ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● ချိန်းဆိုထားတဲ့အချိန်ဟာ ငါတို့ဆီပြန်မလာခဲ့

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 ဆောင်းယွန်းလ ● ချိန်းဆိုထားတဲ့အချိန်ဟာ ငါတို့ဆီပြန်မလာခဲ့
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၆

ချိန်းဆိုထားတဲ့ အချိန်ဟာ
ကမ်းကခွာပြီး တောင်ပေါ်တက်လာမယ်ဆိုလို့
ကမ်းကပ်မယ့် လေညင်းကို ဧည့်ခံဖို့အရေး
တောင်ပေါ်ကို ရိုးရိုးသားသားနဲ့ ကြိုးစားပြီး တက်ခဲ့မိပါတယ်။

တောင်ခိုးမြူတွေနဲ့ လေညင်းတွေအစား
ကျည်ဆန်ယမ်းငွေ့တွေနဲ့ လေရိုင်းတွေက
တောင်ပေါ်မှာ ခုန်ပေါက်ပြေးလွှားနေကြတာကိုတွေ့မှ
အမြင်အာရုံမှာ ရိုးရိုးနဲ့ယဉ်သလောက်
လက်တွေ့မှာ ကြောက်စရာကောင်းလှတဲ့
တောင်တန်းတွေအကြောင်းကို အသက်နဲ့ရင်းပြီး သိခဲ့ရပါတယ်။

အဲဒီအချိန်ကစလို့
ချိန်းဆိုထားတဲ့ အချိန်ဟာ
ငါတို့ကမ္ဘာကို တရံတခါမှ ပြန်လာတာမတွေ့ခဲ့ရတော့ဘူး။

ရေဒီယိုတွေထဲမှာတော့
သီချင်းတွေက အချိန်မှန်မှန်လာနေတယ်
ဂျာနယ်တွေထဲမှာတော့
သတင်းတွေက အချိန်မှန်မှန်ပါနေတယ်
ရုပ်ရှင်ပိတ်ကားပေါ်မှာတော့
မိုးတွေက အချိန်မှန်မှန်ရွာနေပါတယ်
လူတကာပါးစပ်ထဲမှာတော့
နာရီလက်တံတွေဟာ အဖိုးမဖြတ်နိုင်အောင် လည်နေပါတယ်။

ချိန်းဆိုထားတဲ့အချိန်ဟာ
သေနတ်မောင်းကွင်းထဲ လက်ညှိုးထိုးထည့်ထားရင်း
ကမ်းခြေနဲ့တောင်တန်းတွေကို ပစ်ကွင်းလိုသဘောထားရင်း
ငြိမ်းချမ်းရေးရဲ့ရင်ဝကို တည့်တည့်ချိန်ပစ်နေခဲ့လို့များလား
စဉ်းစားခန်းထဲဝင်ပြီး စဉ်းစဉ်းစားစားနဲ့ စဉ်းစားစရာပါပဲ။

ချိန်းဆိုထားတဲ့ အချိန်ဟာ
ငါတို့ကမ္ဘာကို တရံတခါမှ ပြန်မလာတဲ့အချိန်ကစလို့
စိုးရွံ့ထိတ်လန့်နေရမှုတွေက ကြောက်စရာမကောင်းတော့သလို
ဟားတိုက်ရယ်မောမှုတွေကလည်း ပျော်စရာမကောင်းတော့ပါ။

ဆောင်းယွန်းလ
(နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts