အင်တာဗျူး

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၇)

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၇)
(ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်သီချင်းအကြောင်း)
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၆

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူ က အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြ သည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကို အင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။
—–


မာန်။ ။ဆရာရေ၊ အခုဒီအင်တာဗျူးကို အွန်လိုင်းမှာ အပိုင်းလိုက်တင်နေရင်းနဲ့ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) က ကြား ဖြတ် မေးခိုင်းလိုက်တာလေး ဝင်လာပါတယ်၊ အဲဒါက တွံတေးသိန်းတန်ရဲ့  နာမည်ကျော် သီချင်းတစ်ပုဒ်အကြောင်းပါ၊ ဖိုးလမင်းကိုအောင်သွယ်ခိုင်းမယ်ဆိုတဲ့ သီချင်းနဲ့ပတ်သက်ပြီး ဆရာသိထားသမျှလေး ပြောပေးဖို့ပါဆရာ။
မင်းသစ်။ ။ မမစမ်းက ဖိုးလမင်းကိုအောင်သွယ်ခိုင်းမယ် သီချင်းနဲ့ပတ်သက်ပြီး ကျနော် သိသလောက်ပြောပြပါဆိုတော့၊ ၁၉၆၇ – ၆၈ ကစပြီးတော့ ၆၉ ၊ အဲဒီနှစ်တွေက မြင်မြင့်ခိုင် နှစ်တွေဗျ၊ မင်းသမီးမြင့်မြင့်ခိုင်ရဲ့ နှစ်တွေပေါ့၊ မြင့်မြင့်ခိုင်မပါရင် ကို ပြက္ခဒိန်မဖြစ်တဲ့ သဘောဖြစ်နေတယ်၊ ပြက္ခဒိန်တိုင်းမှာ မြင့်မြင့်ခိုင်ပါနေတယ်၊ မြင့်မြင့်ခိုင်ကို ကြူကြူလို့ ခေါ်ကြတယ်၊ ကြူကြူနဲ့ တွံတေးသိန်းတန်ကလည်း အတွဲများတယ်လေ။

အဲဒါဗျာ တစ်ရက်သားကျတော့၊ ကျနော်ထင်တာတော့ ၁၉၆၇ မှာ ဖြစ်မယ်၊ ဟုတ်ပါတယ် ၆၇ ပါပဲ၊ မနက်စောစော တစ် ရက်မှာပေါ့၊ ကျနော်ရယ် ကိုသိန်းတန်ရယ်၊ ကျနော်တို့ စာရေးဆရာတွေ ဟာသလုပ်သလိုပေါ့ဗျာ၊ ညကနည်းနည်း များ သွားတယ်နဲ့ အခြားဝတ္တုတိုများ ဆိုပြီး ပျက်လုံး ထုတ်ကြတယ်၊ အရက်နာကျရင်း ငေါင်ပြီးထိုင်နေကြတာပေါ့။

ကျနော်တို့နှစ်ယောက်ထိုင်နေတဲ့ရှေ့မှာကြူကြူက ပေးထားတဲ့သူ့ပုံနဲ့ပြက္ခဒိန်တခု ရှိတယ်ဗျ၊ အဲဒီပြက္ခဒိန်က နောက်ခံကမိုးပြာရောင်၊ အလယ်ကောင်မှာ အဖြူရောင်စက်ဝိုင်းကြီး၊ ဒီဇိုင်းက အဲဒီလို၊ အဖြူရောင်စက်ဝိုင်းကြီးထဲမှာ မြင့်မြင့်ခိုင်က သရီးကွာတားနဲ့ မတ်တပ်ရပ်နေတယ်။

အဲဒီတော့ ကျနော်ပြောမယ်ဗျာ၊ ကျနော်လည်း ကြည့်နေတာပဲ၊ သူလည်းကြည့်နေတာပဲ၊ ကိုသိန်းတန်က ကျနော့်ကို ပြောတယ်၊ ကိုမြတ်သူရေတဲ့၊ ကျနော့်နာမည်အရင်းက မြတ်သူပါ၊ ကိုမြတ်သူရေ ကြူကြူ့ကိုကြည့်ရတာ ဟိုကဗျာကို သတိ ရလိုက်တာဗျာတဲ့၊ ဘယ်ကဗျာလဲဗျဆိုတော့၊ ‘တခွန်းသူ့ကိုပြောလိုက်ပါ၊ စန္ဒာရယ် သတိရတယ်’ ကဗျာလေးတဲ့၊ ကျနော်က သူ့ကိုမေးတယ်၊ မျက်နှာချင်း လမင်းမှာဆုံတယ်၊ မင်းကြီးက တော်ခင်ဆုံတို့၊ အဲဒီဟာတွေ သွားသတိရနေတယ်မဟုတ်လားလို့မေးတော့၊ ဟုတ်တယ်တဲ့။

ကိုသိန်းတန်ဆိုတာက ခင်ဗျားကိုသိန်းတန်သီချင်းတွေ ကောင်းတာလဲမပြောနဲ့၊ သူက မြန်မာစာအောက်သက် တကယ်ကျေ တဲ့သူ၊ သူကအာဂလူ၊ ကြားဖူးတယ်မို့လား၊ အာဂုံဆောင်မှအာဂလူဆိုတဲ့စကား၊ သူကရှေးစာတွေ၊ ရတုတွေပျို့တွေ အလွတ်ကိုရနေတာ၊ ရှေ့မှာလည်း ကျနော်ပြောပြီးပါပြီ။

အဲဒီလို ကျနော်မေးတော့ဟုတ်တယ်တဲ့၊ ကိုသိန်းတန် ကျနော်သိပြီ၊ ခင်ဗျားသီချင်းရေးတော့မယ်မဟုတ်လားဆိုတော့ဟုတ်တယ်တဲ့။

အဲဒီတော့၊ ဟိုဟာပေါ့ဗျာ၊ သူလည်း အနုပညာသမား၊ ကျနော်လည်း အနုပညာသမား၊ မြင့်မြင့်ခိုင်ရဲ့ပုံကို နှစ်ယောက်စလုံး ပြိုင်တူကြည့်နေကြတာပဲ၊ ဒါပေမဲ့ အနုပညာရွှေထုပ်ကို သွားကောက်လိုက်တဲ့အခါမှာ၊ ကျနော်လည်း သီချင်းရေးတဲ့ကောင်၊ သူလည်း သီချင်းရေးတယ်၊ ဒါပေမဲ့ အနုပညာရွှေထုပ်ကို သူကကောက်ရသွားတယ်၊ အဲဒီမှာ ဖိုးလမင်းကိုအောင်သွယ်ခိုင်းမယ် သီချင်းဖြစ်လာတာပဲ။

မာန်။ ။ ဟာ၊ လှလိုက်တာဆရာရယ်၊ တကယ်ပါဗျာ
မင်းသစ်။ ။ အဲဒီမှာဓာတ်ပြားခုတ်ပြီးတဲ့အခါမှာ ကျနော်တို့ဘက်က မကျေနပ်တာလေးတခုရှိတယ်။ အဲဒါက သူ့စာသားက (ကျေးစေခိုင်းရမှာက ရိုးတယ်ထင် ပေဖူးလွှာ၊ ပေဖူးလွှာ အမှာပါးရမှာက စိတ်ထဲမှာမလုံမလဲနဲ့) ဆိုတဲ့ စာသား၊ အဲဒီမှာ (မလုံမလဲ) ဆိုတာကြီး၊ ပြီးမှကျနော်တို့ မကြိုက်တော့တာ၊ မိန်းမဆန်သွားတယ်ဗျ။

မာန်။ ။ဟုတ်တာပေါ့ဆရာ၊ မလုံမလဲဆိုတော့ မိန်းမဆန်တာပေါ့၊
မင်းသစ်။ ။ အမှန်က စိတ်ထဲမှာ မယုံမရဲဆိုရင် မကောင်းဘူးလားဗျာ၊ အနုပညာဆိုတာ အဲဒီလိုပါပဲ ဖန်တီးတဲ့အခါမှာ အဲဒီလို လည်း ခလုတ်တိုက်ပြီးတော့ အမှားပါတတ်တာပါပဲ။

ဒါပေမဲ့ အဲဒီဟာကိုလည်း ဘယ်သူမှ မသိမထားမိပါဘူး၊ သီချင်းရေးကြတဲ့သူတွေလောက်ပဲ ပြန်တွေးမိတာ၊ ကိုသိန်းတန်က အဓိကရေးတာပါပဲ၊ ကျနော်ကဘေးနားကနေ ဟိုဟာထောက် ဒီဟာထောက်ပေါ့၊ ကျနော်တို့နှစ်ယောက်က ပြန်နား ထောင်ပြီးမှ သိကြတာ၊ ပရိသတ်ကတော့ အဲဒီဟာ အပြစ်လို့မြင်ကြမှာမဟုတ်ပါဘူး၊ ခရီးသွားကြရင်းနဲ့မမစမ်းကို အဲဒီအ ကြောင်းလေးပြောဖူးတယ်ဗျ၊ အခုလိုပြန်ပြောခွင့်ရတာကောင်းပါတယ်။

မမစမ်းကိုကျေးဇူးတင်ကြောင်းလည်း ပြောပြလိုက်ပါ၊ အနုပညာပစ္စည်းတခု ဘယ်လို ပေါ်ပေါက်လာတယ်ဆိုတာ လူတွေသိ ရတာပေါ့၊ အနုပညာသမားတွေဖန်တီးတဲ့အခါ ဘယ်လိုမှားတတ်တယ်ဆိုတာလည်း သိရတာပေါ့။

ဆက်လက်ဖော်ပြပါမည်။

သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။

အပိုင်း (၁)အပိုင်း (၂)အပိုင်း (၃) အပိုင်း (၄) အပိုင်း (၅)အပိုင်း (၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts