သားကြီးမောင်ဇေယျ ခေတ်ပြိုင်အတွေ့အကြုံ

သားကြီးမောင်ဇေယျ – ဘင်္ဂလား နဲ့ သတင်းသမား (၁)

 

သားကြီးမောင်ဇေယျ  – ဘင်္ဂလား နဲ့ သတင်းသမား (၁)
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၆

ဒီမှာ IS တွေ ရှိတယ်’

ဒက်ကာ လေဆိပ်အ၀င် အထုပ်အပိုးတွေ သယ်ဖို့ တန်းစီနေတုန်း မြန်မာ တစ်ယောက်က ကျနော်တို့နား လာ ပြောလိုက်တာပါ။ IS ဆိုတာ အစ္စလမ် ဘာသာရေးကို အသုံးချပြီး အကြမ်းဖက် ပြစ်မှုတွေ ကျူးလွန်နေသူတွေပါ။

‘အကူအညီလိုရင် ကျနော်ဆီဖုန်းဆက်’

သူက သူ့ဖုန်းနံပါတ်ကိုပေးပါတယ်။ ကျနော်သိရသလောက် သူက မြန်မာသံရုံးဝန်ထမ်းတစ်ယောက် ဖြစ်ပြီး မြန်မာပြည်က လာတဲ့ ဧည်သည်တစ်ယောက်ကို လာကြိုရင်း ကျနော်တို့နဲ့ လေဆိပ်မှာ ဆုံမိကြတာပါ။

ကျနော်တို့ သတင်းသမား အဖွဲ့ ခေါင်းဆောင် ကိုသီဟစောက ဖုန်းနံပါတ်ကို ယူထားလိုက်ပါတယ်။ သိပ်မကြာသေးခင်က ဘင်္ဂလားမှာ ဘလော့ကာ တွေကို လုပ်ကြံသတ်ဖျတ်လိုက်တယ် ဆိုတဲ့ သတင်းဆိုးကလည်း ကျနော်တို့ ခေါင်းထဲမှာ ရှိနေစဲမို့ ကျနော့်လည်ပင်းတွေ ယားလာပါတယ်။ ဦးခေါင်းတလုံး အပို မဆောင်ခဲ့တာ ကျနော့်အမှားများဖြစ်နေမလားလို့တွေးမိပါသေးတယ်။

ကင်မရာ ကို ကျနော့် လည်ပင်းမှာ ချိတ်ထားရင်း ခလုပ်ကို အဆင်သင့်ဖွင့်ထားလိုက်ပါတယ်။ ကျနော်တို့ သတင်းစာသမားအဖွဲ့ တယ်လီနော ဖုံး ကဒ်တွေ ၀ယ်နေတုန်း ကျနော်ကတော့ ဟိုကြည့် ဒီကြည့် သတိထား နေပါတယ်။ တယ်လီဖုန်းကဒ်အသစ် ၀ယ်တာ ပါစ်ပို့ နံပါတ် ပေးရပါတယ်။ အသေအချာ ဂရုစိုက်လုပ်ပေးပါတယ်။ အချက်အလက် အပြည့် အစုံ ယူပါတယ်။ မြန်မာပြည်မှာ လမ်းဘေးက ၀ယ်သလိုအလွယ်တကူဝယ်မရပါ။ နူံးကတော့ မြန်မာပြည်ထက် အများကြီးပိုသက်သာတယ်လို့ သိရပါတယ်။ ကျနော်တို့ ၇ ရက်ခရီး ပြန်တဲ့ အချိန်ထိ ဖုန်းဘီလ် ကဒ် မကုန်သေးပါဘူး။

ဒက်ကာ စံတော်ချိန် ည ၇ နာရီကျော် လောက်မှ တည်းခိုတဲ့ DERIDIEN ဟော်တယ်ကိုရောက်ပါတယ်။

နေ့လည် ၂ နာရီ က တည်းက ရန်ကုန်က ဒက်ကာကို ထွက်လာတာမို့ ကျနော် လက်တွေ ခြေတွေ လေးလံ နေပါပြီ။

လေယာဉ်ပေါ်မှာ ၂ နာရီလောက်၊ ဒက်ကာ လေဆိပ် ၃ နာရီလောက်။ လေဆိပ်က တည်းခို ဟော်တည်ကို ကားစီးခဲ့ရတာက ၁နာရီခွဲလောက်မို့ ခြေလက်တွေသယ်ချင်စိတ် မရှိတော့ပါ။

ကျနော် အခုရောက်နေတဲ့ နေရာက ကျနော်အိပ်မက်ထဲတောင် ထည့်မမက်ဖူးတဲ့နေရာပါ။ ဆရာသီဟစော စကားနဲ့ပြောရရင် ကျနော်တို့ နိုင်ငံနဲ့ ဘင်္ဂလား ဒက် နိုင်ငံဟာ နီးတော့နီးတယ် ဒါပေမယ့် ဝေးနေတဲ့ နိုင်ငံတွေပါ။ နယ်မြေချင်းနီးတယ်၊ ရေမြသဘာဝချင်း နီးတယ်၊ နောက်ခံသမိုင်းချင်း နီးတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံသားတွေ အရောက်အပေါက်နည်းလို့ ဝေးနေကြတယ်။


ကျနော်တို့နိုင်ငံမှာ ဗုဒ္ဓဘာသာဝင် အများဆုံးရှိသလို၊ ဘင်္ဂလားမှာ မူဆလင် အများဆုံးနိုင်ငံဖြစ်ပါတယ်။ မူဆလင်ဘာသာကိုးကွယ်သူ ကမ္ဘာ့ အဆင့် ၃ မှာ ရှိပါတယ်။ ကျနော်တို့ နိုင်ငံမှာ မြန်မာဘာသာ စကားပြောသူ အများစု ဖြစ်သလို ဘင်္ဂလားမှာ ဘင်္ဂလီ ဘာသာစကားပြောသူ အများစုဖြစ်ပါတယ်။ ဘင်္ဂလီ ဘာသာစကားပြောသူ ကမ္ဘာ့အဆင့် ၇ ရှိပါတယ်။ ဘင်္ဂလားဟာ ကမ္ဘာ့ အကြီးဆုံးမြစ်ဝှမ်း ကြီးတခုဖြစ်သလို မြစ်အစင်းပေါင်း ၇၀၀ ကျော်ရှိတဲ့ ဒေသကြီးပါ။ ကမ္ဘာ အရှည်လျှားဆုံး ကော့ဘဇား ပင်လယ်ကမ်းခြေ လည်းရှိပါတယ်။ ကျနော်တို့ ဗုဒ္ဓ၀င် ထဲမှာ ပါတဲ့ ဂင်္ဂါ မြစ်ကြီးဟာ ဘင်္ဂလား ကိုဖြတ်သန်းစီးဆင်းရင်း ဂင်္ဂါ ယဉ်ကျေးမှု ကြီးကို ဖွားမြင်ပေးခဲ့တာပါ။

ဘင်္ဂလားဟာ မြန်မာနိုင်ငံထက် လူဦးရေ ၃ ဆ ပိုများပေမယ့် အကျယ်အ၀န်းက မြန်မာနိုင်ငံထက် ၅ ဆ ပိုငယ်ပါတယ်။ အဲဒါ ပြသနာပါ။ ဘင်္ဂလား က လူတွေ မြန်မာနိုင်ငံကို တရားမ၀င် လာရောက်ရတဲ့ အဓိက ပြသနာတွေထဲမှာ အဲဒီလူဦးရေနဲ့ နိုင်ငံ အကျယ်အ၀န်း ပြသနာ လည်းပါဝင်ပါတယ်။

ကျနော်တည်းခိုနေတဲ့ အခန်းက ဟိုတယ်ရဲ့ အထပ် ၁၁ ထပ်မှာပါ။ မှန် ပြူတင်းကနေ အပြင် ကိုလှမ်းကြည့်လိုက်တော့ မှောင်ပြာရီဝေ နေတဲ့ ကောင်းကင်အောက်မှာ တဖြည်းဖြည်းချင်းရွှေ့နေတဲ့ ကားတန်းကြီးရဲ့ မီးရောင်တွေကို လှမ်းမြင်နေရပါတယ်။

ကျနော်တို့မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဆက် ဆံရေး ရေး ဘယ်တုန်းက စခဲ့ပါသလဲစဉ်းစားမိတဲ့အခါ ပုဂံခေတ်ကတည်းက ယဉ်ကျေးမှုတွေ ကူးလူးဆက်ဆံ ခဲ့ တဲ့ အနုပညာအထောက်အထားတွေ ကိုသတိရလာပါတယ်။ အေဒီ ၆ ရာစု ၇ ရာစု တုန်းက ဘင်္ဂလားမှာရော မြန်မာ မှာပါ ဗုဒ္ဒဘာသာ ပြိုင်တူ ထွန်းကားခဲ့ကြတာပါ။

နောက်နေ့တွေမှာတော့ ဆေးရောင်စုံခြယ်ထားတဲ့ ဆိုက်ကားတွေ၊ တုတ်တယမ်းယမ်းနဲ့ လမ်းရှင်းပုလိပ်တွေ၊ ခေတ်မီ သုံးထပ် လမ်းကြီးတွေ၊ ဒဏ်ရာပလပွနဲ့ ဘတ်(စ)ကားတွေ ကို ငေးရင်း နိုင်ငံခြားရေးဝန်းကြီးဋ္ဌာန၊ ဆေးဝါးစက်ရုံ၊ စက်မှုဇုံ က အထည်ချုပ် စက်ရုံတွေ၊ ပြတိုက်နဲ့ ရှေးဟောင်း ဗုဒ္ဓ တက္ကသိုလ်၊ သမိုင်းပြတိုက်တွေနဲ့ မြန်မာဘုန်းတော်ကြီးကျောင်း ကို လေ့လာ ခွင့်ရခဲ့ပါတယ်။ မူဆလင်ဘာသာ ၈၇ % ရှိတဲ့ နိုင်ငံတနိုင်ငံက ဗုဒ္ဓယဉ်ကျေးမှုတွေကို တမြတ်တနိုး ဂုဏ်ယူထိမ်းသိမ်းထားတာတွေ့ရတော့ အံ့သြ၀မ်းသာမိပါတယ်။ နိုင်ငံခေါင်းဆောင်တွေရဲ့ အမြော်အမြင်ရှိမှုကိုလည်း လေးစားမိပါတယ်။

ကျနော်မြန်မာပြည်ကိုပြန်ရောက်ပြီးနောက်နေ့မှာတော့ မြန်မာဘင်္ဂလား နယ်ခြားစောင့် မြန်မာရဲတွေကို အကြမ်းဖက် တွေက စီးနှင်း တိုက်ခိုက်တဲ့ အကြောင်း မြန်မာသတင်းစာ ရုပ်မြင်သံကြားသတင်းတွေမှာ မျက်နှာဖုံးသတင်းကြီး အဖြစ်ဖေါ်ပြနေတာ ကိုတွေ့လိုက်ရပါတော့တယ်။

အကြမ်းဖက်ဝါဒ မှာ လူမျိုးမရှိ
ဒါပေမယ့် လူမျိုးရေးကို အသုံးချလေ့ရှိတယ်။

အကြမ်းဖက်ဝါဒ မှာ ဘာသာမရှိ
ဒါပေမယ့် ဘာသာရေးကို အသုံးချလေ့ရှိပါတယ်။

အကြမ်းဖက်ဝါဒ မှာ နိုင်ငံမရှိ
ဒါပေမယ့် နိုင်ငံရေး မှာ အသုံးချလေ့ရှိတယ်

ဆိုတာ ကျနော်သတိပြုမိပါတယ်။

သားကြီးမောင်ဇေယျ
၁၀-၁၀-၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts