ဝင်းအောင်ကြီး ခေတ်ပြိုင်အတွေ့အကြုံ မောင်အောင်မွန်

ဝင်းအောင်ကြီး (မောင်အောင်မွန်) – ဗမာသီချင်းစာသားများနှင့် နိုဗယ်လ်စာပေဆု

ဝင်းအောင်ကြီး (မောင်အောင်မွန်) – ဗမာသီချင်းစာသားများနှင့် နိုဗယ်လ်စာပေဆု

ကျနော်တွေးမိသလို ရေးပါမည် (၁၅၈)

(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၆

၂၀၁၆ နိုဗယ်လ်စာပေဆုကို ကဗျာဓာတ် ထုံမွှမ်းသော ဂီတသစ်အဆိုတော် ဘော့ဒိုင်လန် ဆွတ်ခူးခဲ့ပြီ။  ကဗျာနဲ့ သီချင်း ထပ်တူပြု ခံစားမှုကြောင့် ခုလို ဆုပေးတာ–စသဖြင့် ရာပြည့်FB မှာဖတ်လိုက်ရ၍ ၀င်လာသောအတွေးပါ။ မြန်မာပြည်မှာမူ သီချင်းတပုဒ်ကို ကြိုက်လျှင်ဆိုသူကိုသာ အဓိကထားလေ့ရှိ၏။ ဂီတစာဆိုများခမျာ နောက်ကသာနေကြရှာ၏။ သီချင်းပါစာသားကို သတိထား နားလည်ခံစား တတ်သူများကမူ မြို့မငြိမ်း သီချင်းထဲကဲ့သို့ ကုသိုလ်ထူးသူလို့ ဆိုရမည့်လူပါ။

စစ်ကိုင်းတောင်တွင် ရောက်ကြဖူးသလား–ဟုသုံးရုံနှင့် မည်မျှလှသွားသလဲ။

နတ်သျှင်နောင်တွင် မူရင်းရတုနှင့် သူ၏စာသား မည်သို့ ဖက်စပ်ထားသလဲ။

နှစ်ယောက်သားဘောက်ခါး … ကို မေ့ပါနိုင်ထဲက ခါးတော်မူနဲ့ အချိုသုံး မုန်းမာန်ပယ်နှင့် အနက်ဖွင့်နိုင်ပါသည်။

မန်ဒါလီသီချင်း နားသာထောင်ရင်း ၀မ်းဘဲ ဟင်္သာ ချောင်းကိုပစ်၍မြစ်ကိုရှာ ရေသာနည်း၍ ငါးမတွေ့နှင့်တွဲကာ တွေးမိကြပါလေစ။

ကသစ်ပန်းထဲက ယောက္ခမဆိုတာတည့်အောင်ပေါင်း ကျောင်းကိုထုတ်–စသည့်ပြုံးစဖွယ် စကားလုံးများ …  သိကြားနှင့်အသူရာ ဇာတ်လမ်းမသိပါက နားမလည်နိုင်။

စိန်ခေါ်သည်ဟု ဆိုချင်ဆို သက်ဝေ နားထောင်ရင်း ချစ်သမျှကို အရသာအပြည့်ရ၏။

အလားတူပင် ရွှေပြည်အေး၏ သီချင်းတွေထဲက ရွှေလည်တိုင် ကိုနားထောင်ကြည့်ပါ။ ငယ်ပေါင်းကို မကြင်နာသူက အသဲစုတွင် ကွဲလုချင်ချင်–ကြင်ဖက်တော်စစ်ပါလျှင်– နားထောင်ရင်းအသဲကွဲသလို ခံစားစေသည့် စာသား မဟုတ်ပါလား။

နန်းတော်ရှေ့၊ ရွှေတိုင်ညွန့် တို့၏ စာပေနိုင်နင်းကျွမ်းကျင်မှု ဝေါဟာရကြွယ်မှု တို့ကား ရေးမကုန်နိုင်ပါ။

ဂီတနက်သန် ကိုစောညိန်း၏ သီချင်းများအနက် ပွင့်ဦး ကိုနားထောင်ကြည့်၊ အရိုင်းစပယ် ဟူသောစကားလုံးသုံးပြီး အမျိုးတူချင်း ကွဲပုံယှဉ်ပြထားသည်ကား အနက်ကျယ်ဝန်းလှပါဘိ။

ကဗျာဆရာ နောင် (ဂီတစာဆိုမောင်မောင်လတ်)၏ တိမ်တမန် ကိုသီချင်းလိုဆိုချင်၊ ကဗျာလိုရွတ်ချင်ရွတ်။

မြတ်လေးကသူ၏ မစ်ဝီစကီတွင် ခေတ်ကဖောက်ပြန် စနစ်ကဖောက်ပြန် အချစ်ကဖောက်ပြန် ဆိုသည့်စကားလုံးများနှင့် စစ်အစိုးရ၊ မဆလနှင့် လူတွေကြား အမုန်းပွါးနေပုံကို သရော်ထားရာ ထိမိလှပါဘိ။

သီချင်းထဲပါသည့် ရသမြောက် စာသားကြောင့် နိုဗယ်လ်ဆုပေးကြောင်း သူတို့ခမျာသိမသွားရှာ၊ ကိစ္စမရှိ။ ယနေ့မြန်မာပြည်တွင် ဗမာစာရေးနေပုံ ဗမားစကားပြောနေပုံ တို့ကိုသိနိုင်ကြလျှင်မူ သေရာကနေ ထပ်သေချင်လေမလားဟုတွေးမိကြောင်းပါ။

၂၀၁၆ ခု၊ အောက်တိုဘာလ ၁၃ ရက်နေ့
(သူ့ဖေ့စ်ဘွတ်ကနေ ယူတင်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts