ကဗျာ

အောင်သန့် (တံတားဦး) ● မယားပါမြို့လေး

အောင်သန့် (တံတားဦး) ● မယားပါမြို့လေး
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၆

ရှမ်းပြည်နယ်တောင်ပိုင်း
တောင်ပေါ်မြို့အားလုံးရဲ့ မုခ်ဦးတံခါး
အညာသံပီပီနဲ့ သူ့တို့စကား
အမှန်တရားအတွက်ဆို
ဓား လှံ တွေ မိုးထားတဲ့မြို့။

တောင်ပေါ် နဲ့ မြေပြန့်ကို
နှလုံးသားနဲ့ တံတားထိုးပေးထားပြီး
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၇၀၀ မှာ
နေပူလောင်ခံနေရတဲ့မြို့။

အထင်ကရ မင်းလှကန်ကြီးကို ရင်ဝယ်ပိုက်ရင်း
ရေမလုံလောက်နေတဲ့မြို့။

ရထားဥသြသံတွေကြားမှာ
အဝေးရောက်မြို့သားတွေရဲ့ အိမ်လွမ်းစိတ်တွေညံနေတဲ့
လမ်းဆုံ ဘူတာမြို့။

အာဏာရှင်စနစ်မှာ သူပုန်ကြီးဗိုလ်စံဖဲရဲ့
တော်လှန်မှုတွေနဲ့
သူရဲကောင်းသွေးတွေ မွှေးမြနေခဲ့တဲ့မြို့။

လေဘာတီမမြရင်ရဲ့
အနုသုခုမရနံ့တွေ သင်းထုံနေတဲ့မြို့။

ဗိုလ်ချုပ်အောင်ဆန်းကို
အုန်းထမင်း/ကြက်သားဟင်းနဲ့ ဧည့်ခံနိုင်ခဲ့တဲ့မြို့။

တက္ကသိုလ်ဘုန်းနိုင်ရဲ့ ခံစားချက်ဆေးစက်တွေ
စုပ်ချက်ခြယ်ခဲ့ဖူးတဲ့ နွေကန္တာဦးမြို့။

နီရင့်ရင့်ရဲ့ စာပေအနုပညာတွေ
ရဲရဲတောက်ခဲ့တဲ့မြို့။

တင်ညွန့်မြိုင် (သာစည်)ရဲ့ ကဗျာတွေကို
ကာရံညီအောင် နေရာထိုင်ခင်းမပေးနိုင်သေးတဲ့မြို့။

ပရဟိတအသင်းတွေများပြားလာသလို
ပရဟိတစိတ်ဓာတ်တွေထွန်းကားလာဖို့
မေတ္တာတရားကို ပျိုးကြဲထားတဲ့မြို့။

အ.ထ.ကကျောင်းတော်ကြီး နှစ်ကျောင်းနဲ့
အနာဂတ်ပညာရေးအတွက် မောင်းတင်ထားတဲ့မြို့။

သမိုင်းဝင်ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင်ရှုံးဖူးလို့
ခွပ်ဒေါင်းသွေးတွေ ပွက်ပွက်ညံအောင်
အလံထူထားတဲ့မြို့။

ဒီမြို့…
ကျွန်တော့်အတွက်တော့
ဆံထုံးနောက် သျှောင်ပါခဲ့ရပြီး
ချစ်ခြင်ဖွဲ့မိုးကောင်းကင်မှာ
သံယောဇဉ်တိမ်တိုက်တွေ အခြေစိုက်မိတဲ့မြို့။ ။

အောင်သန့် (တံတားဦး)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts