ခေတ်ပြိုင်အတွေ့အကြုံ မောင်မောင်စိုး

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း (၄၆)

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း (၄၆)
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၆

● ဒေါက်တာသန်းဝင်း
သန်းဝင်းနှင့်မိမိသည် ဆေးကျောင်းသားဘဝက သိပ်မတွဲခဲ့မိကြသော်လည်း ခင်မင်သည့်အထဲတွင်ပါသည်။ အဆောင်တွင် မိမိနှင့်တခန်းကျော် အခန်းနံပတ် ၃ က ဖြစ်သည်ထင်သည်။ မြောင်းမြက အောင်လာသူဖြစ်သည်။ မျက်နှာသေလေးနှင့် အေးအေးနေတတ်သော်လည်း ပြောစရာအကြောင်းအရာ များစွာရှိသူဖြစ်သည်။ အိမ်ထောင်ကျတော့ သူထက် ၂ နှစ်ငယ် သောအတန်းမှ ထားဝယ်သူ ဒေါက်တာလှလှကြူနှင့်အိမ်ထောင်ကျပြီး ထားဝယ်သို့ပြောင်းရွှေ့အခြေချသည်မှာ နှစ် ၃၀ ကျော် ကြာပြီဖြစ်သည်။

ကျောင်းသားလှုပ်ရှားမှုတုန်းက ထောင်မကျခဲ့သော်လည်း ၈၈ အရေးအခင်းပြီးတော့ အဖမ်းခံရပြီး ထားဝယ်ထောင်သို့ရောက် သည်။ ထားဝယ်သူ့အိမ်ရှေ့မှာ ရဲစခန်းရှိသည်။ “ကိုသန်းဝင်းတို့ အဖမ်းခံရတော့ ကျမက အိမ်ထဲကနေ လှမ်းမျှော်ကြည့် နေရ တာပေါ့” ဟု သူဇနီး ဒေါက်တာလှလှကြူက ဆိုဘူးသည်။ ထောင်ကလွတ်လာပြီး ပရဟိတနှင့် ဘာသာရေးလုပ်ငန်းများကိုလည်း တစိုက်မတ်မတ်လုပ်သည်။ အလှူခံ၍ရသည့်ပိုက်ဆံနှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးရာ လူ ၈၀၀၀ ခန့် ထိုးပေးခဲ့ဖူးသည်ဟုဆိုသည်။ အချိန်ရလျှင် တရားစခန်းဝင်သည်။ တရားစခန်းဝင်သူများကို အခမဲ့ဆေးကုပေးသည်။

၂၀၁၁ ဒေါ်အောင်ဆန်းစုကြည်လွတ်တော့ ပထမဆုံးထားဝယ်သွားတော့ ထိပ်ဆုံးကကြိုသူထဲ၌ပါသည်။ ထားဝယ် NLD ပါတီဝင်နံပါတ်တွင် အစောဆုံးဖြစ်သည်။ သို့သော် သူမြင်သည့်အတိုင်းပြောတတ်၍ သိပ်အစေးကပ်ပုံတော့မရ။ နောက်ပိုင်း ထားဝယ်အမျိုးသားပါတီထောင်တော့လည်း နောက်ကနေ၍ ကမကထပြုပေးသူထဲတွင်လည်း ပါသည်။ ထားဝယ်ရေနက် ဆိပ်ကမ်း ကျောက်မီးသွေးစက်ရုံတို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအတွက် ပြတ်ပြတ်သားသား ဆန့်ကျင်သည်အထဲ တွင်လည်း ပါဝင်သည်။ ရန်ကုန်က မိတ်ဆွေတယောက်နှင့်ပေါင်း၍ ဆရာတင်မောင်မြင့်၏ မိုဒီလျာနီစာအုပ်ထုတ်လိုက်သေးသည်။ ယခုတော့ ထားဝယ်ဆရာဝန်အသင်းဥက္ကဌနှင့် မြန်မာနိုင်ငံဆေးကောင်စီအဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်နေသည်ဟု ဆိုသည်။ သူတတ်နိုင်သမျှ အများအတွက် ဆောင်ရွက်နေသည့် သူငယ်ချင်းတစ်ဦးဟု ဆိုရပါမည်။

၁၉၇၅ ခုနှစ် ဇွန် ၇ ရက်ညက လက်နှိပ်ဓါတ်မီးအားထောင်၍ မျက်နှာကျက်အားထိုးထားပြီး ကျောင်းသားများစုဝေးကာ ကို မြင့်သိန်း (ထားဝယ်) က ရှေ့ဆောင်၍ အတန်းကိုယ်စားလှယ်ရွေးတော့ ရှေ့ဆုံးတန်းမှာ ငုတ်တုတ်ထိုင်နေသူက သန်း ဝင်းဖြစ်သည်။ အတန်းကြီးဖြစ်သည့် နောက်ဆုံးနှစ် အပိုင်း (ခ) မှစ၍ အတန်းကိုယ်စားလည် ရွေးလာရာ ဒုတိယနှစ်ဆေး အငယ်တန်းရောက်တော့ ရှေ့ဆုံးကထိုင်နေသောသူပါဖို့ ဖြစ်လာသည်။ သူထရန်ပြင်ခိုက်မှာ ကျောင်းသားအုပ်နောက်နားရှိ ထွန်းသန်းကတိုးဝင်လာပြီး “ကျနော်လုပ်မည်” ဆိုလိုက်ရာ ကျောင်းသားကိုယ်စားလှယ်စာရင်းတွင် သန်းဝင်းမပါတော့။ ထို့ ကြောင့် ဇွန်သပိတ်အပြီး ကျောင်းသားတွေလိုက်ဖမ်းသည့်စာရင်းတွင် သူမပါတော့ပေ။ ထို့ကြောင့်လည်း ဒေါက်တာသန်း ဝင်းက … “ထွန်းသန်းက ငါ့ကျေးဇူးရှင်ကွ။ အဲဒီတုန်းက သူဝင်မလာရင် အတန်းကိုယ်စားလှယ်က ငါဖြစ်ပြီး သေချာပေါက် အဖမ်းခံရမှာ။ ဆရာဝန်လည်းဖြစ်မှာ မဟုတ်ဘူး” ဟု ဆိုသည်။

သန်းဝင်းသာ အဖမ်းခံရပြီး ကျောင်းထုတ်ခံရပါက ဆရာဝန်ဖြစ်နိုင်တော့မည် မဟုတ်ပါ။ သို့သော် သူသည် နာမည်ကျော် ပန်းချီဆရာတစ်ယောက်ဖြစ်လာနိုင်ပါသည်။ နာမည်ကျော် ဓမ္မကထိကတစ်ယောက်လည်း ဖြစ်လာနိုင်ပါသည်။ ဘဝလမ်း ကြောင်းတော့ ပြောင်းသွားနိုင်ပါသည်။ သို့သော် ထိုသို့ဖြစ်ပါက ပို၍လည်းကောင်းသွားနိုင်ပါသည်။

၁၉၇၅ ဇွန် ၆ တွင် ဖမ်းဆီးထောင်ကျခံရသော အချို့ကျောင်းသားများနှင့်ပတ်သက်၍ လက်လှမ်းမမှီ၍ ဖေါ်ပြနိုင်ခြင်း မရှိ တော့ပါ။

● ၁၉၈၈ အရေးတော်ပုံနှင့် ဆေး (၂)
နောက် ၁၃ နှစ်ကြာတွင် ဖြစ်ပွါးသော ၁၉၈၈ အရေးတော်ပုံတွင်လည်း ဆေး ၂ ကျောင်းသားများ တက်ကြွစွာပါဝင်ခဲ့ကြသည်။ သပိတ်ကော်မတီများ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခဲ့ကြသည်။ ထိုစဉ် ဥက္ကဌ အဖြစ်ကိုဇော်ထွန်း ဒုဥက္ကဌ ကိုစိုးထွန်းနိုင် အတွင်းရေးမှူး ကိုအောင်သူငြိမ်းတို့ဖြစ်ကြသည်ဟု ဆိုသည်။ ၁၉၈၈ ဇွန်အရေးအခင်းက ဆေး ၂ ဒုတိယအကြိမ် ချီတက် ဆန္ဒပြခဲ့ကြသည်။ ယခုအကြိမ်တွင်တော့ ကားများဖြင့် ချီတက်ကြသည်ဟု ဆိုသည်။

ထိုကာလ ဆေး ၂ ကျောင်းတွင်တွင်လည်းကောင်း၊ သီးခြား အခြားတက္ကသိုလ်များမှ ကျောင်းသားများဖြင့်တွဲ၍ အသီးသီး လှုပ်ရှားခဲ့ကြသည်။ ခေတ်တခေတ်၏ ကျရာတာဝန်ကို ထမ်းခဲ့ကြသည်။ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး နောက်တစ်ရက် စက်တင်ဘာ ၁၉ ရက်နေ့ အမေရိကန်သံရုံးအနီးပစ်ခတ်မှုတွင် ဆေး ၂ တတိယဆေးမှ ကိုဇော်လွင်ထွန်း (ပြည်) သေနတ်မှန် ကွယ်လွန်ခဲ့ရပြီး နောက်ဆုံးနှစ်အပိုင်း ခ မှ ကိုမိုးသူဝင်း၊ ကိုခင်ဇော်ငြိမ်းတို့ သေနတ်ဒဏ်ရာ ရရှိခဲ့ကြသည်။ ယခုတော့ ဒေါက်တာမိုးသူဝင်းက နှလုံအထူးကုဆရာဝန်အဖြစ်နှင့် အင်္ဂလန်တွင်ရောက်နေသည်။ ဒေါက်တာခင်ဇော်ဦးကတော့ တိုက် ကြီး မြောင်းတကာဘက်တွင်ရောက်နေသည်ဟု သိရသည်။ ကံကောင်း၍ မသေခဲ့ကြသူများဟု ဆိုရမည်။

ထိုကာလက တက်ကြွစွာလှုပ်ရှားခဲ့သော တတိယနှစ်ဆေးကျောင်းသား ကိုတင်မင်းထွန်းကတော့ အရိုးအထူးကုဆရာဝန်အဖြစ်ရပ်တည်နေသည်။ အရေးအခင်းကာလက အဖမ်းခဲ့ရသော ကိုရန်မျိုးသိန်းကတော့ ဆရာဝန်ဖြစ်ခဲ့သော်လည်း နိုင်ငံ ရေး လေ့လာသုံးသပ်သူအဖြစ် ရပ်တည်နေသည်။

၁၉၈၈ အရေးအခင်းကာအတွင်း ထိုင်းနယ်စပ်သောရောက်သွားသော ဆေး ၂ ဥက္ကဌတာဝန်ယူခဲ့ပြီး GSC ခေါ်သည့် အထွေ ထွေသပိတ်ကော်မတီနှင့် ဆက်စပ်လှုပ်ရှားခဲ့သူ ကိုဇော်ထွန်းကတော့ နယ်စပ်တနေရာတွင် ကျဆုံးခဲ့သည်။ ထိုင်းနယ်စပ် သို့ရောက်ရှိသွားသူတစ်ဦးဖြစ်သည့် ကိုအောင်သူငြိမ်း (Institute for strategy and policy) ကတော့ ဆရာဝန်မဖြစ် သော်လည်း နိုင်ငံရေးနယ်ပယ်တွင် ပညာရှင်အဖြစ် ရပ်တည်နေဆဲဖြစ်သည်။ ထိုင်းနယ်စပ်သို့ထွက်ခွာသွားသူများထဲတွင် နောက်ဆုံးနှစ် အပိုင်း ခ မှ ကိုဝင်းနိုင်ဦးလည်းပါသည်ဟု သိရသည်။

ဒုတိယနှစ်ဆေး မှ ကိုမင်းလွင်ကတော့ နယ်စပ်ထွက်ခွာပြီးမှ ပြည်တွင်းသို့ပြန်ဝင်လာကာ ဆေး ၂ တွင် ကျောင်းပြန်တက် သည်။ ယခုအခါ ဒေါက်တာမင်းလွင်ခေါ် နရီမင်းသည် Eleven မီဒီယာတွင် အယ်ဒီတာအဖြစ် တာဝန်ယူနေသည်ဟုသိရသည်။ ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း ၁၉၉၆ တွင် ကျောင်းသားလှုပ်ရှားမှုများပြန်လည်ဖြစ်ပွားတော့ ထိုစဉ်ကာလက ဆေး ၂ ပြန် လည်တက်ရောက်နေသော ဆေးကျောင်းသားကာလ မပြီးသေးသော ကိုရန်မျိုးသိန်း၊ ကိုမင်းလွင်တို့လည်း ပါဝင်ကြလိမ့်မည် ဆိုသည်ကတော့ အထူးပြောရန် လိုလိမ့်မည်မဟုတ်ပါ။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင်လည်း ဆေး ၂ ကျောင်းသားများ တက်ကြွစွာ ပါဝင်ခဲ့ကြသည်။

ထိုင်းနယ်စပ်သို့ထွက်ခွာသွားပြီး ယခုအခါ လွဏ်းဆွေမီဒီယာဟုတည်ထောင်ထားသည် ဒေါက်တာလွဏ်းဆွေသည် ၁၉၈၈ ခုနှစ်အရေးတော်ပုံကာလက ဆေး ၂ မှ ဒုတိယနှစ် ဆေးကျောင်းသားတစ်ဦးဖြစ်သည်။ ထိုခေတ်ကာလကတော့ မိမိ သိပ်ပြီး ထိတွေ့မှု မရှိပါ။ လက်လှမ်းမှီသလောက်သာ ဖေါ်ပြလိုက်ပါသည်။ ထို့ပြင် ၁၉၈၈ မျိုးဆက်ကျောင်းသားများကလည်း” ဆေး တက္ကသိုလ် ၂ ကျောင်းသားများ၏ ၁၉၈၈ ဒီမိုကရေစီရေးလှုပ်ရှားမှု” ဟူ၍ စာအုပ်ပြုစုထုတ်ဝေပြီးဖြစ်ရာ မိမိအကျယ်မ ဖေါ်ပြတော့ပါ။ မည်သို့ဆိုစေ သမိုင်းခေတ်တိုင်း ဆေး ၂ ကျောင်းသားများ သမိုင်းကပေးလာသောတာဝန်ကို ထမ်းခဲ့ကြသည် ကို တွေ့ရသည်ဟု ဆိုရပါမည်။

● ဆေး ၂ မှ ရခိုင်ဆေးကျောင်းသားများ
ဆေး ၂ တွင် ရခိုင်ပြည်နယ်မှ ဆေးကျောင်းတက်ခွင့်ရ ကျောင်းသားများ တက်ခွင့်ရပါသည်။ ၂၀၀၀ ခုနှစ် ဒီဇင်ဘာတွင် စတင်တက်ရသော အသုတ်တွင် ရခိုင်ပြည်နယ်မှ ကျောင်းသား ၁၆ ယောက် ဝင်ခွင့်ရသည်။ ထိုအထဲတွင် ရခိုင်ပြည်နယ်တွင် ပထမ ရသော ကိုမင်းဇံဝေ ခေါ် ကိုမင်းထွန်းက ထိပ်ဆုံးကဖြစ်သည်။ ကိုမင်းထွန်းက ပထမနှစ်ဆေးတွင် ကျောင်းထွက်ပြီး နိုင်ငံခြားထွက်ရန်လုပ်ရင်း နိုင်ငံရေးနယ်ပယ်သို့ရောက်သည်။ ယခုတော့ ANC/AAတွင် ဗိုလ်မှူးကြီးမင်းထွန်းအဖြစ် တာ ဝန်ယူနေပြီး UNFC ၏ ကိုယ်စားလှယ်အဖွဲ့ဖြစ်သော DPN နှင့်အတူ နေပြည်တော် ရန်ကုန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်နေသည်ကို တွေ့နေရသည်။ အသားခပ်လတ်လတ် မျက်ခုံးကောင်းကောင်း ရခိုင်ဆေးကျောင်းသားလေးသည် ဆရာ ဝန်ဖြစ်မလာသော်လည်း ရခိုင့်နိုင်ငံရေးတွင် တက်ကြွစွာပါဝင်လျက်ရှိသည်ကို တွေ့ရပေသည်။

သူနှင့်အတူ ဆေး ၂ ကို ရောက်လာသော ရခိုင်ဆေးကျောင်းသားလေး နောက်တစ်ယောက်ကား ကိုဇော်မျိုးသက်ဖြစ်သည်။ သူ့အား ယခု ညိုထွန်းအောင်ဟု ခေါ်သည်။ ရခိုင်သံနှင့်ဆိုရလျှင် ညိုထွမ်းအောင်ဟု ဆိုရမည်။ သူကတော့ ဆေး ၂ တွင် ဆရာဝန်ဖြစ်သည်အထိ ကျောင်းတက်သွားသူဖြစ်သည်။ သို့ပေမင့် ရခိုင်အမျိုးသားနိုင်ငံရေးတွင် တက်ကြွစွာပါဝင်လှု ပ် ရှားနေသူဖြစ်သဖြင့် စာမေးပွဲကျပြီး ကျောင်းတက်ရချိန်ပိုသွားသဖြင့် ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းတွင်မှ ဆရာဝန်ဖြစ်သည်။ ၂၀ ၀၉ ခုနှစ် ဇန္နဝါရီလတွင် စံပြဆေးရုံတွင် အလုပ်ဝင်ပြီး နှစ်လကျော်ခန့်အကြာတွင် ရခိုင်အမျိုးသားရေး မြေအောက်လှုပ်ရှားမှု များကြောင့် အဖမ်းခံရဖို့ နီးစပ်လာချိန်တွင် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ AA (ULA) ထူထောင်ရာတွင် ပါဝင်ခဲ့ တော့သည်။ သို့နှင့် အသားညိုညို အရပ်ခပ်ပြတ်ပြတ် ကလေးငယ်တစ်ယောက်ကဲ့သို့သော မျက်နှာပိုင်ရှင် ရခိုင်ဆေး ကျောင်းသားလေး ကိုညိုထွန်းအောင်သည် ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့သော်လည်း လက်ရှိတွင် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (ULA/AA) ၏ ဒုစစ်ဦးစီးချုပ်အဖြစ် တာဝန်ယူနေသည့် စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်နေပေတော့သည်။

● ယနေ့ခေတ် ဆေးတက္ကသိုလ် ၂ သမဂ္ဂ ကျောင်းသားများ
၂၀၁၆ စက်တင်ဘာလအတွင်းက ကိုအောင်ထိုက်အသုဘအခန်းအနားပြုလုပ်ရာ ရေဝေးတွင် ဒေါက်တာတင်မင်းထွန်း (အ ရိုးအထူးကု) ၏မိတ်ဆက်ပေးချက်အရ လက်ရှိဆေးတက္ကသိုလ် ၂ မှ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ကျောင်းသားများနှင့် တွေ့ရသည်။ သူတို့အား ယခုမှ သူတို့အား လူချင်းဆုံမိသော်လည်း လူမှုကွန်ယက်တွင် ဖေါ်ပြထားသော ဆေး ၂ ကျောင်း သားသမဂ္ဂ ဖွဲ့စည်းမှုနှင့်လှုပ်ရှားမှု ကို ၂၀၁၆ ခုနှစ်အတွင်း သတိပြုမိပြီး ဝင်ရောက်ကြည့်ရှုနေသော မိမိအဖို့ သူတို့၏နာမည်နှင့် လှုပ်ရှားမှုများကို ရင်းနှီးပြီးဟု ဆိုရမည်။

ယခုနှစ်အတွင်း ဆေး ၂ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကို လှုပ်ရှားဆောင်ရွက်နေသည်ကို တွေ့ရသည်။ ပထမဆုံး အ တန်းလိုက် ကိုယ်စားလှယ်များရွေး၍ ၎င်းမှတဆင့် သမဂ္ဂအမှုဆောင်များ ရွေးချယ်ကြသည်။ သမဂ္ဂဥက္ကဌအဖြစ် နောက်ဆုံး နှစ် အပိုင်း – က မှ ကိုအောင်ပညာနေလင်းကဆောင်ရွက်ပြီး ဒုတိယနှစ်ဆေးမှ မသင်းသင်းသော်က ဒုဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူးအဖြစ် နောက်ဆုံးနှစ်အပိုင်း – ခ မှ ကိုနိုင်မင်းထွဋ်တို့က တာဝန်ယူကြသည်။ ထို့ပြင် ဘဏ္ဏာရေးမှူးအဖြစ် နောက်ဆုံးနှစ် အပိုင်း-က မှ မလဝန်းသီရိ၊ ပြန်ကြားရေးတာဝန်ခံအဖြစ် နောက်ဆုံးနှစ် အပိုင်း-ကမှ မမြတ်ပိုးချည်၊ ပြင်ပရေး ရာတာဝန်ခံအဖြစ် ပထမနှစ်ဆေးမှ ကိုကောင်းခန့်ဦး ကျောင်းသားရေးရာ နောက်ဆုံးနှစ် အပိုင်း-က မှ ကိုကျော်စွာဝင်း၊ အ မျိုးသမီးရေးရာ နောက်ဆုံးနှစ် အပိုင်း-ခမှ မတင်အေးလှိုင်၊ စာကြည့်တိုက်တာဝန်ခံ ဒုတိယနှစ်ဆေးမှ ကိုမောက်ပြည့် အနု ပညာတာဝန်ခံအဖြစ် နောက်ဆုံးနှစ် အပိုင်း-ခမှ ကိုနိုင်ကောင်းဉာဏ် စသည်ဖြင့် အတန်းပေါင်းစုံမှ ကျောင်းသားများဖြင့် ကဏ္ဍပေါင်းစုံကို တာဝန်ယူ၍ ဆေး ၂ သမဂ္ဂအမှုဆောင်အဖွဲ့ကို ဖွဲ့စည်းထားသည်ဟု ကြားသိရသည်။

ထို့နောက်တွင် ဆေး ၂ သမဂ္ဂ၏ လှုပ်ရှားမှုများကို တွေ့ရသည်။ လတ်တလောလှုပ်ရှားမှုအဖြစ် ဆေး ၂ သမဂ္ဂမှ ကမက ထပြု၍ ဆေး ၂ သမဂ္ဂနှင့် ဆေးတက္ကသိုလ် ၁ (ရန်ကုန်) ကျောင်းသာသမဂ္ဂ။ ဆေးဝါးတက္ကသိုလ်( ရန်ကုန်) ကျောင်းသားသမဂ္ဂ ။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်) စသည့် ဆေးပညာဆိုင်ရာ ကျောင်းသားသမဂ္ဂ ၄ ခု ပူးပေါင်း၍ဆွေးနွေးပွဲတခုကျင်းပခဲ့သည်။ ဆေးပညာတက္ကသိုလ်များပူးပေါင်းဆောင်ရွက်ရေး အပြန်အလှန်ကူညီရေးတို့အပြင် မြန်မာတနိုင်ငံလုံးရှိကျောင်းသားများပါဝင်နိုင်သည့် ကျောင်းသားထု ညီလာခံတရပ်ပေါ်ပေါက်ရေးကို ဆော်သြခဲ့ကြသည်။

ထို့ပြင် ဗကသ နှင့် နကသ ဟူ၍ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံအား ခွဲ၍ ကျင်းပခြင်းမပြုဘဲ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံအား တခုတည်းကျင်းပနိုင်ရေး ကျောင်းသားထု ညီညွတ်ရေးကို ဆော်သြခဲ့သည်ကို တွေ့လိုက်ရ သည်။ ကြို ဆိုရမည့်အချက်ဖြစ်သည်။ မိမိအဖို့တော့ စိတ်ချမ်းမြေ့စရာဖြစ်သည်။ ဆေးတက္ကသိုလ် ၂ ကျောင်းသားများသည် ဆေးပညာသင်ယူရင်း ခေတ်အဆက်ဆက် သမိုင်းကပေးသည့် တာဝန်များကိုထမ်းပိုးခဲ့ကြသည်။ ရင်ဆိုင်ခဲ့ကြသည်။ ကျော်လွှားခဲ့ကြသည်။ ဂုဏ်ယူခဲ့ရသည့် တက္ကသိုလ်တခုဖြစ်ခဲ့ပါသည်။

ရေဝေးတွင် ခေတ္တမျှဆုံခဲ့ရသော ဆေး ၂ ကျောင်းသားသမဂ္ဂပေါ်ပေါက်ရေးအတွက် တစိုက်မတ်မတ်လုံးပမ်းခဲ့သော ကိုဟန် စောနှင့် လက်ရှိသမဂ္ဂဥက္ကဌ ကိုအောင်ပညာနေလင်းအပါ ဆေး ၂ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များကို ကြုံတွေ့ရသည့် အခိုက်အတန့်သည် မိမိပီတိဖြစ်စေသည့် အခိုက်အတန့်လည်း ဖြစ်ပေသည်။ ၁၉၇၅ ဇွန် ၆ မှ တွက်လျှင် အနှစ် ၄၀ ကျော် သည့် ယခုကာလတွင် ဆေး ၂ အပါ တက္ကသိုလ်အများစုတွင် ကျောင်း သားသမဂ္ဂများ ခိုင်ခိုင်မာမာ ပေါ်ထွန်းလာသည့်အတွက် ကြေနပ်မိသည်။ ကျောင်းသားထုအရေး ကျောင်းသားထု စည်းလုံးညီညွတ်ရေးအတွက် ရပ်ခံပေးမည့် ကျောင်းသားသမဂ္ဂများ ပေါ်ထွက်လာသည် ခေတ်အဆက်ဆက် ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြသည့် အညတရကျောင်းသားများစွာတို့၏ ပေးဆပ်မှုခဲ့မှု တို့၏ အသီးအပွင့်များဟု ဆိုရပေမည်။

နုနယ်ပျိုမြစ်သောမျက်နှာများ တက်ကြွသွက်လက်သောဟန်ပန်များနှင့် ဆေး ၂ သမဂ္ဂကျောင်းသားများအား မြင်တွေ့ရသည် မှာ အနာဂါတ်အတွက်လည်း အားတက်ဘွယ်ဖြစ်တော့သည်။ မိမိတို့ ၁၉၇၅ ဇွန် သပိတ်ကျောင်းသားများကား ထိပ်ပြောင် သူပြောင် ဆံပင်ဖြူသူဖြူနှင့် အသက် ၆၀ ကျော်တန်းတွေ ဖြစ်ကြချေပြီ။ ခြေလှမ်းတွေလည်း လေးကန်၍လာချေပြီ။ မည် သို့ဖြစ်စေ မိမိတို့လည်း နိုင်သလောက်ထမ်း၍ ရောက်နိုင်သလောက်တော့ သွားကြမည်ဖြစ်သည်။ သို့သော် အနာဂါတ်က တော့ လူငယ်တွေအတွက်ဖြစ်သည်။ မျိုးဆက်သစ်တို့အတွက် ဖြစ်ပေလိမ့်မည်။ အနာဂါတ်အား လူငယ်တွေ ပိုင်ပါသည်။

● ၁၉၇၅ ခုနှစ် ဇွန်လ ၁၀ ရက်နေ့
ထိုနေ့က မိုးမရွာပါ။ အရင်ရက်အချို့က မိုးရွာ၍ လမ်းလျှောက်ချီတက်သူများ မိုးရေဖြင့် တုတ်တုတ်ရွှဲခဲ့သည်။ စစ်အာဏာရှင် စနစ်ကို ရင်ဆိုင်ရန် မကြောက်ရွံ့ခဲ့ကြသော်လည်း မိဘဆွေမျိုးသားချင်းများ၏ မျက်ရည်ကို ကျော်လွှားရန် ခက်ခဲတတ်ပေရာ သပိတ်မှောက်ကျောင်းသားအင်အားလည်း နည်းလာပြီဖြစ်သည်။ သို့ဖြစ်ရာ လူထုနှင့်နီးစပ်ရန် ထိုနေ့ နေ့လည်တွင် ရွှေတိဂုံ ဘုရားရင်ပြင်ပေါ်တွင် သပိတ်စခန်းပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

မိမိတို့ ရွှေတိဂုံဘုရားတောင်ဖက်စောင်းတန်းရောက်တော့ ညနေ ၃ နာရီခန့်ရှိပြီထင်သည်။ “ကဲဗျာ ရင်ပြင်ပေါ် မတက်တော့ပါ ဘူး၊ ဒီနေရာကဘဲသွားကြရအောင်ပါ” ဟု မိမိက ကိုချစ်ဆောင်ဦးအား လှမ်းပြောလိုက်သည်။

မိမိအနေနှင့် ဆုံးဖြတ်ချက်ချပြီးပေပြီ။ သပိတ်မှောက်အလုပ်သမားကျောင်းသားများကို စေ့စပ်ဆွေးနွေးမှုမပြုလိုသော မဆလစစ်အစိုးရကိုလက်နက်ကိုင်တိုက်ခိုက်တော့မည်။ ထိုသို့ လက်နက်ကိုင်တိုက်ခိုက်ရန်အတွက် အရှေ့မြောက်တောင်တန်းများဆီသို့ထွက်ခွာတော့မည်ဟု ဆုံးဖြတ်ချက်ချ ပြီးဖြစ်သည်။ ထိုကာလက အရှေ့မြောက်တောင်တန်းများဆီမှ မဆလစစ် အစိုးရကို တိုက်ပွဲကြီးငယ်များဖြင့် တော်လှန်တိုက်ခိုက်နေသော ဗမာပြည်ကွန်မြူနစ်ပါတီ CPB သည် မိမိအတွက် အနာဂါတ် မျှော်လင့်ချက်ဖြစ်ခဲ့သည်။သို့သော် မိမိတို့ကား ထိုစဉ်က CPB နှင့် အဆက်အသွယ်ရှိသူများမဟုတ်ကြပေ။ လမ်းဆုံးလျှင် ရွာရောက်မည်ဟုသာ နှလုံးပိုက်ရပေတော့သည်။

ထို့နေ့မှစ၍ အဖမ်းခံရမည့်စာရင်းတွင် ပါဝင်နေသည့်မိမိ၏ ဝရမ်းပြေးကာလစတင်တော့သည်။ ကိုချစ်ဆောင်ဦး (ပြည်) ၏ အစီအစဉ်နှင့်ရွှေတိဂုံဘုရား တောင်ဖက်စောင်းတန်းမှ စတင်ထွက်ခွာခဲ့တော့သည်။

ထိုသို့ထွက်ခွါလာခဲ့ရသည့်ချိန်တွင် ယတိပြတ်ဆုံးဖြတ်ချက်ချထားခဲ့သည်မှာ မှန်ကန်သော်လည်း မိမိအား ကျွေးမွေးစောင့် ရှောက်ခဲ့သော မျှော်လင့်ချက်ကြီးမားစွာထားခဲ့ကြသော မိဘနှစ်ပါးအား သတိရမိသည်။ မိမိနှင့်အတူ ကြီးပြင်းလာခဲ့သည့် မိမိအား အထင်ကြီးလေးစားကြသည့် ညီမနှစ်ဦးနှင့် ညီငယ်အား သတိရမိသည်။

ထို့အတူ “သူမ” အားလည်း သတိရမိသည်။ သူမသည် ထိုခေတ်ကာလက မင်းမင်းလတ်၏ “ဆံရှည်မလေး” ဖြစ်သည်။ ခါး အထိ ဖြောင့်တန်းစွာချထားသော သူမ၏ဆံနွယ်စများအား မြင်ယောင်မိသည်။ ပြီးတော့ချိုမြိန် ဆွတ်ပျံ့ဖွယ် အနမ်းများစွာ ကိုလည်း သတိရမိသည်။ သို့သော် မိမိနှင့်သူမကြားတွင် အဓိပတိလမ်းမ မရှိ၊ သစ်ပုတ်ပင်မရှိ၊ စိန်ပန်းပြာမရှိ၊ ကံ့ကော်ပင် တန်းမရှိ၊ ဦးချစ်ဆိုင်မရှိ၊ ပုဂံလမ်းမရှိ၊ အင်းယားကန်ဘောင် မရှိခဲ့ပါချေ။ သို့သော် သူမနှင့်မိမိကြားတွင် အချစ်ရှိခဲ့ပါသည်။ လွမ်းမောဘွယ် အမှတ်တရများ ရှိခဲ့ပါသည်။ အချစ်သည် တခါတရံတွင် ဘဝဖြစ်၍ တခါတရံတွင် အိပ်မက်ဖြစ်ကာ တခါတရံ တွင်တော့ တစ်ထောင့်တစ်ည ပုံပြင်တစ်ပုဒ်ဖြစ်တတ်သည်ဟုသာ ဆိုရပါတော့မည်။

ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe  (မောင်မောင်စိုး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း (၄၆)
  1. ဆရာစိုးရေးသမျှ အကုန်ဖတ်တယ် အကုန်down ထားတယ် စာအုပ်လေးတော့လိုချင်မိတယ် အကုန်စုထုတ်အုံးဗျ

Comments are closed.