ကဗျာ

ကမ်လူဝေး ● ဆေးရုံ (၇)

ကမ်လူဝေး ● ဆေးရုံ (၇)
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၆

တရက်မှာ နှစ်ခါမှန်တဲ့
ရပ်နေတဲ့ နာရီကို ပြပြီး
အချိန်မှန်ကြောင်း သက်သေပြချက်တွေက
ပျင်းစရာ။

ဘာတွေကို ယုံကြည်ရမလဲလို့
မေးလိုက်မိမှ
ဘာတွေက မယုံကြည်ရဘူးလဲလို့
ပြန်မေးခံနေရ။

ရောဂါရဲ့ပမာဏကို မခန့်မှန်း
ကိုယ့်အစွမ်း ကိုယ်မသိ
လူနာဗိုက်ခွဲကြည့်မိမှ
လုပ်မရလို့ပါ အကြောင်းပြ
ကျင့်ဝတ်မရှိတဲ့ ဆရာဝန်။

သေလုဆဲဆဲ ရောဂါကြီးနဲ့ လူနာ
အလိမ်အညာထပ်ခံပြီးတဲ့နောက်
ရောဂါမပျောက် ဒုက္ခရောက်
ကံကြမ္မာကြောင့်လို့ ဆိုမလား။

ဘာတွေက မယုံကြည်ရဘူးလဲ
ဘာတွေကိုယုံကြည်ရမလဲ
မမေးရဲ
တည်းတည်းလေးကျန်တဲ့အသက်
ဖက်နဲ့ထုပ်ပြီး အိမ်ပြန်သယ်။

ရပ်နေတဲ့နာရီက
တနေ့ကို နှစ်ခါ အချိန်မှန်နေဆဲ။  ။

ကမ်လူဝေး

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts