ကဗျာ

နရီမင်း ● ပါးစပ်တွေ လိုက်ပိတ်တဲ့ လက်ဟာ နိုင်ငံကို ဖျက်တယ်

နရီမင်း ● ပါးစပ်တွေ လိုက်ပိတ်တဲ့ လက်ဟာ နိုင်ငံကို ဖျက်တယ်
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၆


ပါးစပ်တွေ လိုက်ပိတ်တဲ့ လက်ဟာ
နိုင်ငံကို ဖျက်တယ်
သက်ဦးဆံပိုင်လက်ဟာ
မခံမရပ်နိုင် ပွင့်အန်လာမယ့် ပါးစပ်တွေကို
လိုက်ပိတ်တယ်

တိတ်ဆိတ်သွားတဲ့နိုင်ငံမှာ
ဆွံ့အသွားသူတွေအကြား
သူ လုပ်သမျှ အမြဲမှန်တယ်

အဲ့ဒီလက်ဟာ
မီးခဲပြာဖုံးလေးတွေတောင် ရေနဲ့လောင်းပြီး
နိုင်ငံရဲ့အနာဂတ်ကို အသေသတ်လိုက်တယ်

တန်ခိုးတော်ရှင်ရဲ့ အဲ့ဒီလက်က
ပခုံးတွေအားလုံးကို ဖိချတယ်
ရှည်ထွက်လာတဲ့ လက်သည်းတွေကိုတောင် ညှပ်ပစ်တယ်
ထွေးပြီးသား တံတွေးတွေ ပြန်မျိုထားတဲ့ လက်ဟာ
ပိတ်ရခက်တဲ့ ပါးစပ်တွေကို ထောင်ထဲ ထည့်ပစ်တယ်

မာရ်နတ်ရဲ့ဝိဉာည် ပူးဝင်နေတဲ့ လက်ဟာ
ဆူဆူညံညံ ပါးစပ်တွေ ပိတ်လိုက်နိုင်တာကို
ငြိမ်းချမ်းရေးလို့ ဟစ်ကြွေးတယ်

ပါးစပ်တွေ လိုက်ပိတ်တဲ့ လက်ဟာ
သူဆင်းရဲတွေကို တိုးပွားစေတယ်
ခြစားမှုတွေ တောထလာစေပြီး
ရာဇဝတ်မှုတွေ ထူပြောစေတယ်
သူ့နာမတော် ရွတ်ဖတ်သရဇ္ဈယ်သူတွေကလွဲလို့
ကျန်ပါးစပ်တွေအားလုံးကို ပိတ်နိုင်တဲ့လက်ဟာ
ကြီးမြတ်စွ
ပါးစပ်တွေ လိုက်ပိတ်တဲ့ လက်ဟာ
မကောင်းသူတွေ ကယ်ပြီး
ကောင်းသူတွေကို ပယ်ခဲ့တယ်
သွေးနထင်ရောက်နေတဲ့လက်ဟာ
သူ့ကိုယ်သူ
ထိသမျှ ရွှေဖြစ်တဲ့ လက်လို့ ထင်တယ်
အဲ့ဒီလက်မှာ
ရစရာ နောင်တ မရှိချေဘူး။

နရီမင်း
၃၀- ၁၁- ၂၀၁၆

မှတ်ချက်။ ။ ဒီလန်တောမတ်၏ စာရွက်ကို လက်မှတ်ထိုးတဲ့လက်ဟာ မြို့ကို ဖျက်တယ် ကဗျာမှ စိတ်ကူးရရှိခြင်း ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts