ကဗျာ ဆောင်းလူ

ေ ဆာ င်း လူ ● ရိုး မ


ေ ဆာ င်း လူ ● ရိုး မ
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၆

ရိုးမ
အခုချိန်ဆို
ဆောင်းလေအေးနဲ့အတူ ရိုးပြတ်မီးခိုးရနံ့တွေ သင်းအူနေမှာပဲ …။

ရိုးမ
အခုချိန်ဆို
နင့်နှုတ်ခမ်း တောစပ်လမ်းမှာ ဆိတ်ဖလူးတွေ ပြန့်ကျဲနေမှာပဲ …။

ရိုးမ
အခုချိန်ဆို
နင့်ရင်နဲ့ ထွေးပွေ့ထားတဲ့ စိမ်းစိုခြင်းတွေကြားမှာ အရာရာဟာ အေးမြနေမှာပဲ …။

ရိုးမရေ …
နံနက်စာမှာ ဆီတူးနံ့တွေနဲ့ ရိုးရာစာအတုတွေတည်ခင်းတတ်တဲ့ မြို့ပြကို ငါ မနှစ်မြို့ဘူး ..။
ဒီလိုပဲ …
နေ့ခင်းစာ
ညစာတွေမှာ တရုတ်လုပ်သံပတ်ခွေတွေ ထည့်ပြုတ်ကျွေးမွေးတတ်တဲ့ မြို့ပြကို ငါ မနှစ်မြို့ဘူး ..။

ရိုးမရေ …
မြို့ပြရဲ့ တိုက်တာအဆောက်အဦတွေကြား ပျံ့နှံ့ကျဲပြန့်နေတဲ့ ငှက်တွေရဲ့အိပ်တန်းတွေဆိုတာ
နင့်ရင်ခွင်ထဲထုပ်ပိုးထားတဲ့ ရိုးမငှက်အိပ်တန်းတွေလောက် အသံမသာဘူးဟ …။

ဒီလိုပဲ ရိုးမရေ ….
ထိတွေ့ရတဲ့ မြို့ပြမှာ …
ဘုရား ဘုရားနဲ့ … သီချင်းသံတွေကြား ဆူညံပွက်လောရိုက်လို့ …
ငါသိခဲ့တဲ့ ရိုးမကတော့ ဘုရား ဘုရားဆိုတာမှာ … တရားပါ ပါတော့ စိတ်ငြိမ်အေးချမ်းလို့ …။

ရိုးမရေ ….
မြို့ပြကလူတွေက ရိုးမဆို သူပုန်တွေခိုတဲ့အရပ်လို့ပဲ မြင်ကြတာ …။
ဒါပေမယ့် နင့်အရေခွှာ .. နင့်အရိုးစည်းထိုးခဲ့တဲ့ ဓားပြတွေ မြို့ပြမှာခိုလှုံနေတာကြ သူတို့ မသိပြန်ဘူး …။

ရိုးမရေ …
နင်ကတော့
နင့်တောလမ်းလေး …
နင့်စမ်းချောင်းလေး … တည်တံ့စေဖို့ ရင်ခွင်နဲ့အုပ် ထုပ်ပိုးထားပေမယ့် ….
မြို့ပြမှာတော့
ဂုတ်သွေးစုပ် အမြတ်ထုတ် လျှပ်ပေါ်လော်လီလို့ ..။

ဒီဇင်ဘာ ၁၅၊ ၂၀၁၆ ၊ ၂း ၂၅ နာရီ

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts