Poems

Thit Kaung Eain – Old Days

မိုးနေ့ဟောင်းများ
သစ်ကောင်းအိမ်၊ အောက်တိုဘာ ၁၁၊ ၂၀၁၃

လာတုန်းကတော့ အုန်းရေသောက်ရုံ 
ခရုခွံကောက်ရုံသက်သက် 
မင်းကမ်းစပ်မှာ 
လက်ပမ်းကျတဲ့ပင်လယ် …

မင်းကမ်းခြေမှာ ရေတိမ်နစ်တဲ့ပင်လယ် 

လာတုန်းကတော့ အုန်းရေသောက်ရုံ 
ခရုခွံကောက်ရုံသက်သက် 
မင်း စဉ်းတီတုံးပေါ် 
အရှင်လတ်လတ်ငါးတကောင် သေငယ်ဇောငင်သလို ပင်လယ် …

မင်းကောင်းကင်အောက်မှာ 
လှိုင်းတွေနဲ့ဘောင်ဘင်ခတ် 
မှန်တချပ်လို ဖျပ်ဖျပ်လူးကျကွဲနေတဲ့ ပင်လယ် …

 မင်းမျက်နှာအနေအထားသာ 
ငါ့အတွက် လောကဓံတရားဆိုတဲ့ ပင်လယ် …

မင်းမုန်တိုင်းတွေမှာ 
အဘိဓမ္မာဆရာတယောက်လို ငိုကြွေးပြီး 
မင်းလေညင်းတွေမှာ 
ကလေးငယ်တယောက်လို ရယ်မောပျော်ရွှင်သူ ပင်လယ်  …

ပျင်းရိငြီးငွေ့ဖွယ် မင်းနေ့တွေမှာ 
စင်ရော်တွေကိုပျံသန်းခိုင်းပြီး 
လင်းပိုင်တွေကို မြူးတူးဆော့ကစားစေသူ ပင်လယ်  …

လပြည့်လကွယ်ညရောက်တိုင်း
ရေသူမတွေကိုဖန်ဆင်း 
မင်းခြေတော်ရင်းမှာ ဝပ်ဆင်းခံစားစေသူ ပင်လယ် …

မင်းအနမ်းမှာပဲ 
ကိုယ့်ကိုယ်ကို ငါးမန်းစာကျွေးပစ်ချင်တဲ့ ပင်လယ် …

မင်းသေနတ်ထဲမှာပဲ 
အသက်စွန့်ရတဲ့ ကျည်ဆံတတောင့်ဖြစ်ချင်တဲ့ ပင်လယ်  …

မင်းရာဇဝင်မှာပဲ 
ပုဂံမြို့ဟောင်းဖြစ်ချင်တဲ့ ပင်လယ် …

မင်းလက်ဝါးကပ်တိုင်မှာပဲ 
သူတော်စင် ငါဖြစ်ချင်တဲ့ ပင်လယ် …

လာတုန်းကတော့ 
အုန်းရေသောက်ရုံ ခရုခွံကောက်ရုံသက်သက် 

(၂၀၀၉)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts