ကဗျာ

ကျော်ဇင်ငထင် ● သရုပ်မှန်ပြဇာတ်

 ကျော်ဇင်ငထင် ● သရုပ်မှန်ပြဇာတ်
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၆

လုံးပါးပါးနေတဲ့အရွေ့တခုလုံး ဘရိတ်ဖမ်းမထားမိဘူး
အခွဲခံရပါများတော့ ထွက်စရာသွေးလည်း သူပုန်ထ မနေတော့ပါဘူး
လောကပါလတရားကြီးရေ …
ယင်နားစာမဖြစ်အောင်သာ အုပ်ဆောင်းထားပေးပါ။

အခြေနဲ့လာလို့ ကျားကန်ထားရတဲ့နေ့တွေထဲ
သစ္စာတရားလေး တပေါက်နှစ်ပေါက် ထည့်ဖျော်မိတာပ
အမြင်ကျယ်လာပါပြီတဲ့ စားကျက်တွေတော့ ခြောက်သွေ့လို့
ဆာလောင်လွန်းလို့ အဲ့ဒီခလုတ်တွေ နှိပ်ခဲ့မိတာပါ။

ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ
စိတ်ကိုက်ရာ တထပ်ကြီးကို ဖိုင်တွဲထားတာတောင်
ဓားဦးက အနိမ့်ပိုင်းပဲ ခဏခဏ လာလာနမ်းတယ်
စက္ကန့်လေးရေ။

အချိန်နဲ့အမျှပါပဲ အဓမ္မတရားနဲ့ လုံးထွေးသတ်ပုတ်ခဲ့ရ
ရုပ်ရှင်ထဲက နိုင်ငံခြားပြန် ငေးကြည့်ခဲ့ရ
ကိုယ့်မွေးသက္ကရာဇ်ကို ကြောင်တောင်ငေးခဲ့ရ
အိအိဆင်းလာတဲ့ မြေစာပုံကြီးလိုပါပဲ ။

တင်စီးခံရတဲ့နေဝင်ချိန်ရဲ့အထက်စီးဟာ မနာလိုစရာကောင်းလှပြီ
တအုံ့တနွေးနွေး စစ်အေးခေတ်ကြီးထဲ
ကျပ်ငွေနှစ်ရာကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး
တိုက်အမြင့်ကြီးတွေ သီတဲ့လမ်းက ပြန်ခဲ့တယ်။ ။

ကျော်ဇင်ငထင်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts