ရှိနေသည်က မြန်မာပြည်၏ထူးခြားချက်ဟု ဆိုရမည်။ သို့ဖြစ်ရာ တိုင်းရင်းသားလူမျိုးများကြား တန်းတူရေး အမျိုးသားရေးကို ကိုယ်စားပြုသည့် တိုင်းရင်းပါတီများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်းရင်းသား ခေါင်းဆောင်များသည် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးများ၏ ထောက်ခံမှုအဖြစ် ထွက်ပေါ်လာပေသည်။

တိုင်းရင်းသားလူမျိုးများနှင့် ပြည်မဒီမိုကရက်တစ် အတိုက်အခံများလက်ရှိကာလတွင် မတူသည့်အဓိကအချက်မှာ ပြည်မဒီမို ကရေစီရေးအတွက် ရပ်ခံကြသည့် စစ်အစိုးရအားဆန့်ကျင်သည့် အင်အားစုများတွင် လက်နက်ကိုင်အဖွဲ့အစည်းများ ABSDF မှအပ မရှိဟု ဆိုနိုင်သည်။ ယခင်အခါကရှိခဲ့သည့်လက်နက်ကိုင်အဖွဲ့များမှာလည်း ရပ်တည်နိုင်ခြင်းမရှိတော့ပေ။ သို့သော် တိုင်းရင်းသားအင်အားစုအတော်များများမှာ လက်နက်ကိုင်တပ်ဖွဲ့များရှိနေကြပေသည်။ တိုင်းရင်းသားများအနေနှင့် သူတို့၏နိုင်ငံရေးရည်မှန်းချက်အတွက် လက်နက်စွဲကိုင် တိုက်ခိုက်နိုင်ခဲ့ကြသကဲ့သို့ ယနေ့တိုင်လည်း ရပ်တည်နိုင်စွမ်းရှိကြ သည်မှာ လက်ရှိ မြန်မာပြည်တိုင်းရင်းသားပြသနာ၏ ထူးခြားချက်ဖြစ်ပေသည်။ ABSDF သည်ပင် တိုင်းရင်းသားလက်နက်ကိုင်များနှင့်အတူ ရပ်တည်၍ ရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တန်းတူရေး အမျိုးသားရေးလှုပ်ရှားမှုတွင် တရားဝင်တိုင်းရင်းသားနိုင်ငံရေးပါတီများသာမက တိုင်းရင်းလက်နက် ကိုင်အဖွဲ့ အစည်းများပါ ပါဝင်နေပြီး သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးအလိုက် သြဇာရှိသော အင်အားရှိသော တိုင်းရင်း သားပါတီများ အဖွဲ့အစည်းများ ခေါင်းဆောင်များ ပေါ်ထွက်လာခဲ့ပေသည်။

ထို့ကြောင့် မြန်မာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင် ဒီမိုကရေစီရေး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်ကြ သည့်အင်အားစုများ ခေါင်းဆောင်များသည် ဒီကရေစီရေးလှုပ်ရှားမှုနှင့်အတူ ပေါ်ထွက်လာသကဲ့သို့ အမျိုးသားရေးတန်း တူရေးအတွက် တိုက်ပွဲဝင်သည့်အင်အားစုများခေါင်းဆောာင်များသည်လည်း အမျိုးသားရေးတန်းတူရေးလှုပ်ရှားမှုနှင့်
အတူ ပေါ်ထွက်၍လာခဲ့သည်။ ဤအခြေအနေကို အသိအမှတ်ပြုရန် လိုအပ်ပေသည်။

● ရေစီးကြောင်းနှစ်ခု၏ ပဋိပက္ခ
သို့ရာတွင် မြန်မာပြည်၏နိုင်ငံရေးတွင် ရေစီးကြောင်း ၂ ခုဖြစ်သည့်ဒီမိုကရေစီရေးနှင့် အမျိုးသားတန်းတူရေးဟူသော ရေစီး ကြောင်းနှစ်ခုသည် ကံအကြောင်းမလှစွာပင် ပေါင်းဆုံခြင်းမပြုနိုင်ခဲ့။ ထိုအင်အားနှစ်ခုပေါင်း၍ အားကောင်းမောင်းသန်ဖြစ် မလာခဲ့ပေ။ ထို့ပြင် ထိုအင်အားစုနှစ်ခု၏ လှုပ်ရှားမှုများသည်ပင် ဟန်ချက်မညီနိုင်ခဲ့ပေ။ ထိုလှုပ်ရှားမှု နှစ်ခု တခုကမြင့်တက် လျင် တခုက ငြိမ်သက်နေတတ်သည်။ ဤသို့ဖြစ်ခြင်းသည် အုပ်စိုးသူတို့ထိုအင်အားများ စုစည်းနိုင်ခြင်းမရှိစေရန် အုပ်စိုး သူတို့က စနစ်တကျ ခွဲထုတ် ခြင်းသည် အကြောင်းချက်တခုဖြစ်သကဲ့သို့ ထိုအင်အားစုနှစ်ခုက တခုတခုပေါင်းစည်းနိုင်ရန် အားထုတ်နိုင်ကြခြင်းသည်လည်း အကြောင်းအချက်တခုဖြစ်သည်။

စစ်အာဏာရှင်စနစ်ကို အသက်သွင်းလိုသူ အုပ်စိုးသူတို့က စနစ်တကျ ခွဲထုတ်နိုင်ရန် ကြိုးစားခြင်းသည် သူတို့အလုပ် သူတို့ လုပ်ခြင်းဖြစ်သည်။ ဒီမိုကရေစီရေး အမျိုးသားတန်းတူရေးအင်အားစုများမှလည်း ပေါင်းစည်းရေးအတွက် ကိုယ့်အလုပ်ကိုယ် လုပ်ကြရန်လိုအပ်ပေမည်။ သို့သော် တိုင်းရင်းသားအင်အားစုအချင်းချင်း သွေးစည်းညီညွတ်ရေးသည်လည်းကောင်း၊ ဒီမိုက ရေစီအင်အားစုအချင်းချင်းသွေးစည်းညီညွတ်ရေးသည်လည်းကောင်း၊ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အား စုများကြား သွေးစည်းညီညွတ်ရေးသည်လည်းကောင်း၊ သဘောတရားအရ ငြင်းပယ်ရန်မရှိကြသော်လည်း လက်တွေ့အ ကောင်အထည်ဖေါ်ရန် လွယ်ကူလှသည်မဟုတ်ပေ။

ဤသို့မလွယ်ကူဘဲ ကွာဟနေသည်မှာ မတူသောအခြေအနေ မတူသောအမြင် မတူသောအယူအဆနှင့် မတူညီသောအ ကျိုးစီးပွားပြဿနာများကြောင့်ဟု ဆိုနိုင်သည်။ ဤဆောင်းပါးတွင် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစု များကြားရှိ ကွာဟမှုများကို အလေးထားသုံးသပ်မည်ဖြစ်ပါသည်။

● တိုင်းရင်းသားနိုင်ငံရေးပါတီ
၁၉၆၂ ခုနှစ်ထိ တိုင်းရင်းသားနိုင်ငံရေးပါတီအများအပြားရှိခဲ့သော်လည်း ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒီမို ကရေစီချုပ်ငြိမ်းမှုနှင့်အတူ တိုင်းရင်းသားပါတီများလည်း ပျောက်ကွယ်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲနှင့်အတူ တိုင်းရင်းသား ပါတီများ၏ ပြန်လည်ပေါ်ထွက်လာခဲ့သော်လည်း ၂၀၁၀ ခုနှင့် ဖိနှိပ်မှု၊ အမျိုးသားခေါင်းဆောင်ပိုင်းအဖမ်းဆီးခံရမှုတို့ကြောင့် တိုင်းရင်းသားပါတီများ နလံမထူနိုင်ခဲ့ပေ။

သို့သော် ပြည်မမှ NLD ပါတီနည်းတူ တိုင်းရင်းသားပါတီများလည်းကြံ့ကြံ့ခံ၍ ရပ်တည်နိုင်ခဲ့သည်။ NLD ပါတီအနေနှင့် တိုင်းရင်းသားပါတီများနှင့် နိုင်ငံရေးတပ်ပေါင်းစုတရပ် ဖွဲ့စည်းခဲ့ခြင်းမရှိသော်လည်း နဝတအစိုးရ၏ပစ်ပယ်ခြင်းခံရသော ၁၉၉၀ ရွေးကောက်ပွဲရလဒ်အတွက် ရွေးကောက်ပွဲတွင်အလားတူအနိုင်ရခဲ့သည့် တိုင်းရင်းသားပါတီများနှင့်တွဲ၍ CRPP ခေါ် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီတရပ်ဖွဲ့၍ မဟာမိတ်ပြုမှုရှိခဲ့သည်။ ၎င်းကော်မတီသည် ၁၉၉၀ ရွေးကောက်ပွဲမှ အမတ်များအား ကိုယ်စားပြုဖွဲ့ထားခြင်းဖြစ်ပြီး တိုင်းရင်းသားပါတီ ၄ ပါတီ ပါဝင်သည်။ CRPP သည် နိုင်ငံရေးရည်ရွယ်ချက်တခု အတွက် စုစည်းခဲ့ခြင်းဖြစ်သော်လည်း ရေရှည်နိုင်ငံရေး ရည်မှန်းချက်အတွက် မဟာမိတ်တပ်ပေါင်းစုတခုအဖြစ်တော့ ပေါ် ထွက်လာခဲ့ခြင်းမရှိပေ။

၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီအသစ်တချို့ ပေါ်ပေါက်လာသကဲ့သို့ အဟောင်းအချို့မှာလည်း ရွေးကောက်ပွဲ မဝင်ခဲ့ကြပေ။ ထို့ပြင်ပထမဆုံးရွေးကောက်ပွဲတွင် အကြောင်းကြောင်းဖြင့် ကြံ့ခိုင်ရေးပါတီမှ အသာစီးရယူထားနိုင်သဖြင့် တိုင်းရင်းသားပါတီများအခန်းမှာ သိပ်မသိသာနိုင်ခဲ့သေးပေ။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် သိသိသာသာစတင်ပြောင်း လဲသည်။ SNLD ကဲ့သို့ ရှမ်းပြည်တွင် အစဉ်အလာနှင့် သြဇာရှိသော ရှမ်းတိုင်းရင်းသားပါတီ ရွေးကောက်ပွဲပြန်ဝင်သည်။ ALD ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း RNDP ရခိုင်အမျိုးသားတိုးတက်ရေးပါတီနှင့်ပေါင်း၍ANP ရခိုင်အမျိုး သားပါတီအဖြစ်ပြန်လည်ဖွဲ့စည်းသည်။ ဤသို့နှင့် တပြည်လုံးအနှံ့ ပြည်နယ်တိုင်းလိုလို၌ တိုင်းရင်းသားပါတီများဖွဲ့စည်း၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

● ရွေးကောက်ပွဲကာလ ပြိုင်ဆိုင်မှု
၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ စခဲ့သည်ဟုဆိုသော်လည်း တကယ်တမ်းလူထုတက်တက်ကြွကြွပါဝင်ခဲ့သည်မှာ၂၀၁၅ ရွေးကောက်ပွဲဟုဆိုရမည်။ အဆိုပါရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ရော တိုင်းရင်းသားပါတီများပါ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ခဲ့ကြသည်။ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီအသွင်ကူးပြောင်းနိုင် ရေးအတွက် ရွေးကောက်ပွဲကို နည်းလမ်းတခုအဖြစ် ဝိုင်းဝန်းကျင့်သုံးခဲ့ကြသည်။

ထိုစဉ်က ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသောပါတီ ၉၂ ပါတီရှိခဲ့ပြီး တိုင်းရင်းသားပါတီ ၅၆ ပါတီရှိသည်။ တိုင်းရင်းသားဒေသများတွင် NLD အနေနှင့် တိုင်းရင်းသားပါတီများနှင့်ပါ ဝင်ရောက်ယှဉ်ပြို င်ရခြင်းနှင့်ပတ်သက်၍ ဝေဖန်မှု များပေါ်ထွက်လာသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က ထိုကိစ္စနှင့်ပတ်သက်၍ အောက်ပါအတိုင်းရှင်းလင်းခဲ့သည်။

၂၀၁၅ စက်တင်ဘာလ ၆ ရက်နေ့တွင် ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းချက်တွင် NLD ကပြည်နယ်များ တိုင်းရင်းသားဒေသများတွင် အဘယ်ကြောင့်ဝင်ပြိုင်သနည်း တိုင်းရင်းသားများနှင့် အဘယ်ကြောင့် မပူးပေါင်းသနည်းဟု အမေးများ ပြောဆိုမှုများရှိကြောင်း တကယ်တမ်းအားဖြင့် သူမတို့ဝင်ပြိုင်ရခြင်းမှာ တိုင်းရင်းသားများနှင့် ပူးပေါင်းလို၍ဝင်ပြိုင် ရခြင်းဖြစ်ကြောင်း ဤနိုင်ငံ၏စနစ်ကို ပြောင်းလဲရန် တကယ့်ဒီမိုကရေစီနိုင်ငံဖြစ်ရန်လိုကြောင်း ခပ်တိုတိုပြောရလျင် NLD အစိုးရဖြစ်မှသာထိုသို့ဖြစ်နိုင်မည်ဖြစ်ကြောင်း NLD အစိုးရဖြစ်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်တွင် NLD အနေနှင့် ပြတ်ပြတ်သားသားအနိုင်ရရန်လိုသည်ဟု ပါရှိပါသည်။

ထို့ပြင် ကြံ့ခိုင်ရေးပါတီကလည်း တပြည်လုံးတွင် ပါဝင်ယှဉ်ပြိုင်နေရာ NLD အနေနှင့်လည်း တပြည်လုံးတွင် ယှဉ်ပြိုင်ရန် လိုကြောင်း နေရာတိုင်းတွင် NLD ဝင်ရောက်အရွေးခံခြင်းသည် အစိုးရဖွဲ့နိုင်ရန်အတွက်ဖြစ်ကြောင်း ရှင်းရှင်းပြောရလျင် ဗဟိုမှာ ဒီမိုကရေစီမရှိဘဲ ပြည်နယ်များတွင် ဒီမိုကရေစီမရှိနိုင်ကြောင်း ဗဟိုမှာ ဒီမိုကရေစီရအောင် အရင်လုပ်ဆောင်နိုင်မှ ပြည်နယ်များတွင်လည်း ဒီမိုကရေစီရနိုင်မည်ဖြစ်ကြောင်း မိမိတို့ NLD အနေနှင့် ဖက်ဒရယ်လမ်းကြောင်းကို သွားမည်ဖြစ် ကြောင်း၊ ၎င်းမှာ သူမပေးထားသော ဂတိဖြစ်ပြီး သူမတို့ဖျက်မည်မဟုတ်ကြောင်း ဆိုခဲ့ပါသည်။

ဤသို့နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD နှင့် တိုင်းရင်းသားပါတီများသည် ပြည်နယ်တွင် ယှဉ်ပြိုင်ခဲ့ကြသည်။ ချွင်းချက် အနေနှင့် CRPP တွင်ပါဝင်ခဲ့သော တိုင်းရင်းသားပါတီများ၏ခေါင်းဆောင်တို့ဝင်ရောက်အရွေးခံမည့် နယ်မြေတွင် ယှဉ်ပြို င် ခြင်းမပြုဘဲ ဖယ်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ သို့သော် ထိုအမ်းလှမ်းချက်ကို ANP ရခိုင်အမျိုးသားပါတီက ပယ်ချခဲ့သည်။ SNLD ခေါင်းဆောင်များက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့သည့်ပြင် မွန်ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် နိုင်ငွေသိမ်းမှာ ဝင် ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့သဖြင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးကျင်ကျင့်ထန် နေရာတခုသာ ဖယ်ပေးရန် လိုအပ်ခဲ့သည်။

● ပြည်နယ်များ၏ ရွေးကောက်ပွဲရလဒ်
၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD သည်ပြည်နယ် ၅ ခုတွင် အများစုအနိုင်ရခဲ့သော်လည်း ရှမ်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် အရေးနိမ့်ခဲ့သည်။ အနိုင်ရသည့် ပြည်နယ်များဖြစ်သည့် ကချင်ပြည်နယ် ကယား ပြည်နယ် ချင်းပြည်နယ် ကရင်ပြည်နယ် မွန်ပြည်နယ်တို့အားသုံးသပ်ကြည့်ပါက ချင်းပြည်နယ်မှအပ ကျန်ပြည်နယ် ၄ ခုတွင် ပြောင်း ရွှေ့အခြေချသူများပြားသည်။ ထို့ပြင် ထိုပြည်နယ်များတွင် တိုင်းရင်းသားပါတီအားမကောင်းသည့်အပြင် ပါတီများ ကွဲပြား နေသည်။ အချို့ပြည်နယ်များတွင်တိုင်းရင်းသားကိုယ်စားပြု အင်အားစုအင်အားစုများသည် လက်နက်ကိုင်စွဲခြင်းဘက်အားသန်နေသည်။ ထိုပြည်နယ်များရှိ တိုင်းရင်းသားများကလည်း မိမိတို့အင်အားနဲနေသည့်အခြေအနေတွင် NLD နှင့်ပူးပေါင်း လိုက်ခြင်းက ပို၍ကောင်းမည် အနိုင်ရနိုင်ရန်သေချာမည်ဟုယူဆကြသည်။ ထို့ပြင် လက်ရှိအချိန်တွင် NLD အားမဲပုံပေး၍ ကြံ့ခိုင်ရေးပါတီအား ဖယ်ရှားပစ်ရန်လိုသည်ဟု အများစုက တညီတညွတ်တည်း သဘောထားခဲ့သည်ကလည်း အရေးပါ သော အကြောင်းအချက်ဖြစ်ခဲ့သည်။ထိုအကြောင်း အချက်များအောက်တွင် NLD ပါတီအနိုင်ရခဲ့သည်ဟုဆိုရမည်။

သို့သော် တိုင်းရင်းသားပါတီများအားကောင်းသော ရခိုင်နှင့်ရှမ်းပြည်နယ်များတွင် NLD အများစု အနိုင်မရခဲ့ချေ။ ရခိုင်ပြည် နယ်လွှတ်တော်တွင် ANP ပါတီက ၂၃ နေရာ NLD မှ ၉ နေရာနှင့် ကြံ့ခိုင်ရေးမှ ၃ နေရာ အနိုင်ရခဲ့သည်။ ရှမ်းပြည် နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးမှ ၃၅ ဦး၊ SNLD မှ ၂၄ ဦး၊ NLD မှ ၂၂ ဦး၊ TNP မှ ၇ ဦး၊ PNO မှ ၆ ဦး၊ WDP ဝ ဒီမိုကရက် တစ်ပါတီမှ ၂ ဦး၊ LNDP လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၂ ဦး၊ ရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီ SNDP မှ ၁ ဦး၊ WNUP ဝ အမျိုးသားညီညွတ်ရေးပါတီမှ ၁ ဦး၊ LNPP လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး၊ ANDP အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦးနှင့် တသီးပုဂ္ဂလ၁ ဦး တို့ဖြစ်သည်။ ( မဲဆန္ဒနယ် ၁၄ နယ် ရွေးကောက်ပွဲမကျင်းပနိုင်သေး ပါ) ထို့ကြောင့် SNLD အပါ တိုင်းရင်းသားပါတီများ၏ အနိုင်ရရှိမှုမှာ စုစုပေါင်း၄၅ ဦးအထိရှိခဲ့ပြီး စုစုပေါင်း အရွေးခံအမတ်ဦးရေ၏ တဝက်နီးပါးခန့်ရှိခဲ့သည်ကို တွေ့ရသည်။

ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး (Mg Mg Soe)

( ၂၂၊ ၁၂၊ ၂၀၁၆ ရက်နေ့က ဧရာဝတီမြန်မာပိုင်းတွင် ဖေါ်ပြပြီးဖြစ်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts