ကဗျာ ကိုအောင်မှိုင်း

ကိုအောင်မှိုင်း – မြစ်ကြီးတစင်း၊ဓါးတလက်နဲ့  ရန်ပွဲ


 

ကိုအောင်မှိုင်း  – မြစ်ကြီးတစင်း၊ဓါးတလက်နဲ့  ရန်ပွဲ
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၆

Adele ရဲ့  “မောင့်လိုလူ” သီချင်းကို
ည ၂နာရီလောက်မှာနားထောင်ရင်း
တဖြတ်ဖြတ်ခုန်လာတဲ့နှလုံးအစုံနဲ့ 
အသက် ၆၀ကျော် အဖိုးအိုငယ် ငါ။

သူ့သီချင်းမှာ
နောင်တနဲ့အမှားတွေက
အမှတ်တရမှတ်သားစရာတွေပါတဲ့ မောင်။

မြင်းဖြူကြီးစီးပြီး
ဧရာဝတီမြစ်ကြီးကို
အလျားလိုက်ဖြတ်ဘို့
အိပ်မက်တွေဟာ မြစ်ရေနဲ့အတူ
ဆန်တက်လာတယ် ကွယ်။

မအိပ်မနေ အသက်ရှည်ဆိုပေမဲ့
ဗုံးသံတွေ သေနတ်သံတွေကြားမှာ
သူ့အမေလေ မအိပ်ဘဲနေရင်းသေသွားရှာတယ်
အသက်က၂၆နှစ်သာသာပေါ့။

အိပ်မက်တွေက မက်ရများလွန်းလို့
အိပ်မက်တွေတောင်မောကုန်ကြပြီ
အိပ်မက်ကလဲ ထပ်တလဲလဲ
ဒီအိပ်မက်တွေပါဘဲ မောင်။

သေသောသူကြာရင်မေ့ဆိုပေမဲ့
မသေသေးသူကိုမေ့ချင်လာပြီ
အမှောင်တွေထဲမှာ သူကသိပ်မှောင်လွန်းတယ်ကွယ်။

ကျောမှာပိုးထားတဲ့ဓါးကလဲ
ရန်ပွဲမှာလေ
ဘက်မှားမိနေပြီလားမသိ
ဓါးတုံးကြီးဖြစ်နေလေရဲ့ ။

(၉ ရက် ဒီဇင်ဘာလ ၂၀၁၆ခုနှစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts