ကဗျာ

လင်းခါး ● ငါးမိနစ်စာ မိတ်ဆွေသို့

 လင်းခါး ● ငါးမိနစ်စာ မိတ်ဆွေသို့
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၆

လူတချို့ဟာ
ဖလင်လိပ်တွေကနေ
ရှာလကာရည်ဖြစ်သွားတာပဲလေ
ဘောပင်အဖုံးနဲ့ နဖာကလော်ရတာမျိုးပေါ့
ဖြစ်တဲ့နည်းနဲ့ ရှင်သန်ရဖို့
သွေးပေနေတဲ့ ခွာထူဖိနပ်ကြီးလည်း ကုန်းနမ်းခဲ့ရ
တချို့နှုတ်ခမ်းတွေကိုလည်း ကစ်မစုပ်ချင်ဘဲ စုပ်ခဲ့ရမယ်။

လူတွေရဲ့ ထုံအမှုကနေ
ဉာဏ်အလင်းပွင့်ယူရတာဆိုတော့
မြစ်ပွားနာက အစ တန်ဖိုးရှိပါတယ်
မအောင်မြင်တဲ့ တော်လှန်ရေးကြီးကို
ထောက်ခနဲ အခွံချွတ်ခွာလိုက်တော့မှ
ယနေ့လူ့အဖွဲ့အစည်းဟာ ကွာစိအဆံကို စားရတာ
သွေးစိုနေတဲ့ ထဘီစကြားထဲမှာ အညိုရောင်နယ်မြေဟာ
သာယာနေပါတယ်ဆိုတဲ့အကြောင်း
ပန်းဖြူဖြူလေးတပွင့်ကို တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ကြတာ
လူတွေရဲ့ ဦးနှောက်ဟာ
မြေဆွဲအားကို အပြင်းအထန်ခံထားရလို့
မကောင်းမှုမှာ ပျော်မွေ့ကြလေတာ
ရှေးဟောင်းလူတွေဟာ ကောင်းကင်ဘုံကို
တက်သွားကြတယ်လို့ဆိုပေမယ့်
သုတေသနအဖွဲ့တွေ ရှာဖွေတွေ့လိုက်တိုင်း
မြေကြီးထဲမှာချည့်ပဲလေ။

နေပါဦး ဒါနဲ့ အခုက ဘာအကြောင်းပြောနေတာလဲ
ပြုပြင်ပြောင်းလဲရေးလား
တော်လှန်ရေးလား
မဟုတ်ဘူး ဒါဟာ ဘယ်သူမှ ထုတ်မပြောတဲ့
ငါတို့အကြောင်းတွေပါ။ ။

လင်းခါး
အောက်တိုဘာ ၁၅၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts