ကဗျာ

ကမ်လူဝေး ● သားသတ်သမား

ကမ်လူဝေး ● သားသတ်သမား
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၆

သားကောင်ဟာ
ရိုးသားဖြူစင်စွာနဲ့
ဆွဲခေါ်ရာကိုလိုက်လာ
ဒါဟာ
သားသတ်ရုံဆိုတာမသိခဲ့။

မြနေအောင် သွေးထားတဲ့
ဓားထက်ထက်ကို ကိုင်ထား
သားသတ်သမားက
အသင့်အနေအထား။

ခုတ်ချလိုက်တဲ့
ဓားသွားအောက်မှာ
သားကောင်ဟာ
သွေးတစက် တစက်ကျ။

ပြီးသွားပြီတဲ့
သားသတ်သမားက
သူ့သခင်ကိုပြောရဲ့။

သူ့သခင်က
ဖောင်းကားနေတဲ့အိတ်ကပ်ထဲကို
လက်ထည့်ပြီး ဆွဲထုတ်လိုက်။

အရိုးအရင်း အကြွင်းအကျန်လေး
ပစ်ပေးလိုက်တော့
သားသတ်သမားမှာ ပျော်လို့။

ချွန်မြတဲ့ သားကောင်ရဲ့ဦးချို
သူ့ဝမ်းဗိုက်ထဲကို
စိုက်ဝင်မသွားခင် အထိ။ ။

ကမ်လူဝေး

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts