တူမောင်ညို သူတို့အာဘော်

တူမောင်ညို – အစွဲအလမ်း နဲ့ စွဲစွဲမြဲမြဲ ရပ်တည်တာဟာ လုံးဝ ကွဲပြားခြားနားပါတယ်

 

တူမောင်ညို – အစွဲအလမ်းနဲ့ စွဲစွဲမြဲမြဲ ရပ်တည်တာဟာ လုံးဝ ကွဲပြားခြားနားပါတယ်

(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၆

အောက်တိုဘာလ ၁၅ ရက်နေ့၊ (NCA) စာချုပ်နှစ်ပတ်လည် အခမ်းအနားမှာ ပြောတဲ့ ကာချုပ် ဗိုလ်မင်းအောင်လှိုင်ရဲ့ပြော စကားထဲမှာ အောက်ပါ စကားရပ် ပါရှိပါတယ်။

“ကျွန်တော်တို့ဟာ ဒီမိုကရေစီလက်ခံတယ်ဆိုရင် ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်ကိုင်လမ်းစဉ်အပေါ် အစွဲ အလမ်းကို ဖြတ်တောက်ပစ်ဖို့ လိုမှာဖြစ်ပါတယ် ”

အဲဒီစကားရပ်ကို ဝေဖန်ဆန်းစစ်ပါ့မယ်။

ရှင်းရှင်းလင်းလင်း ကြိုတင်ပြောလိုတာ တစ်ချက်ရှိပါတယ်။

အဲဒီအချက်က ဝေဖန်ဆန်းစစ်မယ့်အထဲမှာပါရှိတဲ့ “လက်နက်ကိုင်လမ်းစဉ်” ဆိုတဲ့စကားရပ်ဟာ “ကားပါမစ်” ကို ဒူးထောက် အညံ့ခံသွားတဲ့ လမ်းစဉ်မျိုးကို ထည့်သွင်း စဉ်းစားပြောဆိုခြင်း အလျဉ်းမရှိဘူးဆိုတဲ့ အချက်ပါပဲ။

ကာချုပ်ပြောသွားတဲ့စကားကို အပိုင်း နှစ်ပိုင်းခွဲပြီး ဝေဖန်ဆန်းစစ်ပါ့မယ်။

ပထမတပိုင်းက “ ဒီမိုကရေစီကို လက်ခံတယ်ဆိုရင်” ဆိုတဲ့ အပိုင်းဖြစ်ပြီး။

ဒုတိယအပိုင်းက “ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့လက်နက်ကိုင်အစွဲအလန်း” ဆိုတဲ့အပိုင်း ဖြစ်ပါတယ်။

ပထမပိုင်း “ ဒီမိုကရေစီကို လက်ခံတယ်ဆိုရင်”

ဒီအပိုင်းကို ဝေဖန်ဆန်းစစ်တဲ့အပိုင်းမှာ ပထမဆုံးမေးရမယ့် မေးခွန်းက ဘယ်လို ဒီမိုကရေစီအမျိုးအစားလဲ ဆိုတဲ့မေးခွန်းဖြစ် ပါတယ်။

ဒီမေးခွန်းကိုဖြေတဲ့နေရာမှာ ကိုယ့်စိတ်ကူးအိပ်မက်ထဲမှာရှိတဲ့၊ အကောင်အထည်မဲ့ ဒီမိုကရေစီဆိုတာမျိုးနဲ့ ဖြေကြားလို့ မဖြစ် နိုင်ပါဘူး။ ဒီကနေ့မှာ အခြေခံဥပဒေတစ်ရပ်အဖြစ် အသက်ဝင်နေတဲ့၊ တရားဝင်နေပြီဆိုတဲ့ “၂၀၀၈ အခြေခံဥပဒေ (ဝါ) စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီ” ဆိုတဲ့ ဘောင်ထဲကနေ ဖြေဆိုကြရပါလိမ့်မယ်။

“၂၀၀၈ အခြေခံဥပဒေ(ဝါ) စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ကို တကယ့် ဒီမိုကရေစီအဖြစ် ဘယ်လိုမှ လက်မခံနိုင်ပါဘူး။

“၂၀၀၈ အခြေခံဥပဒေ(ဝါ) စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” ဆိုတာဟာ ရွေးကောက်ပွဲကနေ ပြည်သူတစ်ဦးချင်းက မဲပြား တစ်ပြားစီ ကိုယ်စီပေးပြီး ဖော်ပြပေးအပ်လိုက်တဲ့ ရာနှုန်းပြည့်ပြည်သူ့ဆန္ဒကို၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထား သူ မဟုတ်တဲ့၊ (စစ်မှုထမ်း)ဝန်ထမ်းတစ်ဦးဖြစ်တဲ့“ကာချုပ်” ဆိုသူလူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က အချိန်မရွေးအလွယ်တကူပယ်ချပစ်နိုင်တဲ့ ဒီမိုကရေစီ ဖြစ်ပါတယ်။

ဒါဟာ “၂၀၀၈ အခြေခံဥပဒေ(ဝါ) စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” အနှစ်သာရဖြစ်ပြီး၊ ဒီအခြေခံဥပဒေထဲမှာပါတဲ့ ပုဒ်မပေါင်း ၄၅၇ ခုနဲ့ ဇယား ၅ ခု ဟာ အဲဒီအနှစ်သာရကို အကောင်အထည်ဖော်နိုင်ဖို့ ဟိုဟိုဒီဒီ ရေးဆွဲပြဋ္ဌာန်းထားတာတွေသာဖြစ်ပါတယ်။ အဓိကအကျဆုံးပုဒ်မတွေကို ပုဒ်မ ၄၃၆(က) မှာ စာရင်းထိုးဖော်ပြထားတယ်။ အဲဒီမှာရေတွက်ဖော်ပြထားတဲ့ ပုဒ်မတွေကို ရွေးကောက်ပွဲ က ရွေးချယ်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်ဆိုသူတွေရဲ့များရာဆန္ဒနဲ့ ဘယ်လိုမှ ဘယ်တော့မှ ပြင်ဆင်ပြောင်းလဲနိုင်ဖို့ မဖြစ်နိုင်ပါဘူး။

“ကာချုပ်” ဆိုသူ သဘောမတူသမျှ ဘယ်လိုမှ ပြောင်းလဲပြင်ဆင်လို့မရနိုင်ဘူး။ ကာချုပ်ဆိုသူရဲ့ တစ်ဦးတစ်ယောက်ထဲက ပယ်ချတာကို ဖုံးကွယ်ဖို့အတွက် စစ်ဗိုလ် ၁၆၆ (၁၁၀ +၅၆) ဦး အဖြစ် လွှတ်တော်ထဲ ပို့ထားတာဖြစ်တယ်။ တကယ်တော့ အဲဒီ ၁၆၆ ဦး ဟာ ကာချုပ်ဆိုတဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ တသွေးတသံတမိန့်ကိုခြွင်းချက်မရှိနာခံကြရတဲ့အရုပ်ကလေးတွေမျှသာ ဖြစ်ပါတယ်။

သူတို့ရဲ့တကယ့်ဆန္ဒ၊ စိတ်ကူးစိတ်သန်းကို လွှတ်တော်ထဲမှာ ထုတ်ဖော်ပြောဆိုလို့မရဘူး။ ထမင်းစားဖိတ်ခေါ်တာတောင် ရဲရဲ မသွားဝံ့ကြဘူးမဟုတ်လား။

အဲဒီလို “ဒီမိုကရေစီ”၊ “၂၀၀၈အခြေခံဥပဒေ(ဝါ) စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ”၊ ပြည်သူ့ဆန္ဒကို စစ်တပ်ကိုင်ထားတဲ့ ကာချုပ် က အချိန်မရွေး ပစ်ပယ်၊ ဖယ်ရှား၊ ပယ်ဖျက်ပစ်နိုင်တဲ့ ဒီမိုကရေစီမျိုးကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။

အကယ်၍ ဒီစကားရပ်ကို ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုရင် နားလည်မှုတခုထားပြီး သည်းခံနားထောင်လို့ရပါ သေးတယ်။ သို့သော်လည်း ဒီစကားရပ်ကို ဒီချုပ်ပါတီ နာယကကြီးဦးတင်ဦးက ပြောတာဆိုရင်တော့ လက်ခံနိုင်စရာအကြောင်းရှိမှာ မဟုတ်ပါဘူး။ ဒီလိုပြောရတာ နောက်ခံသမိုင်းကြောင်း အခိုင်အမာရှိပါတယ်။ ဒီအပိုင်းကိုပြောမယ်ဆိုရင် ဒုတိယပိုင်းဖြစ်တဲ့ “ဒီမိုကရေစီ ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်ကိုင်အစွဲအလမ်း” ဆိုတဲ့အပိုင်းကို ဝေဖန်ဆန်းစစ်ရင်းနဲ့ ပြောသွားရပါလိမ့်မယ်။

ဒုတိယအပိုင်း “ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့လက်နက်ကိုင်အစွဲအလမ်း”

“ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်ကိုင်အစွဲအလမ်း” တဲ့။

ဒီကနေ့ စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ပြီး နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်ပေါင်းစုံမှာ လွှမ်းမိုးခြယ်လှယ်ခွင့်ရရှိထား တဲ့ စစ်အုပ်စုဟာ နိုင်ငံရေးအာဏာကို ဘယ်နည်းနဲ့ရယူခဲ့ကြသလဲ။ ရွေးကောက်ပွဲနည်းနဲ့လား။ တကယ်တော့ ဒီမေးခွန်းဟာ မေးဖို့ တောင်မထိုက်တန်ပါဘူး။ ၁၉၄၈ ခုလွတ်လပ်ရေးရပြီးနောက် ဗမာပြည်သမိုင်းလက်တွေ့ကို ခေတ္တခဏမျှ ငဲ့စောင်းကြည့်လိုက်ရင် အရှင်း သား အကွင်းသားမြင်တွေ့ရပါလိမ့်မယ်။

၁၉၅၈ – ၅၉ မှာ ရွေးကောက်ခံ အစိုးရကို အကြပ်ကိုင်ပြီး (အိမ်စောင့်အစိုးရဆိုပြီး) အာဏာသိမ်းခဲ့တာ ဘယ်သူတွေလဲ။

၁၉၆၀ ရွေးကောက်ပွဲနဲ့ အနိုင်ရလာတဲ့ (ပထစ) အစိုးရကို ဖမ်းဆီး၊ ၁၉၄၇အခြေခံဥပဒေကို ဖျက်ဆီးပစ်ခဲ့ကာ၊ ၁၉၆၂ မတ် မှာ အာဏာသိမ်းခဲ့တာဘယ်သူတွေလဲ။

၁၉၇၄ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲအတည်ပြုပြီး (မဆလ) တစ်ပါတီ၊ ဆိုရှယ်လိမ်ဝါဒနဲ့ တိုင်းပြည်နဲ့လူထုကို မွဲပြာကျ အောင်လုပ်ခဲ့တာ ဘယ်သူတွေလဲ။

၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး (ဝါ) ၁၉၈၈ ခုနှစ် အရေးအခင်းကြီးကို အကြမ်းဖက်ပစ်ခတ်နှိမ်နင်းပြီး အာဏာရ ယူခဲ့တာဘယ်သူတွေလဲ။

ဘာအခြေခံဥပဒေမှမရှိဘဲ ၁၉၈၈ ကနေ ၂၀၀၈ ခုနှစ်အထိ နှစ်ပေါင်း (၂၀) ကျော် ထင်သလို အုပ်စိုးခဲ့တာဘယ်သူတွေလဲ။ ပြည်သူတွေကို သေနတ်နဲ့ ငြိမ်ဝပ်ပိပြားအောင်လုပ်ခဲ့တာ ဘယ်သူတွေလဲ။အကြမ်းဖက်ဖိနှိပ်ခဲ့တာ ဘယ်သူတွေလဲ။

“၂၀၀၈ အခြေခံဥပဒေ” ကို စိတ်ကြိုက်ရေးပြီး အဓမ္မအတည်ပြုခဲ့တာ ဘယ်သူတွေလဲ၊ ဘယ်အဖွဲ့အစည်းလဲ။

အထက်မှာ ကောက်ခါငင်ကာစုစည်းပြလိုက်တဲ့အချက်အလက်တချို့ကို ဆန်းစစ်ကြည့်လိုက်ပါ။

ဗိုလ်နေဝင်းစစ်အုပ်စု၊ တော်လှန်ရေးကောင်စီ၊ (မဆလ) ၊ (နဝတ-နအဖ)စစ်အစိုးရ – ကြံ့ဖွံ့အစိုးရ – ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်တပ်ကို ဂုပ်ခွစီးထားတဲ့ လက်ရှိ စစ်အုပ်စု ပဲဖြစ်တယ်ဆိုတဲ့ အချက်ဟာ လယ်ပြင်မှာ ဆင်သွားတာထက် ပိုပြီး ထင်ရှားနေပါလိမ့်မယ်။

ဒါကြောင့် အဲဒီလို ဖြစ်ရပ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့သူတွေက မျက်နှာပြောင်တိုက်၊ ဟိတ်ကြီးဟန်ကြီးလုပ်ပြီး၊ သူခိုးကလူ လူဟစ်သလို “ ဒီမိုကရေစီ ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်ကိုင်အစွဲအလမ်း” လို့ ပြောဆိုနေတာဟာ နားခါးလှပါတယ်။ ရွံမုန်း၊ အော့ အန်ချင်စရာ ကောင်းပါတယ်။

စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ထားနိုင်သူတွေက အာဏာသိမ်းခဲ့တယ်၊ စိတ်ကြိုက် အခြေခံဥပဒေရေးခဲ့တယ်၊ အဓမ္မအတည်ပြုခဲ့တယ်၊ ဆက်လက်ပြီးတော့ စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ထားပြီး နိုင်ငံရေး၊စစ်ရေး၊ စီးပွားရေး နယ်ပယ် ပေါင်းစုံမှာ ဗိုလ်ကျလွှမ်းမိုးထားသူတွေက “ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်ကိုင်အစွဲအလမ်း” ဆိုတဲ့စကားကို ပြောနေတာ ဟာ ယိုသူမရှက်မြင်သူကြားသူရှက်ဖွယ်လိလိပါ။ ဓားပြဂိုဏ်းခေါင်းဆောင်က “ဓားပြတိုက်တာ မကောင်းဘူး” လို့ တရားပြနေတာမျိုးပါပဲ။

ဒါကြောင့် ဒီလိုစကားမျိုးတွေကို ဒီမိုကရေစီဘက်ပြောင်းလဲရပ်တည်လာတဲ့ ဦးတင်ဦးကပြောရင်တောင် လက်မခံနိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောရတာပါ။ ဒေါ်အောင်ဆန်းစုကြည်က ပြောတာဆိုရင် “နားလည်မှုတခုထားပြီး သည်းခံနားထောင်လို့ရပါသေး တယ်” ဒေါ်အောင်ဆန်းစုကြည်က အထက်မှာတင်ပြခဲ့တဲ့ စစ်တပ်ကို ခါးပိုက်ဆောင်တပ်လိုလုပ်ပြီး အာဏာသိမ်းတဲ့ လှုပ်ရှားမှုတွေ မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ဖူးခြင်းလုံးဝ မရှိခဲ့လို့ပါပဲ။ ထောက်ခံအားပေးကြိုဆိုတာ မလုပ်ခဲ့ဖူးလို့ပါပဲ။

အစွဲအလမ်းနဲ့ စွဲစွဲမြဲမြဲရပ်တည်တာဟာ လုံးဝကွဲပြားခြားနားတယ်၊ မတူညီဘူးဆိုတာ လူတိုင်းသိပါတယ်။

လက်နက်နဲ့အကြမ်းဖက်ဖိနှိပ် အနိုင်ကျင့် ဗိုလ်ကျတာတွေရှိနေသမျှ လက်နက်စွဲကိုင်ပြီး ခုခံတော်လှန်တာဟာ တရားမျှတပြီး ထာဝစဉ် မှန်ကန်မြဲ မှန်ကန်တယ်ဆိုတဲ့ အချက်ကိုတော့ စစ်မှန်တဲ့ဒီမိုကရေစီနဲ့စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်ရေးကို လိုလားသူ တိုင်း အနေနဲ့ စွဲစွဲမြဲမြဲစွဲကိုင်ရပ်တည်နေကြရအုံးမှာပဲဖြစ်ပါတယ်။

“၂၀၀၈ အခြေခံဥပဒေ(ဝါ) စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဟာ ဒို့လိုချင်တဲ့ ဒီမိုကရေစီပဲ၊ ဒို့လိုချင်တဲ့ တန်းတူတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို သွားနိုင်တဲ့ ဒီမိုကရေစီပဲလို့ အကောက်အယူရှိနေကြသူတွေကိုတော့ လွတ်လပ်စွာ ဘေးမဲ့ပေးလိုက်ပါတယ်။

ဒါကြောင့် စစ်မှန်တဲ့ဒီမိုကရေစီရေး၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအရေးတို့ ဆိုတာတွေဟာ အထက်မှာ ဖော်ပြထားတဲ့ စစ်အုပ်စု အဆက်ဆက်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တွန်းလှန်ဖယ်ရှားနိုင်မှသာ အထမြောက်အောင်မြင် လာနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့စစ်အုပ်စုဟာ “စစ်တပ်နဲ့ ၂၀၀၈ အခြေခံဥပဒေ” ကို ချုပ်ကိုင်ထားပြီး တတိုင်းတပြည်လုံးနဲ့ ပြည်သူတရပ်လုံး အပေါ် ဖိနှိပ်ချုပ်ချယ်နေတာလည်းဖြစ်ပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts