မောင်မိုးသူ

သတင်းမီဒီယာတို့ရဲ့ ပြဿနာနှင့် မောင်မိုးသူ

သတင်းမီဒီယာတို့ရဲ့ ပြဿနာနှင့် မောင်မိုးသူ
(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ နိုဝင်ဘာ ၁၃၊ ၂၀၁၆

တစ်နေ့က သတင်းမီဒီယာတွေ စုပေါင်း တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်တယ်။ ပွင့်လင်းလာတာတော့ ရှိတယ်။ ပြည့်ပြည့်ဝဝ မပွင့်လင်းသေးဘူးလို့ ပြောတဲ့သူတွေလည်း ရှိတယ်။စာပေစိစစ်ရေးဆိုသဟာကြီး ဖယ်ရှားလိုက်ပြီး ပုဂ္ဂလိကဂျာနယ်တွေ ထုတ်ဝေ ခွင့်ပြုလိုက်တာနဲ့ စာနယ်ဇင်းလောက၊ မီဒီယာလောကဟာ စတင်ပွင့်လင်းလာတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အခြေအနေက ပွင့်လင်းတယ်ဆိုပေမဲ့ အစိုးရကို ဝေဖန်လို့ ရတယ်၊ တပ်မတော်ကိုတော့ မဝေဖန်ရဘူး ဆို သဟာမျိုးတော့ ရှိနေတာပဲ။

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ ဖြတ်သန်းမှုခရီးကိုကြည့်ရင် နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်လက်အောက်မှာ နေခဲ့ရ တယ်။ တစ်ပါတီအာဏာရှင်စနစ် လက်အောက်မှာ နေခဲ့ရတယ်။ အဲသည်အစိုးရရဲ့ မီဒီယာတွေက အတိုက်အခံတွေကို ရစရာမရှိအောင် တိုက်ခိုက်တဲ့ ဆောင်းပါးတွေ ရေးကြ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ လုပ် ကြ စသည် စသည်အားဖြင့် ကမ်းကုန် အောင်လုပ်ပြီး စာပေစိစစ်ရေးဆိုသဟာကြီးနဲ့ ပြည်တွင်းစာပေလောက မီဒီယာတွေကို အဆမတန်ထိန်းချုပ် ကန့်သတ်ခဲ့တယ်။ ငွေမင်သုတ်တယ်၊ ဆုတ်ဖြဲတယ်ဆိုတဲ့ ခေတ်ကြီး ရှိခဲ့ဖူးတယ်။

တခြားတစ်ဖက် ပြည်ပက သတင်းမီဒီယာတွေကလည်း စစ်အာဏာရှင်များကို ပုတ်ခတ်ဝေဖန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်။ ဘီဘီစီ၊ ဗီအိုအေ၊ အာရ်အက်ဖ်အေဆိုတဲ့ သတင်းဌာနတွေကလည်း စစ်အာဏာရှင်စနစ်ကို အမျိုးမျိုးတိုက်ခိုက်လာလေတော့ ပြည်တွင်း အစိုးရမီဒီယာတွေကလည်း မိုးလုံးပြည့်မုသားဝါဒီတွေ ဘာတွေဆိုပြီး နိုင်ငံခြားသတင်းဌာနတွေကို ပုတ်ခတ်တိုက်ခိုက်တဲ့အပြင် ဘီဘီစီတို့လို အသံလွှင့်ချက်တွေကိုတောင် နားထောင်ရင် ဖမ်းမယ်ဆီးမယ် လုပ်ခဲ့တာတွေရှိခဲ့ပါ တယ်။

သည်လို အပြိုင်အဆိုင်တိုက်ခိုက်ကြ ရာက သည်ဘက် စစ်အစိုးရဘက်မှာတော့ ပုဂ္ဂိုလ်ရေးတွေ ဘာတွေပါ ပါလာတော့တာပေါ့။ စစ်အစိုးရက သတင်းစာ အပြင် မြက်ခင်းသစ်ဆိုတဲ့မဂ္ဂဇင်းမှာ အတိုက်အခံ များကို တိုက်ခိုက်တဲ့ ဆောင်းပါးတွေ အမျိုးမျိုး ရေးခဲ့ပါတယ်။

နိုင်ငံခြားသတင်းဌာနတွေဘက်ကလည်း ဘီဘီစီသတင်းထောက်တစ်ဦးဖြစ် သူရဲ့ အခါပေး အရေးတော်ပုံကြီးဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးပဲ ဖြစ်ပါတယ်။ အဲသည်သတင်းသမားဟာ ပြည် တွင်းကို ဝင်ရောက်လာပြီး ကျောင်းသား ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီးတဲ့နောက် ၈ ရက်၊ ၈ လ ၊ ၈၈ ဆိုတဲ့ ရှစ်လေးလုံးနေ့ ကို အထွေထွေသပိတ်ကြီးမှောက်ဖို့ လှုံ့ ဆော်ခဲ့တာ ဖြစ်ပါတယ်။ တကယ်လည်း ရှစ်လေးလုံးအရေးတော်ပုံကြီးပေါ်ပေါက် လာပြီး မြန်မာနိုင်ငံရဲ့ စစ်အစိုးရ ဆန့်ကျင် လှုပ်ရှားတဲ့ တိုက်ပွဲကြီး ဖြစ်ပွားလာခဲ့ရတာ ဖြစ်ပါတယ်။

ဒါကလည်း မီဒီယာကို အသုံးပြုပြီးတော်လှန်ရေး အရေးတော်ပုံကြီး ဖြစ်ပေါ်လာအောင် လှုံ့ဆော်နိုင်ခဲ့တဲ့သာဓက ဖြစ်ပါတယ်။

သည်နောက်မှာတော့ မီဒီယာတွေ အကြောင်းပြုပြီး မီဒီယာရဲ့ ကောလာဟလ ဖြန့်ချိမှုကိုအကြောင်းပြုပြီး လူမျိုးရေး ဘာသာရေး ပြဿနာများ ဖြစ်ပေါ်ခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။

ရခိုင်ပြဿနာမှာ အမျိုးသမီးငယ်တစ်ဦး ပြုကျင့်အသတ်ခံရမှုကို လူမျိုးရေး ဘာသာရေးပုံဟန် ရေးသားလိုက်တာ ကြောင့် ရခိုင်၊ ဘင်္ဂါလီ ၊ မွတ်စလင်ဘာသာ တိုက်ပွဲပဋိပက္ခတွေ ဖြစ်ပြီး ရခိုင်မှာသာမက ပြည်တွင်းက ပြည်တို့၊ မိတ္ထီလာတို့ အထိ ကူးစက်လာခဲ့တာတွေ ဖြစ်လာခဲ့ပါတယ်။ မီဒီယာရဲ့ သတင်းဖော်ပြမှုက အမြင်စောင်း စေ၍ ဖြစ်ပါတယ်။

ယခု ရခိုင်ဘူးသီးတောင်၊မောင်တောမှာ လုံခြုံရေးကင်းစခန်းသုံးခုကို အကြမ်းဖက်အဖွဲ့က ဝင်ရောက်စီးနင်းရာမှာ ရဲသားကိုးဦး သေဆုံးခဲ့ပြီး လက်နက် ၄၀ ကျော် ယူဆောင်သွားတဲ့အတွက် မြန်မာအစိုးရကနယ်မြေရှင်းလင်းရေး လုပ်ရပါတော့ တယ်။

ရခိုင်အရေးအခင်းမှာ အစိုးရက တရား ဥပဒေအရ ဖြေရှင်းဆောင်ရွက်မှုမျိုး ပြု လုပ်မယ့်အကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာ သတင်း ဖြန့်ချိရေးတချို့အရ ဘင်္ဂါလီရွာတွေမှာ မြန်မာစစ်တပ်က မီးရှို့ကြောင်း၊မတရားပြုကျင့်ကြောင်း သတင်းဖြန့်ချိလာလို့ မြန်မာအစိုးရက နိုင်ငံခြားသံတမန်များ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်စုံစမ်းစေတဲ့ အခြေအနေ ရောက်ရှိခဲ့ပါတယ်။

တိုက်ပွဲတစ်ခု ဖြစ်ပြီဆိုရင် သတင်းဖော်ပြမှုက တစ်ဖက်ဖက်ကို ယိမ်းလိုက်ရင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ အသွင် ဆောင်သွားနိုင်ကြောင်း၊ သတင်း မီဒီယာသမားများက သတိမူကြ၊သတိထားကြဖို့ လိုအပ်လှပါတယ်။ သတင်းမီဒီ ယာ များဘက်ကလည်း ရှတတ ထိကပါး ရိကပါး ရေးလိုက်ရမှ ထိရောက်တယ်လို့ ယူဆနေတာလည်း ရှိနိုင်ပါတယ်။

လောလောလတ်လတ်မှာပဲ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ပုတ်ခတ်ပြောဆိုတဲ့ ဟောပြောချက်များကို ဖြန့်ချိခဲ့တဲ့အတွက် တရားစွဲဆိုမှုရှိနေသလို တပ်မတော်ကို ထိခိုက်စေတဲ့ ပြောဆိုမှုရှိတယ်ဆိုပြီး အင်န်အယ်လ်ဒီရဲ့ သု တေသနမှူး မျိုးရန်နောင်သိန်း­ကို ဖမ်းဆီး စေခြင်းလည်း ရှိပါတယ်။

နောက်ဆုံးသတင်းကတော့ Elevenသတင်းအဖွဲ့နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်းတို့ရဲ့ ပြဿနာပဲခင်ဗျ။

သတင်းစာမှာ ဖော်ပြချက်အရ သူ့ရဲ့သိက္ခာကို ထိပါးတယ်ဆိုပြီး ဖြိုးမင်းသိန်းက တရားစွဲဆိုမယ်လို့ လုပ်နေချိန်မှာ Eleven ကလည်း နာမည်မပါဘူးဆိုပြီး ပြန်လည်ဖြေရှင်းနေတာတွေ ရှိပါတယ်။

အမှုတွေကတော့ မကြာမတင်မှာ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

သည်တော့ မောင်မိုးသူက မီဒီယာသတင်းသမားဆိုတော့ စဉ်းစားမိတယ်လေ။ တို့မီဒီယာသမားတွေကလည်း သူတစ်ပါးအပေါ်စပ်စပ်ကလေးထိမှ ၊ ထိလွယ်ရှလွယ်တဲ့ သတင်းမျိုးရေးမှ သတင်းအဖြစ် အောင်မြင်မယ်လို့ ယူဆနေကြလေ ရော့သလားလို့ စဉ်းစားမိပါတယ်။

ဒါကြောင့် စစ်အစိုးရခေတ် မြက်ခင်းသစ်တို့ ဘီဘီစီ၊ ဗီအိုအေ၊ အာရ်အက်ဖ် အေတို့ သတင်းတိုက်ပွဲတွေအကြောင်း ရောက်သွားပါတယ်။

ထိုနည်းတူ မျက်မှောက်သတင်းမီဒီ ယာလောကမှာ ပြဿနာတွေ ဖြစ်နေပြီး တရားရုံးတွေရောက်ကြတဲ့အထိ ဖြစ်နေပုံကိုလည်း တွေ့မြင်နေရပါတယ်။

အရေးယူတဲ့ဘက်ကလည်း အစိုးရက အရေးမကြီးဘူး၊ တပ်မတော်နဲ့ တာဝန်ရှိသူကို ရေးရင် မရဘူးဆိုတဲ့ အရာမျိုး မရှိ သင့်သလို မီဒီယာသတင်းသမားများ ဘက်ကလည်း သတင်းမီဒီယာတို့ရဲ့ ကျင့်ဝတ်အတိုင်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ အရေးအသား မျိုး မလုပ်ထိုက်သလို ပိုပြီးဆိုးတာက လူ မျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပေါ်စေနိုင်တဲ့ လှုံ့ဆော်မှုသတင်းမျိုးတို့၊ ကောလာ ဟလဟန်နဲ့ မရေးသားမိဖို့ အရေးကြီးလှ ကြောင်းပါ။

သတင်းမီဒီယာတို့ရဲ့ပြဿနာနှင့် မောင်မိုးသူပါ။
မောင်မိုးသူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts