(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၆
ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူ က အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြ သည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကို အင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။
မင်းသစ်။ ။ ကျနော့်ဘဝမှာငယ်စဉ်ကတည်းက ဘယ်သူနဲ့စတွေ့သလဲဆိုတော့ ကိုးတန်းလောက်မှာတည်းက ခင်နေတာ။ ကျနော့်ထက် တစ်တန်းကြီးပါတယ်။ မြတ်သင်း၊ ဆရာမြတ်သင်းပေါ့။ သူနဲ့စစ်ကိုင်းမှာတုန်းက တကျောင်းတည်းနေခဲ့ရတာ ကိုး။ မန္တလေးတက္ကသိုလ်ရောက်တော့လည်း အတူတူပေါ့၊ သူ့ဆီက ဂိုက်လိုင်း ကျနော်အများကြီးရတယ်။ သူက (ဆရာမ လေးရယ် စိုးရိမ်မိတယ်) ဝတ္တုနဲ့ မြဝတီမဂ္ဂဇင်းမှာဆုရတော့ အရမ်းအားကျမိတယ်။ အဲဒီမှာ လူကစာရေးဆရာ အရမ်းဖြစ်ချင် နေပြီ။ ကိုယ့်နားကလူက ဖြစ်နေပြီကိုး။
အဲဒါနဲ့ကျနော် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ‘အညာပလွေကဗျာများ’ ဆိုပြီး ၁၉၆၆ မှာ စာအုပ်တစ်အုပ်ထုတ်တယ်။
မာန်။ ။ကျောင်းသားဘဝနဲ့ထုတ်တာဆိုတော့ ကျောင်းတွင်းမှာပဲ ထုတ်တာလား၊ အပြင်အနေနဲ့ ပုံနှိပ်တိုက်နဲ့ထုတ်တာလား ဆရာ။
မင်းသစ်။ ။ အပြင်ပုံနှိပ်တိုက်နဲ့ထုတ်တာပါ၊ ဗဟိုစည်ပုံနှိပ်တိုက်နဲ့ထုတ်တာ။
မာန်။ ။ကလောင်ကရောဆရာ။
မင်းသစ်။ ။ ကလောင်က အဲဒီတုန်းက မောင်မင်းမြတ် (အညာတက္ကသိုလ်)နဲ့၊ အဲဒီခေတ်က မောင်ခေတ်၊ မောင်သင်းခိုင်၊ မောင်ဆွေတင့်၊ အဲဒီလိုမျိုးတွေပေါ့၊ မောင်လွန်းကြင်၊ အဲဒါမျိုး၊ ဆိုတော့ ကျနော်လည်း မောင်မင်းမြတ်ပေါ့၊ နောက်ကလည်း တက္ကသိုလ်ကပါချင်သေးတာဆိုတော့ မောင်မင်းမြတ် (အညာတက္ကသိုလ်)ပေါ့။
မာန်။ ။ဆရာ့အမည်ရင်းကရော။
မင်းသစ်။ ။ မြတ်သူ …
မာန်။ ။စာအုပ်ထုတ်ပြီးနောက်ပိုင်းဆက်ပြောပါဦးဆရာ။
မင်းသစ်။ ။ စာအုပ်ထုတ်ပြီးတော့ အဲဒီစာအုပ် အလကားပေးပစ်တာပေါ့ဗျာ၊ အဲဒီစာအုပ်ထွက်နေဆဲကာလမှာပဲ ၁၉၆၆ ဖေဖော်ဝါရီလထုတ် မြဝတီမဂ္ဂဇင်းမှာ ကျနော့်ကဗျာ ပါလာတယ်၊ (ဧည့်သည်ဆိုးသို့) ဆိုတဲ့ကဗျာပါလာတယ်။
မာန်။ ။ ဟာ အဲဒီကာလမှာ မြဝတီမဂ္ဂဇင်းဆိုတာ တကဲ့အကြီးကြီးနော်။
မင်းသစ်။ ။ ဟုတ်တယ်၊ အဲဒီမြဝတီမှာပါလာရော၊ အဲဒီမှာတင် စာပေပိုးက လူမှာ တော်တော်ကိုကြီးသွားပြီ။ စာအုပ်လေးက လည်းထုတ်၊ စာအုပ်ထုတ်တာက ကိုယ့်ပိုက်ဆံနဲ့ကိုယ်လေ။ ဟိုမှာက အယ်ဒီတာကရွေးတာ၊ အဲဒီမှာတင် ကိုင်း၊ ရန်ကုန် ဆင်းတော့မယ်ပေါ့။
မာန်။ ။ ကျောင်းရောပြီးပြီလားဆရာ။
မင်းသစ်။ ။ မပြီးသေးဘူး၊ စောစောကပြောခဲ့သလိုမန္တလေး တက္ကသိုလ်မှာ ဖိုင်နယ်ကျတယ်။ အဲဒီတော့ ရန်ကုန်တက္ကသိုလ်ကို ဆလ်ဖီမန်ဒရီ ပြောင်းဖြေရင်း ရန်ကုန်ဆင်းပြီးသား ဖြစ်သွားတယ်။ ပြဋ္ဌာန်းသမျှ ဘာသာစုံအကုန်ပြန်ဖြေရတယ်။ ပါမောက္ခ သားတွေရော ဘာတွေရော အကုန်ပြန်ဖြေကြတာပေါ့။
မာန်။ ။ ဟုတ်ပြီဆရာ၊ ရန်ကုန်ရောက်ပြီးတော့ ဆက်ပြောပါဦး။
မင်းသစ်။ ။ ရန်ကုန်ရောက်ပြီးတော့ ကျနော်အထက်တန်းပြဆရာဆွဲခန့်အဖြစ် အထက(၄)အလုံမှာ ဝင်လုပ် သေးတယ်။ အောင်စာရင်းထွက်ပြီး ဒီနေ့အောင်စာရင်းထွက် နောက်နေ့ခန့်တာပဲ အဲဒီတုန်းက ရန်ကုန်တိုင်းပညာရေးမှူးက ဦးခင်မောင် ဖြူ။
မာန်။ ။ ကြော်ငြာတွေ့လို့သွားတာလား၊ အဆက်အစပ်နဲ့ သွားတာလားဆရာ။
မင်းသစ်။ ။အဆက်အစပ်နဲ့သွားတာ။
မာန်။ ။ ပြောပါဦးဆရာ။
မင်းသစ်။ ။ အဆက်အစပ်နဲ့ဆိုတာက ကျနော်ဖိုင်နယ်လာဖြေ တဲ့အိမ်က ဘယ်သူ့အိမ်တုန်းဆိုတော့ သိပ်ရယ်ရတယ်ဗျ၊ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေအိမ်။ ကျားကြီးဗဆွေ၊ အဲဒီအိမ်မှာ၊ကျားကြီးဗဆွေကသိပ်ရယ်ရတယ်ဗျ။ ကြည့်မြင်တိုင် ဗိုလ်ခင် မောင်ကို လှမ်းပြောတာ။ ‘ဗိုလ်ခင်မောင်ဗိုလ်ခင်မောင် ငါ့အိမ်မှာ ဘီစီပီတကောင် ရောက်နေတယ်ကွတဲ့၊ ဗကပခေတ်ဆိုတော့ ဟားဟား ….
မာန်။ ။ ဟုတ်ပဆရာရယ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ တယောက်ရောက်နေတာကိုး။
မင်းသစ်။ ။ အေးဗျာ။ ကျုပ်အဲဒီမှာ သိပ်မြတ်လိုက်တာတစ်ခုရှိတယ်၊ ၃၃ ဦးအကြံပေးအဖွဲ့ဆိုပြီး ဗိုလ်နေဝင်းကဖွဲ့တယ်၊ ဖွဲ့ချင်ယောင်ဆောင်တာပေါ့လေ။ လူကြီးတွေက တက်ကြွပြီးတော့ လာကြတယ်။ အဲဒီမှာကျနော့်ကိုတာဝန်ပေးတာ၊ ဒီ ကောင့်ကို သုတေသနမှူး လုပ်ခိုင်းလိုက်။ ဖတ်စရာရှိတာ ဒီကောင်အကုန်ဖတ်ပါစေတဲ့။ တည်မြဲဖဆပလအဖွဲ့က မှတ်တမ်း တွေ၊ ဒိုင်ယာရီတွေ အကုန်လုံး ကျနော်ဖတ်ရတယ်။
အဲဒီလိုဖတ်ရင်း ဟိုတုန်းကပေါ်ပေါက်ခဲ့တဲ့ပြည်သူ့အရေးတော်ပုံပါတီအကြောင်း ကျနော်ကောင်းကောင်းသိလိုက်ရတယ်။ တခါတလေကျတော့လည်း သူတို့အနားမှာထိုင်ရင်း သူတို့ချင်းချင်းပြောတဲ့စကားတွေ။ အဲဒီတုန်းက အောင်ဆန်းက ဘာ ပြောတာ၊ ကိုကြီးနုက ဘာပြောတာ၊ အဲဒါမျိုးလေးတွေကအစ ကြားရတော့မြတ်တာပေါ့ဗျာ၊ ကျနော်တော်တော်ကို အရ ချောင်တယ်၊ ပြောရရင်တော့ ကျနော် ဆရာကောင်းတွေရခဲ့တာပေါ့။ သင်ဆရာ မြင်ဆရာ ကြားဆရာအကောင်းစားတွေ ချည်းပဲ ကျနော်ရခဲ့တာ။
မာန်။ ။ ဦးဗဆွေအိမ်မှာ ဘယ်လောက်ကြာခဲ့လဲဆရာ။
မင်းသစ်။ ။ ဘာမှမကြာဘူး၊ ခြောက်လကျော်ကျော်လောက်ပဲကြာတယ်။ စာမေးပွဲဖြေစဉ်ကာလပေါ့ ၃၃ ဦးအကြံပေးအဖွဲ့လည်း ပျက်ရော ကျနော်လည်း ကျောင်းဆရာအလုပ်က ထွက်ပစ်လိုက်တယ်။ ထွက်ပြီးတော့ ဘာလုပ်သလဲဆိုတော့ တွံတေးသိန်း တန်ဆီက လာခေါ်ရော။
မာန်။ ။ဟုတ်ပြီ၊ တွံတေးသိန်းတန်ဆီရောက်ပုံလေးပြောပါဦးဆရာ၊ ဂီတလိုင်းရောက်သွားတာလေး၊ ဘယ်လိုများသွား တွေ့ကြတာလဲ ဆရာရယ်။
မင်းသစ်။ ။ ဘယ်လိုသွားတွေ့ကြသလဲဆိုတော့ ညဘက်ညဘက်ဆိုလို့ရှိရင် ဦးဗဆွေအိမ်ရှေ့က ကွပ်ပစ်ကြီးပေါ်မှာ သီချင်း တွေဆိုကြတယ်။ ကျနော်ကိုယ်တိုင်ရေးခဲ့တဲ့ကိုယ်ပိုင်သံစဉ် မြန်မာ သီချင်းတွေ ရှိတယ်။ မန္တလေးတက္ကသိုလ်တုန်းကရေးခဲ့ တာ။ အဲဒါတွေကို မန္တလေးမှာတုန်းက ကိုစောချစ်၊ အခုလယ်တွင်းသားစောချစ်တို့က ဒိုင်ခံဆိုခဲ့ကြတယ်။ သမိုင်းပါမောက္ခ ဦးတိုးလှတို့က ဆို။ ကျနော်ကရေး၊ ဂီတဆည်းဆာတို့ ဘာတို့မှာပေါ့၊ ကိုယ်ပိုင်သံစဉ်နော်၊ ဟိုတုန်းကဆို ခဲ့ကြတာ။ ထား တော့ အဲဒီဟာ။
ကျနော်ရန်ကုန်ရောက်တော့ သန်းထူးဆိုတာ သင်္ဘောသား၊ သူကတွံတေးသိန်းတန်တို့ အိမ်မှာ စားအိမ်သောက်အိမ်ဖဲရိုက် နေကြအိမ်၊ တွံတေးသိန်းတန်က ညောင်တုန်းလမ်းမှာနေနေပြီ။ မြေနီကုန်းစမ်းချောင်းဘက်၊ (နောက်မှ မြူမြူပြောပြလို့ ကျနော်သိရတာ။ ဆရာမြသန်းတင့်တို့လည်း အဲဒီတုန်းက ညောင်တုန်းလမ်းမှာ နေခဲ့သေးတယ်တဲ့)။ အဲဒါနဲ့ ကျနော် တွံတေး သိန်းတန်ဆီရောက်သွားပြီး သီချင်းရေးတယ်၊ နောက်ပြီးကျတော့ ဝတ္တုဇာတ်ညွန်းရေးတယ်။
မာန်။ ။ ဝတ္တုဇာတ်ညွန်း၊ ဘာအတွက်လဲဆရာ။
မင်းသစ်။ ။ ရုပ်ရှင်ရိုက်ဖို့လေ။ ကျနော် အဲဒီဝတ္တုတွေရဲ့အမည်တွေတော့ မပြောပါရစေနဲ့။
ဆက်လက်ဖော်ပြပါမည်။
သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။