ကဗျာ

နရီမင်း ● မြို့တမြို့ရဲ့ ကျဆုံးခန်း

နရီမင်း ● မြို့တမြို့ရဲ့ ကျဆုံးခန်း
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၆

ဒီလိုနဲ့
ထရိုဂျန်မြင်းဟာ
မြို့ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့
ထင်မှတ်မထားမိခဲ့လေတော့
ငါတို့တွေ
အလဲလဲအကွဲကွဲ အတုံးအရုံးပဲ။

မြို့ထဲက လူတချို့လည်း
လွတ်မြောက်လို လွတ်မြောက်ငြား
ထရိုဂျန်မြင်းအောက်ကို ဝင်သွားတယ်။

တမြို့လုံးကို
မီးခိုးမှိုင်းတွေ တိုက်ထားတော့
ငါတို့တွေ
ရန်သူမိတ်ဆွေ မခွဲခြားနိုင်ကြတော့ဘူး။

အချင်းချင်းတွေ ပြန်ခုတ်မိ
တချို့တွေလည်း
သွေးရူးသွေးတမ်းနဲ့မို့
အော်ဟစ်သတိပေးတာတောင်မရ။

ငါတို့ ဓားတွေ
တရမ်းရမ်းလုပ်နေတာဟာ
မြို့ကို ကာကွယ်ဖို့လား
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လား
စဉ်းစားဖို့ အချိန်မရှိဘူး။

ဘာပဲဖြစ်ဖြစ်
မြို့ကတော့ ပျက်ပြီ
မြို့ပျက်ကြီးထဲ
ဘယ်သူမှ
ဂုဏ်သိက္ခာနဲ့အတူ
အသက်ရှင်ခွင့်မရှိတော့ဘူး။

နရီမင်း
၁၅- ၁၁- ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts