(မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ရဲ့အောင်ပွဲ)
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၆
“Crack the Sky, Shake the Earth” ဆိုတာ ၁၉၆၈ ခုတုံးက ဗီယက်နမ်တော်လှန်ရေးသမားတွေရဲ့ တက်ထိုးစစ်အတွင်း ကြွေးကြော်သံဖြစ်ပါတယ်။ အမေရိကန်စစ်သား ၅ သိန်းကျော်နဲ့ တောင်ဗီယက်နမ်အစိုးရစစ်သား ၈ သိန်းခွဲ စိုးမိုးထား တဲ့နိုင်ငံမှာ ဗီယက်ကောင်းတပ်အင်အား ၈၄၀၀၀ က ၁၉၆၈ ဇန်နဝါရီလကုန်မှ မတ်လကုန်ပိုင်းအထိ တက်ထိုးစစ် လုပ်ခဲ့တုံးက ကြွေးကြော်ခဲ့တာဖြစ်တယ်။
ဒီတန်ပြန်ထိုးစစ်မှာ ဗီယက်ကောင်းတွေဟာ ဆိုင်ဂုံမြို့တော်အပါအဝင် မြို့ကြီး ၁၃ မြို့နဲ့ မြို့ငယ် ၁၀၀ ကျော်ကို တပြိုင်တည်းဝင်စီးခဲ့ကြတယ်။ စီးနင်းတိုက်ခိုက်တဲ့ထဲမှာ အမေရိကန်သံရုံး၊ သမတနန်းတော်၊ စစ်ရုံးချုပ်တို့လဲ ပါ တယ်။ ဒီထိုးစစ်အတွင်းမှာ အမေရိကန်နဲ့ တောင်ဗီယက်နမ်စစ်သား ၉၀၀၀ ကျော်ကျပြီး ၃ သောင်းခွဲလောက် ဒဏ်ရာ ရခဲ့တယ်လို့ အစိုးရဘက်ကဝန်ခံတယ်။ စစ်လေယာဉ် ၁၂၃ စီး လုံးဝသုံးမရအောင်ဖျက်ဆီးခံရပြီး နောက်ထပ် ၄၀၀ ကျော်လဲ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်။ အဲ့ဒီထိုးစစ်လုပ်တဲ့ ၁၉၆၈ ခုနှစ် တနှစ်လုံးဆိုရင် အမေရိကန်စစ်သား ၁၆၅၉၂ ယောက်သေတယ်လို့ အမေရိကန်က တရားဝင်စာရင်းထုတ်ပြန်ခဲ့တယ်။
တက်ထိုးစစ်အတွင်း ဗီယက်ကောင်းအကျအဆုံးက ၃၃၀၀၀ ကျော်သေတယ်လို့ အမေရိကန်ဘက်ကဆိုတယ်။ အမေ ရိကန်နဲ့ တောင်ဗီယက်နမ်အစိုးရတပ်တွေက စက်တင်ဘာလကုန်အထိ လက်စားချေတန်ပြန်ထိုးစစ်တွေ အပြင်း အထန်လုပ်ခဲ့တယ်။ (၁၉၆၈ ခုနှစ် တနှစ်လုံးဆိုရင် ဗီယက်ကောင်း ၁ သိန်း ၁ သောင်းကျော် သေကြေဒဏ်ရာရ သွားတယ်လို့ အမေရိကန်ကပြောတယ်)။ ဒါ့အပြင် ဒီထိုးစစ်အတွင်း ဟွေးမြို့မှာ ဗီယက်ကောင်း ‘သောင်းကျန်းသူ အကြမ်းဖက်သမား’တွေက ‘အပြစ်မဲ့ပြည်သူ’ ၅၀၀၀ ကျော်ကို အစုလိုက်အပြုံလိုက်သတ်ခဲ့တယ်လို့လဲ အမေရိကန် တွေက စွပ်စွဲခဲ့တယ်။ ထိုးစစ်ကာလမှာ နှစ်ဘက်ကျည်တွေကြောင့် အရပ်သားထိခိုက်မှုကတော့ ၁၄၀၀၀ သေပြီး ၂၄၀၀၀ ဒဏ်ရာရခဲ့တယ်။
ဒီတက်ထိုးစစ်ဟာ ဗီယက်ကောင်းတော်လှန်ရေးသမားတွေအတွက် နည်းဗျူဟာအရ တစုံတရာရှုံးခဲ့ပေမဲ့ မဟာဗျူဟာ အရနဲ့ နိုင်ငံရေးအရ အောင်ပွဲဖြစ်ခဲ့တယ်။ ဒီထိုးစစ်ကြောင့် ဗီယက်နမ်စစ်ပွဲတခုလုံးရဲ့ အမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီး ဝက်စမိုးလင်း သိက္ခာကျ ရာထူးပြုတ်သွားတယ်။ အမေရိကန်တွေ မြောက်ဗီယက်နမ်အပေါ် ဗုံးကြဲမှုလျှော့ချလိုက်ရ တယ်။ အမေရိကန်သမတဂျွန်ဆင် နောက်သက်တမ်း သမတ အရွေးမခံတော့ဘဲ နားလိုက်ရတယ်။ အမေရိကန်နိုင်ငံ တွင်းမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ အရှိန်မြင့်သွားခဲ့တယ်။
တက်ထိုးစစ်လုပ်တဲ့အချိန်ဟာ ၁၉၆၄ ခုမေလ တုံကင်ပင်လယ်ကွေ့အရေးအခင်း အကြောင်းပြပြီးတော့ အမေရိကန် တပ်တွေ အုံလိုက်ကျင်းလိုက်ဝင်လာပြီး ၄ နှစ်အကြာမှာဖြစ်တယ်။ ၁၉၅၄ ခု ပြင်သစ်နဲ့ ဒိန်ဘင်ဖူးတိုက်ပွဲပြီးတဲ့နောက် ၁၉၅၈ မှာစတင်ခဲ့တဲ့ ဗီယက်နမ်စစ် သို့မဟုတ် ဒုတိယအင်ဒိုချိုင်းနားစစ်ပွဲ ဆယ်နှစ်အကြာမှာဖြစ်တယ်။ ၁၉၆၁ မှာ ဖြတ်လေးဖြတ်စတင်ပြီး ၇ နှစ်အကြာမှာဖြစ်တယ်။ တောင်ဗီယက်နမ်မှာ ‘သောင်းကျန်းသူတွေ’ မကြာခင်ချုပ်ငြိမ်းသွား တော့မယ်လို့ အမေရိကန်နဲ့အပေါင်းပါတွေ သွေးနထင်ရောက်နေချိန်ဖြစ်တယ်။
တက်ထိုးစစ်ရဲ့ကြွေးကြော်သံကိုကြည့်ရင် နောက်ဆုံးထိုးစစ်မဟုတ်တာ သိသာနေပါတယ်။ မိုးကောင်းကင် အက်သွား ရုံ၊ မြေကြီးလှုပ်သွားရုံလောက်ဘဲ ရည်ရွယ်ခဲ့တာဖြစ်တယ်။ ဒါကြောင့် ဗီယက်နမ်တော်လှန်ရေးသမားတွေဟာ မိုး ကောင်းကင် လုံးဝပြိုကျသွားတဲ့အထိ၊ ကမ္ဘာမြေကြီး ဂျွမ်းထိုးမှောက်ခုံဖြစ်သွားတဲ့အထိ နောက်ထပ် ၇ နှစ် ကျားကုတ် ကျားခဲဆက်တိုက်ခဲ့ပြီး တိုက်စိတ်ခိုက်စိတ်ကျဆင်း၊ လူထုထောက်ခံမှုကျဆင်းသွားတဲ့ အမေရိကန်တပ်တွေနဲ့ တောင် ဗီယက်နမ်ရုပ်သေး အစိုးရတပ်တွေအပေါ် ၁၉၇၅ ခု ဧပြီလကျမှ လုံးဝအောင်ပွဲရသွားခဲ့တာဖြစ်တယ်။ မဟာအင်အား ကြီးနိုင်ငံဖြစ်တဲ့ အမေရိ ကန်နိုင်ငံရဲ့စစ်တပ် သမိုင်းမှာပထမဆုံးအကြိမ် စစ်ရှုံးသွားတဲ့စစ်ပွဲဖြစ်တယ်။
အခု ဗမာပြည်ရဲ့ တက်ထိုးစစ်လို့ပြောနိုင်တဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ရဲ့ နှစ်ပတ်ကြာထိုးစစ်မှာတော့ မြို့ခြောက်ခု၊ တပ်စခန်း ၂၀ လောက်ကို တပြိုင်တည်းဝင်တိုက်ပြီး ပြည်ထောင်စုလမ်းမကြီးကိုလဲ ဖြတ်တောက်ပစ်ခဲ့တယ်။ ကြံ့ဖွတ် စစ်တပ်တွင်းကထွက်လာတဲ့ (မပြည့်စုံသေးတဲ့) စာရင်းတခုအရဆိုရင် ၁၀ ရက်အတွင်း အရာရှိ ၂၇ ယောက် အပါ အဝင် ၈၂ ယောက်သေပြီး ၁၅၄ ယောက်ဒဏ်ရာရခဲ့တယ်။ ယာယီရင်းမှူး သို့မဟုတ် ဒုရင်းမှူး အနည်းဆုံး ၅ ယောက် ကျခဲ့တယ်။ ဒီစာရင်းမှာ ရဲနဲ့ ပြည်သူ့စစ်မပါဘဲ ဗမာစစ်တပ်တခုတည်းရဲ့ စာရင်းဖြစ်ပါတယ်။ ဒါ့အပြင် ကားလမ်း တိုက်ပွဲတချို့နဲ့ တပ်မ ၁၁ ပွဲအချို့ မပါသေးပါဘူး။ ဒါကြောင့် တကယ့်ထိခိုက်ကျဆုံးစာရင်းက ဒါ့ထက် အများကြီး ပိုနိုင်တယ်။
မြောက်ပိုင်းလေးဖွဲ့ထဲက မျက်မြင်အထောက်အထားအရတော့ ထိုးစစ်တခုလုံးမှာ စုစုပေါင်းဗမာစစ်သားသေတာ ရာကျော်ပြီး ဒဏ်ရာ ၃-၄၀၀ ရှိတယ်လို့ သိရတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ မုန်းကိုးတိုက်ပွဲ တရက်တည်းမှာတောင် အလောင်း ၅၆ လောင်းနဲ့ သေနတ်စုစုပေါင်း ၂၀၀ ကျော် သိမ်းရခဲ့တယ်။ ၅၆ လောင်းမှာ မင်းအောင်လှိုင်တပ်က ၂၄ လောင်းဖြစ်ပြီး ကျန်တာက ရဲ နဲ့ ပြည်သူ့စစ်တွေ ဖြစ်တယ်။
ဒါပေမဲ့ ရန်သူထိခိုက်ကျဆုံးစာရင်းအပြည့်အစုံကို မြောက်ပိုင်း ၄ ဖွဲ့က မထုတ်ပြန်ဘဲထားပါတယ်။ ဓာတ်ပုံတွေလဲ မထုတ်ပြန်ခဲ့ပါဘူး။ ထွက်လာတဲ့ဓာတ်ပုံတွေက ရဲဘော်တွေ ကိုယ့်ဖာသာကိုယ်ရိုက်ပြီး အင်တာနက်တင်လို့ တွေ့ရ တာဖြစ်တယ်။ ကန့်သတ်စစ်ဆိုပြီး အလောင်းလက်နက်ရသတင်းနဲ့ ဓာတ်ပုံတွေမထုတ်ပြန်တဲ့သဘော ဖြစ်ပုံရတယ်။ အရင် ၂၀၁၂ တိုက်ပွဲတွေတုန်းကလဲ ဗမာစစ်တပ် စိတ်နာသွားမှာစိုးလို့၊ ငြိုငြင်သွားမှာစိုးလို့ လေယာဉ်ပစ်ဒုံးမဝယ်တာ၊ မသုံးတာလို့ KIA ကေဒါကြီးတယောက် ပြောခဲ့ဖူးတာရှိပါတယ်။
၂၁ ရာစုစစ်ပွဲဟာ စစ်မြေပြင်မှာ ဘယ်လောက်နိုင်နိုင် အင်တာနက်ပေါ် ဗီဒီယိုမတင်နိုင်ရင် ရှုံးတာဘဲလို့တောင် အီရတ် သူပုန်တွေက ၂၀၀၅-၂၀၀၆ ခုလောက်ကတည်းက သင်ခန်းစာထုတ်ခဲ့သေးတယ်။ အင်တာနက်နဲ့ မီဒီယာဟာ အဓိက လူထုစည်းရုံးရေး-လှုံ့ဆော်ရေးလက်နက်တွေ ဖြစ်နေတာ အားလုံးအသိပါဘဲ။
အခုလို ကိုယ့်ဘက်ကရန်သူအပေါ် မပြတ်မသားဖြစ်နေပြီး အခြေမခိုင်တဲ့စိတ်ကူးယဉ်မှုတွေ ရှိနေချိန်မှာ စစ်အုပ်စုက တော့ KIA အပေါ်ပြတ်ပြတ်သားသားနဲ့ အဓိကတရားခံ၊ မဟာရန်သူကြီးအဖြစ်၊ ငြိမ်းချမ်းရေးဖျက်ဆီးသူအဖြစ် လက် ညှိုးထိုးနေပါတယ်။ မော်စီတုံး ပြောတဲ့စကားတခွန်းလဲရှိပါတယ်။ အဲဒါကတော့ “ရန်သူဟာ ကိုယ့်ထက်အရင် ပိုပြတ် သားလေ့ရှိတယ်” ဆိုတဲ့စကားဖြစ်တယ်။ ဒါဟာ စစ်ပွဲမှာရော မြို့ပေါ်ဥပဒေတွင်းတိုက်ပွဲမှာရော မှန်နေတယ်။
တကယ်တော့ ဒီတခေါက်မြောက်ပိုင်းထိုးစစ်ဟာ KIA အနေနဲ့ ဂိဒွန်မှာ တဖက်သတ်ခံနေရလို့ မဟာမိတ်တွေကစာနာ ပြီး ပူးတွဲစစ်ဆင်ရေးလုပ်ဖို့ အဆိုပြုခဲ့တာဖြစ်တယ်။ ဒါကို မြောက်ပိုင်း FUA စစ်ဦးစီးအဖွဲ့ကလက်ခံပြီး စစ်ဆင်ရေး စီမံချက် ဆွဲခဲ့တာဖြစ်တယ်။ မြောက်ပိုင်း FUA စစ်ဦးစီးအဖွဲ့ ၆ ယောက်မှာလဲ ၄ ယောက်က KIA ကဖြစ်တယ်။
ဒါကြောင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အနေနဲ့ တိုက်ပွဲနိဂုံးချုပ်လုပ် သင်ခန်းစာထုတ်တဲ့အခါမှာ ကန့်သတ်စစ်ပွဲအပေါ် နားလည်ချက်ကိုပါ ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ ဒါ့အပြင် တဖွဲ့ချင်းစီရဲ့ အားသာချက် အားနည်းချက်တွေ၊ ပေါင်း စပ်မှု ပူးတွဲမှုမှာ အားသာချက် အားနည်းချက်တွေကို ရဲရဲကြီးသင်ခန်းစာထုတ်ဖို့ လိုပါတယ်။ ဥပမာ- အရေးကြီးတဲ့ တံတားကို သေချာမချိုးနိုင်ဘဲ အပေါ်ယံဘဲဖျက်နိုင်ခဲ့တာမျိုး။ မြေပြင်သတင်းတွေအရ အခုစစ်ဆင်ရေးမှာ အစွမ်းအပြ နိုင်ဆုံးက ကိုးကန့်တပ်ဖြစ်ပြီး လေယာဉ်ကိုလဲ သူတို့ဘဲပစ်ချခဲ့တာဖြစ်တယ်။ စစ်ဆင်ရေးမှာ အားနည်းချက်အပြဆုံး တပ်ကိုတော့ နာမယ်ထုတ်မပြောချင်ပါဘူး။ ဒါပေမဲ့ အချင်းချင်းတော့သိကြပါတယ်။ ပုလိပ် ၉ ယောက်ဘဲရှိတဲ့ရဲစခန်း ကို လူ ၂၀၀ နဲ့တိုက်တာ မရခဲ့တဲ့တပ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးတပ်တွေမှာ ဆွေမျိုးသားချင်းကောင်း စားရေးဝါဒ၊ တောင်ထိပ်ဝါဒတွေ တိုက်ဖျက်ပြီး စစ်ရေး-နိုင်ငံရေးအရ တပ်တည်ဆောက်ရေးလုပ်ဖို့ အမြဲအရေးကြီးပါ တယ်။
မင်းအောင်လှိုင်တို့စစ်အုပ်စုရဲ့ အကြံအစည်ဟာ ဒီနှစ် ၄ လပိုင်းကတည်းက တပ်ပြင်ခဲ့တာ ဖြစ်တယ်။ ဗမာစစ်တပ်ဟာ ငြိမ်းချမ်းရေးလိုလားလွန်းလို့ ခြေမြန်တပ်မတွေကို တိုင်းရင်းသားတွေနဲ့ မတိုက်ခိုင်းတော့သလိုလို နိုင်ငံတကာနဲ့ ပြည်တွင်းက ပြည်သူတွေကို လှည့်စားထားပြီး နောက်တန်းမှာ တပ်မတွေကို လေ့ကျင့်ခိုင်းထားတယ်။ ဒါပေမဲ့ စစ်ကို ရပ်ဖို့ ဘယ်လိုမှစိတ်မရှိတော့ တိုင်းတပ်တွေ၊ စကခတွေ ပုံအောသုံးပြီး တိုက်ပွဲတွေ ဆက်တိုက်ခိုင်းနေခဲ့တယ်။ နမခ၊ လပခ၊ နတခ၊ တပခ၊ တသခ ဆိုတဲ့ အဝေးကတိုင်းတပ်တွေ စုစုပေါင်း ၂၀ ကျော်လောက်ကို မြောက်ပိုင်းပို့ တိုက်ခိုင်း ခဲ့တယ်။ ပလောင်ကိုဆိုရင် RCSS နဲ့လဲ တိုက်ခိုင်းခဲ့တယ်။ ပွင့်လင်းရာသီစစ်ဆင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ထိပ်ပိုင်းရာထူးအပြောင်းအလဲတွေလဲ လုပ်ခဲ့တယ်။ ၈ လပိုင်းမှာ မြထွန်းဦးကို ညှိကွပ်ရာထူးတိုးပေးပြီး ကစထ မှူး၊ တိုင်းမှူး၊ တပ်မမှူးတွေ အသစ်တင်ခဲ့တယ်။ ဒီ့နောက် ဗျူဟာမှူး၊ G-1 နဲ့ ရင်းမှူးအသစ် ၂၀၀ လောက်တင်ခဲ့တယ်။ ဒါ့အပြင် အခြားအဆင့် ၅၀၀၀ ကျော်ကိုလဲ တဆင့်တိုးရာထူးတွေ မကြုံစဖူးပေးခဲ့တယ်။ (အရင်က အခုလို အပြုံလိုက် ရာထူးတဆင့်တိုးတာဟာ ၁၉၇၈ ခု နောင်လိုင်-ပါဖန်တိုက်ပွဲကနေ လွတ်ပြေးလာတဲ့ သိန်းထွန်းတင်တို့ ၄၂ ယောက်ဘဲ ရှိဖူးတယ်။) လူ့သဘာဝအတိုင်း ရာထူးအသစ်ရခါစ အစွမ်းပြချင်စိတ်၊ ကျေးဇူးတင်စိတ်၊ ကျေးဇူးဆပ်ချင်စိတ်၊ ရာထူး ပြန်ကျမှာကြောက်တဲ့စိတ်၊ နောက်ထပ် ရာထူးတက်ချင်စိတ်တွေကို အသုံးချပြီး ခိုင်းစားဖို့ကြံတာဖြစ်တယ်။
နိုဝင်ဘာလဆန်းတုန်းက မင်းအောင်လှိုင် တရုတ်ပြည်ကိုသွားတဲ့အခါ ကချင်ကိုအပြတ်တိုက်ရင် နားလည်ပေးဖို့နဲ့၊ ကျည် ကျော်-လေယာဉ်ကျော်ခွင့်ပေးဖို့ တောင်းဆိုခဲ့သေးတယ်။ မြထွန်းဦးကလဲ KIA ဟာ အမေရိကန်-ဂျပန်တို့နဲ့ ဆက်သွယ်နေ တယ်လို့ အမေရိကန်ရဲ့ရန်သူတော်တရုတ်ကို ချွန်တွန်းလုပ်ခဲ့သေးတယ်။ ဒါပေမဲ့ တရုတ်က ငြိမ်းချမ်း ရေးမူအတိုင်းလုပ်ဖို့နဲ့ ကချင်ပြည်၊ ရှမ်းပြည်နဲ့ ဝ နယ်တွေရဲ့ တရုတ်-ဗမာနယ်စပ်ဒေသတည်ငြိမ်ဖို့ဘဲ အဓိကပြောခဲ့ တယ်။ ဒါ့အပြင် အချုပ်အခြာ အာဏာ ထိခိုက်မခံနိုင်ဖူး၊ နယ်စပ်မတည်မငြိမ်ဖြစ်လာရင် တရုတ်တပ်တွေက လက်ပိုက် ကြည့်နေမှာမဟုတ်ဘူးလို့လဲ သတိပေးလိုက်တယ်။ ဒီဇင်ဘာ ၆ ရက်နေ့မှာလဲ တရုတ်တိုင်းမှူးတွေက ရမခတိုင်းမှူး ကိုယ်စားလှယ် ကွတ်ခိုင်စစ်ဗျူဟာမှူး ကျော်ထက်ဦးကို နယ်စပ်တလျှောက်စွန့်လွှတ်မိုင်းထောင်တာ၊ လေယာဉ်ကျူး ကျော်တာနဲ့ နယ်စပ်ကျော်ဗုံးကြဲ-အမြောက်ပစ်တာတွေကို နောက်ဆုံးသတိပေးခဲ့ပြီး အမြောက်တပ်ရင်းတရင်းကို ဗမာ ပြည်နယ်စပ်နားပို့ တပ်စွဲခိုင်းခဲ့တယ်။
ဒါ့အပြင် မင်းအောင်လှိုင်ဟာ သွေးခွဲစိုးမိုးရေး divide-and-rule နည်းဟောင်းအတိုင်း ၂၁ ရာစုပင်လုံညီလာခံကို အသုံး ချပြီး ဝ နဲ့ မိုင်းလားကိုခွဲဖို့ ကြိုးစားခဲ့သေးတယ်။ KIA ကို တိုက်ဖို့ ရှမ်းနီကိုထောင်ပေးခဲ့တယ်။ ရခိုင်နဲ့ဘင်္ဂါလီကို တည်ပေးပြီး AA ကို ဗိုလ်ချစ်သူတို့လို BGF လုပ်ဖို့ ဆွယ်ခဲ့တယ်။ ဒါပေမဲ့ ဒီအကွက်သုံးကွက်ကမအောင်မြင်ဘဲ ဝ-မိုင်းလား-ကချင်-ပလောင်-ကိုးကန့်-ရခိုင် ၆ ဖွဲ့ အရင်ထက်ပိုညီညွတ်သွားခဲ့တယ်။ ဒါကြောင့် ကူမင်းဆွေးနွေးပွဲပြီးတော့ သမတရုံးပြောခွင့်ရဆိုတဲ့ ဗိုလ်မှူးပြုတ်ဇော်ဌေးက ရန်-ငါပြတ်ပြီလို့တောင် ပြောခဲ့သေးတယ်၊ ဗမာစစ်တပ်ကို လိုအပ် သမျှအားလုံး ပံ့ပိုးပေးပြီး ၃ နှစ်အတွင်း အပြုတ်တိုက်ရေးလုပ်ဖို့ ဒေါ်စုကိုတွန်းတဲ့လူတွေက တွန်းကြတယ်။ တကယ် တော့ ဗမာစစ်အုပ်စုဟာ ၁၉၆၂-၂၀၁၅ ကာလအတွင်း ရာနှုန်းပြည့်ဘက်ပေါင်းစုံပံ့ပိုးမှုနဲ့ အပြုတ်တိုက်ရေးလုပ်ခဲ့ပေမဲ့ မရခဲ့တာကို အူကြောင်ကျားတွေက သဘောမပေါက်ဘဲ စိတ်ကူးယဉ်နေကြတာဖြစ်တယ်။ ဒါမှမဟုတ် သဘောပေါက် ရဲ့သားနဲ့ တမင်ဖားနေတာလဲ ဖြစ်နိုင်ပါတယ်။ အခုတော့ မင်းအောင်လှိုင်အကြံပျက်သွားလို့ UNFC အဖွဲ့ထဲမှာကွဲသွား အောင် အကြမ်းဖက်သမားတံဆိပ် ကပ်နိုင်ဖို့ကြိုးစားနေတယ်။ တနည်းအားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုံးဝပျက် သွားဖို့ ရည်ရွယ်နေတာဖြစ်တယ်။
လောလောဆယ်မှာတော့ မင်းအောင်လှိုင်စစ်တပ်ရဲ့ တပ်မ ၁၁-တပ်မ ၉၉ မုန်းကိုးလုယက်ပွဲဟာ ၂၀၀၉ ခု တပ်မ ၃၃ ရဲ့ လောက်ကိုင်လုယက်ပွဲ၊ ၂၀၁၂ ခု တပ်မ ၈၈-တပ်မ ၉၉ တို့ရဲ့လာဂျားယန်-နန်စန်ယန်လုယက်ပွဲ၊ ၂၀၁၅ ခု တပ်မ ၆၆-စကခ ၁၆ တို့ရဲ့ ကိုးကန့်တောင်ပေါ်ဒေသလုယက်ပွဲတွေကိုအမှီလိုက်နေတယ်။ ဒီတခေါက်မှာပိုဆိုးတာက နောက်တန်းက သား မယားတွေပါလိုက်လာပြီး တမြို့လုံးက အစုတ်အပြတ်မကျန် တွေ့သမျှကို စစ်ကားတွေနဲ့ စရိတ် ငြိမ်းသယ်နေတာဖြစ်တယ်။
နာမယ်ကျော် တီဗွီဇာတ်လမ်းတွဲ Game of Thrones က မှတ်သားစရာစကားတခွန်းကတော့ ငြိမ်းချမ်းရေးဆိုတာ ရန်သူ နဲ့ဘဲလုပ်တယ်၊ အဲဒါကိုမှ ငြိမ်းချမ်းရေးလုပ်တာလို့ခေါ်တယ်တဲ့။ ဆိုလိုတာက တိုင်းရင်းသားတွေအနေနဲ့ ငြိမ်း ချမ်းရေး လုပ်ချင်ရင် ရန်သူကိုရန်သူအဖြစ် ပြတ်သားဖို့လိုသလို၊ ပြည်မအစိုးရနဲ့ ဗမာစစ်တပ်အဖို့လဲ တကယ့်ငြိမ်းချမ်း ရေးရချင်ရင် ရန်သူနဲ့ငြိမ်းချမ်းရေးလုပ်ရမှာဖြစ်တယ်။
အောင်သဇင်
(ခေတ္တ မန်းဟိုင်)
၁၀-၁၂-၁၆