ကဗျာ

အာကာဦး ● ပဲခူးရိုးမကိုဖြတ် ပျဉ်းမနားကိုချီတက်ခဲ့တယ်

အာကာဦး ● ပဲခူးရိုးမကိုဖြတ် ပျဉ်းမနားကိုချီတက်ခဲ့တယ်
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၆

ကိုလံဘတ်စ်ဟာ
ပင်လယ်ပြင်ကိုဖြတ်
ကမ္ဘာပတ်ခဲ့လေတယ်။

ကျုပ်တို့ရဲဘော်ကြီးချေဟာ
တောတောင်တွေကိုဖြတ်
တရားတဲ့စစ်အတွက်
စစ်တိုက်ထွက်ခဲ့ဖူးတယ်။

ကျုပ်တို့ငယ်ငယ်
လှည်းသံတအီအီနဲ့
ကျေးလက်သားကြီးများ
မျှစ်ချိုးဝါးခုတ်
ပဲခူးရိုးမကြီးပေါ်တက်
အလုပ်လုပ်ခဲ့ဖူးတယ်။

ဗိုလ်ကြီးရေ
မောင်သင်းခိုင်ရေ
ဦးကြီးရေ
ကျုပ်တို့ကတော့
ပဲခူးရိုးမကြီးကိုဖြတ်
ကဗျာဆရာအိုကို နုပျိုစေမယ့်
မမချိုရဲ့ရင်ခွင်ရှိရာ
ပျဉ်းမနားဖြစ် ကျွန်းသစ်စစ်စစ်
ခုံတန်းလျားလေးရှိရာ
ပျားရည်လွင်ပြင်
ကဗျာထောင့်လေးက
မွှေးပျံ့နေတဲ့ ကဗျာရနံ့တွေရှိရာ
ချီတက်ကြပေါ့။

ဗိုလ်ကြီးရေ
အဲဒီ မီးရောင်မှိန်ဖျဖျနဲ့
ရိုးမပေါ်က ရွာလေးဟာ
တချိန်က
တော မီးရှုးမီးပန်း
ဖုန်း ဒိုင်း ဂွမ်း မြည်တဲ့
အသံတွေရဲ့အောက်
အခြောက်အလှန့် ခံခဲ့ရဖူးတယ်။

ဗိုလ်ကြီးရေ
ကားမီးထိုးလိုက်တော့
ဖွေးခနဲတွေ့လိုက်ရတဲ့
လူနှစ်ဖက်စာကျွန်းပင်ကြီးဟာ
အလီဘာဘာတို့ မျက်စိမှောက်ခဲ့ကြတဲ့
ရိုးမရဲ့သားတယောက်ပေါ့။

ဗိုလ်ကြီးရေ ကိုင်ထား
အကွေ့အကောက်တွေများလွန်းတယ်
ဗိုလ်ကြီးရေ
ကောက်ကွေ့လွန်းအားကြီးသထက်
ကောက်ကွေ့လွန်းတဲ့လမ်းမှာလေ
ကျုပ်တို့ရဲဘော်
ကဗျာဆရာ သစ်ခါး
မူးဝေအော့အန်ခဲ့တာ အမှတ်ရမိတယ်။

ဗိုလ်ကြီးရေ  ကိုင်ထား
ရဲဘော် ဂျူးလီးယက်ဖူးချစ်ရဲ့
တော်လှန်ရေးခရီးလိုပဲ
ဒီလမ်းဟာ ကြမ်းတမ်းလွန်းတယ်
ဗိုလ်ကြီးရေ
ဆိုင်းဘုတ်တပ်မထားတဲ့
ဟိုရှေ့ကရွာလေးမှာ
ဆတ်သားနဲ့ တခွက်တဖလား
ဝင်ချကြမယ်။
ဗိုလ်ကြီးရေ ကိုင်ထား
အကွေ့အကောက်တွေများလွန်းတယ်
ဗိုလ်ကြီးရေ
ဟိုးရှေ့က ရှူးရှူးရှဲရှဲမြည်သံဟာ
ပလွေးချောင်း ကလေးက
ထွက်ကျလာတဲ့ ရေစီးသံပေါ့။

အေးမြလတ်ဆတ်ခဲ့တဲ့
တောင်ညိုမှာ
တောင်တွေမညိုတော့ဘူးဗိုလ်ကြီးရေ။

ဗိုလ်ကြီးရေကိုင်ထား
အကွေ့အကောက်တွေများလွန်းတယ်
ဗိုလ်ကြီးရေ
ဥက္ကဋ္ဌကြီးမော်
ခရီးရှည်ချီတက်ခဲ့တဲ့
ကျင်ကန်းတောင် ခရီးကြမ်းလို
မဖြောင့်တန်းတဲ့
ရိုးမပေါ်က
တောင်ကြားလမ်းကြီးကိုကျော်
မီးရောင်စုံလင်းနေတဲ့
မျက်ရည်မြို့တော်ကြီးကိုဖြတ်
ပျဉ်းမနားရဲ့လှပတဲ့သင်္ကေတ
ကျနော့်အဖေနဲ့အမေ
ထီးကလေးတချောင်းအောက်
လမ်းလျှောက်ထွက်ခဲ့ကြတဲ့
ရှမ်းကန်ကြီးကိုဖြတ်
မစိုးရိမ်ရပ် ရောက်ရင်
ကျုပ်တို့နားလို့ရပြီ။

အာကာဦး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts