သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး ● ငတ်နေတဲ့ကမ္ဘာ

ငြိမ်းချမ်းအေး ● ငတ်နေတဲ့ကမ္ဘာ
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၆

■ ကမ္ဘာမှာ လူ ၉ ယောက်မှာ ၁ ယောက်က အာဟာရ မပြည့်ဘဲ ငတ်နေတယ်။ ကျန်းမာသန်းစွမ်းဖို့ အတွက် လိုအပ်တဲ့ အာဟာရ မပြည့်သူ ဦးရေ ၇၉၅ သန်း ရှိတယ်။ ဗမာပြည် အပါအဝင် ကမ္ဘာ့ ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေက အများစု ဖြစ်တယ်။

■ အာရှတိုက်က ကမ္ဘာမှာ ငတ်နေတဲ့ လူတွေ အများဆုံးနေတဲ့ တိုက်ကြီး ဖြစ်တယ်။ တိုင်းပြည် အလိုက် လူဦးရေ အချိုးနဲ့ တွက်ရင်တော့ ဆာဟာရ သဲကန္တရ အာဖရိက တိုင်းပြည်တွေက ဆာလောင်မှုနှုန်း အမြင့်ဆုံး ဖြစ်ပြီး ၄ ယောက် မှာ ၁ ယောက်က ဗိုက်မဝကြဘူး။

■ ၅ နှစ် အောက် ကလေးငယ် သေဆုံးမှုရဲ့ တဝက်နီးပါးက အာဟာရ မပြည့်လို့ တနည်းအားဖြင့် ငတ်နေကြလို့ ဖြစ်တယ်။ နှစ်စဉ် ငတ်လို့ သေတဲ့ ကလေးငယ် ဦးရေ က ၃.၁ သန်း ရှိတယ်။

■ ဗမာပြည် အပါအဝင် မဖွံ့ဖြိုး သေးတဲ့ တိုင်းပြည်တွေမှာ ကလေး သန်း ၁၀၀ (ကလေး ၆ ယောက် မှာ ၁) ယောက်က ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်မီ ကြဘူး။

■ ကမ္ဘာ့ ကလေး ၄ ယောက် မှာ ၁ ယောက်က ခန္ဓာကိုယ် ကြီးထွားမှု နှေးကွေးနေတယ်။ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာဆိုရင် ၃ ယောက်မှာ ၁ ယောက် နှုန်း ဖြစ်နေတယ်။

■ ကမ္ဘာမှာ မူလတန်းတန်းကျောင်းသူ ကျောင်းသား ကလေးငယ် ၆၆ သန်းဟာ ဝမ်းဟောင်းလောင်း ဆာလောင်နေလျက် စာသင်ခန်းမှာ စာသင်နေရတယ်။

■ တကယ်လို့သာ အမျိုးသမီး လယ်သူ၊ တောင်သူ တွေသာ ယောက်ျား လယ်သမား၊ ယာသမားများ နည်းတူ မြေယာ၊ ငွေ အရင်းအမြစ် တွေကို တန်းတူညီမျှ အသုံးချ ခွင့် ရမယ်ဆိုရင် ကမ္ဘာမှာ ဆာလောင်နေတဲ့ လူ အရေအတွက်ကို သန်း ၁၅၀ အထိ လျှော့ချနိုင်မယ်။

ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် က ဆာလောင်မှု စာရင်းဇယား စစ်တမ်းက တချို့ပါ။

ဒီနှစ် ၂၀၁၆ ကမ္ဘာ့စားနပ်ရိက္ခာနေ့ (အောက်တိုဘာ ၁၆ ရက်နေ့) အတွက် ဆောင်ပုဒ်က “ရာသီဥတုက ပြောင်းလဲနေတယ်၊ စားနပ်ရိက္ခာ နဲ့ စိုက်ပျိးရေး လည်း ပြောင်းကို ပြောင်းမှ ရပါမယ်” တဲ့..။

ကျနော် က တော့ စားနိုင် သောက်နိုင် ဗိုက်ဝနေတဲ့ လူတချို့ရဲ့ Mindset လည်း ပြောင်းမှ ရမယ်လို့ ထပ် ဖြည့်ချင်ပါတယ်။

အရင်းရှင် စီးပွားရေး က ဖန်တီး လမ်းကြောင်းပေးသမျှ ဈေးကွက် မှာ မလိုလားအပ်ဘဲ ဗုံးပေါလအော အစားအစာတွေကို သုံးဖြုန်း ပစ်တဲ့ အကျင့်တွေကို တကိုယ်ရေ စောင့်ထိန်းနိုင်ရင် ကောင်းမယ် ယူဆပါတယ်။

ဥပမာ – ဗမာပြည်မှာ ကျင့်သုံးမှု နည်းသေးတယ်လို့ ယူဆတဲ့ စားသောက်ဆိုင်တွေမှာ ကောင်းကောင်း စားလို့ ရသေးတဲ့ စားစရာ အကျန် (Leftovers) တွေကို အိမ်ကို ထုပ်ပိုး သယ်ဆောင်ယူတဲ့ (Doggy Bag / Doggie Bag) အကျင့်ကို ကျယ်ကျုယ်ပြန့်ပြန့် တည်ဆောက်ယူတာမျိုးပါ။ အိမ်ကို မသယ်ချင်ရင်လည်း နေရာတိုင်းမှာ ခလုတ်တိုက် မိ မတတ် မြင် နေရတဲ့ လမ်းပေါ်က လိုအပ်နေတဲ့ သူတွေကို ဝေငှ ပေးနိုင်ပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်တွေမှာလည်း စားစရာ အကျန်တွေကို အိမ်ခြေရာခြေမဲ့တွေ၊ လမ်းပေါ်က တောင်းရမ်းစားသောက်သူတွေကို အစီအစဉ် တခုနဲ့ သတ်သတ်မှတ်မှတ် ပြန်လည် ပေးဝေမှုတွေလည်း လုပ်နိုင်ပါတယ်။

ဗားတော့ဗရက် ရဲ့ “အနာဂတ်အတွက် ကဗျာ” ထဲက လိုပဲ ဆိုရရင် ..

“ငါ့ အနေနဲ့တော့ အလုပ် လက်ရှိ စားနိုင် သောက်နိုင်
မှန်ပါတယ်
သို့ပေမယ့် ဒါက ကံကောင်းလို့ကွ..
ကံဆိုးတဲ့ အလှည့်မှာတော့ ငါလည်း ငတ်မှာပဲ..”

ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှု၊ စီးပွားရေး သောင်းကျန်းမှု၊ နိုင်ငံရေးနဲ့ အာဏာ ကိုးကွယ်မှု အကြောင်းပြချက် မျိုးစုံနဲ့ လူတွေ မိုက်ချင်တိုင်း မိုက်နေတဲ့ ဆင်ခြင်တုံ မဲ့ မိုက်မဲမှု အပြည့် နဲ့ ငတ်နေရတဲ့ ကမ္ဘာ မှာ ဂေဟစနစ် ပျက်ယွင်းပြီး ရာသီဥတု ဖောက်ပြန်မှု မျိုးစုံနဲ့ ဘေးဒုက္ခကပ်ဆိုး တွေဟာ အနာဂတ်မှာ ပိုလိုတောင် တိုးလာမှာ ဖြစ်သလို လူဦးရေနဲ့ အစာရေစာ မမျှတမှု ဟာလည်း ပိုမို ကြီးများမာလာမှာ ဖြစ်တာ မို့ ကံဆိုးတဲ့ အလှည့် ခင်ဗျား ကော ကျနော်ကော ငတ်မှာပါပဲ။

အားလုံးအတွက် …
ငတ်နေတဲ့ ကမ္ဘာ အတွက် ဆင်ခြင်တွေးတောကြဖို့ပါ…။

ငြိမ်းချမ်းအေး
အောက်တိုဘာ ၁၆၊ ၂၀၁၆
ကမ္ဘာ့စားနပ်ရိက္ခာနေ့

(ဝေဖန်ရန်နှင့် ဆက်သွယ်ရန် – nyeinchanaye81@gmail.com)

ဓာတ်ပုံ အညွန်း – သန်လျင် သဘာဝ တရားရိပ်သာမှာ မှီခိုနေထိုင်နေသူ ကလေးငယ်များ၊ မျက်နှာ သိပ် မထင်ရှားအောင် ပန်းချီ ပုံ ပြုလုပ် ထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts