(မိုးမခ) အောက်တိုဘာ ၁၂၊ ၂ဝ၁၆
● သမိုင်းက သရော်လေသလား
၂ဝ၁၁ သမတဦးသိန်းစိန်အစိုးရ တက်ပြီးသကာလ အတန်ငယ်လွတ်လပ်ပွင့်လင်းလာသည်ဟု ဆိုရပါမည်။ ထိုအခါသမယ တွင် ဦးသန့်၏မြေးဖြစ်သူက ဦးသန့်ပြတိုက် ဖွင့်လှစ်ပါသည်။ ဖိတ်ကြားခံရ၍ တက်ရောက်ကြသူများထိပ်ဆုံးတွင် ဦးသိန်းစိန် အစိုးရအဖွဲ့ဝင်များဖြစ်သည့် ဦးစိုးသိန်း၊ ဦးအောင်မင်းတို့နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် တာဝန်ယူနေသော ဦးမြင့်ဆွေ (ယခု ဒုသမတ) တို့ကို တွေ့ရသည်။ ဦးသန့်အရေးတော်ပုံတွင် တက်ကြွစွာလှုပ်ရှားသူများကို မတွေ့ရပေ။ သမိုင်း၏သရော်ချက် လောဟု ဆိုရပါမည်။
ဦးသန့်ပြတိုက်ဖွင့်ပွဲကို တက်ရောက်ကြသော ဦးသိန်းစိန်အစိုးရအဖွဲ့ဝင်များမှာ တပ်ထဲထွင် ဗိုလ်ချုပ် ဒုဗိုလ်ချုပ်ကြီး တာဝန် ယူခဲ့သူများဖြစ်ကြပေရာ ၁၉၇၄ ခုနှစ် ဦးသန့်အရေးတော်ပုံကာလက ဗိုလ် သို့မဟုတ် ဗိုလ်ကြီးအဆင့်ခန့်ရှိနိုင်ပါသည်။ ထို အရေးတော်ပုံကာလက တက္ကသိုလ်ဝင်းတွင်း ချဉ်းနှင်းဝင်ရောက်ခဲ့သည့် တပ်များမှ အရာရှိငယ်များလည်းဖြစ်နိုင်ပါသည်။ အထက်အမိန့်အတိုင်း တသွေမတိမ်းဆောက်ရွက်သူများ ဖြစ်ကြပေလိမ့်မည်။
အကယ်၍သာ ကျောင်းသားများက စွန့်လွှတ်စွန့်စားတိုက်ပွဲမဝင်ခဲ့ကြပါက ဗိုလ်နေဝင်းတို့ မဆလအစိုးရသည် ဦးသန့်အ လောင်းအား ကြံတောသုသာန်တွင်သာ ဂူသွင်းမည်မှာ သေချာသလောက်ဖြစ်သည်။ ယခုနောက်ပိုင်း သုသာန်ရွှေ့ပုံအရ ဦး သန့်ဂူသည် ထိန်ပင် သို့မဟုတ် ရေဝေးသို့ ရောက်နေပေလိမ့်မည်။ ရွှေတိဂုံဘုရားတောင်ဖက်မုခ်ခြေရင်းတွင် သိက္ခာရှိစွာ မြှုပ်နှံထားနိုင်မည်မဟုတ်။ အထိမ်းအမှတ်ပြုထားနိုင်မည် မဟုတ်ပေ။ ကျောင်းသားတို့၏ ရဲရင့်သော တိုက်ပွဲမရှိဘဲ ဦးသန့် အုတ်ဂူသည် မြန်မာ့သမိုင်းတွင် နေရာတနေရာ မရနိုင်ပေ။
ဤသည်ကပြဆိုသည်မှာ ခေတ်အဆက်ဆက်ကျောင်းသားတို့သည် မိမိပုခုံးပေါ်ကျလာသော သမိုင်းပေးတာဝန်များကို ရဲရဲ ဝံ့ဝံ့ ထမ်းခဲ့ကြသည်မှာ နေရာတနေရာရဖို့မဟုတ် အခွင့်အရေးရဖို့မဟုတ်ဘဲ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့ကြခြင်း သာဖြစ်သည်။ မည်သူတဦးတယောက်က အသိမှတ်ပြုသည် မပြုသည်က အရေးမကြီးလှပေ။ ဆရာကြီးသခင်ကိုယ်တော် မှိုင်း၏အုတ်ဂူအနီး ဦးသန့်၏ဂူ တည်ဆောင်ခွင့်ရခဲ့သည်မှာ ရဲရဲရင့်ရင့် ကိုယ်ကျိုးမပါဘဲ သမိုင်းကပေးအပ်သောတာဝန်ကို လိုလိုလားလားထမ်းဆောင်ခဲကြသည့် တိုက်ပွဲဝင်ကျောင်းသားများ ပြည်သူများကြောင့်ဆိုသည်ကိုတော့ ပစ်ပယ်၍ မရနိုင်ပါ ချေ။ သမိုင်း၏သရော်မှုကို မည်သို့ပင်ခံရစေကာမူ ခေတ်အဆက်ဆက်ကျောင်းသားတို့ကား ခေခတ်ကာလ၏ တောင်းဆို ချက်များကို ထမ်းဆောင်သွားကြမည်သာဖြစ်ပေသည်။
● ဦးသန့်အရေးတော်ပုံအား ပြန်လည်သုံးသပ်ချက်
ဦးသန့်အားသာမန်အားဖြင့်သဘောထားပြီး ကြံတောသုသာန်တွင်သာမြှုပ်နှံလိုသည့် မဆလအစိုးရအား ဆန့်ကျင်သည့်တိုက် ပွဲအား ပြန်လည်သုံးသပ်ရပါက ဦးသန့်အားထိုက်တန်သည့်နေရာတွင် မြှုပ်နှံခွင့်ရရေးဆိုသည့်ရည်ရွယ်ချက်ပါသကဲ့သို့ မဆ လ အစိုးရအား အခွင့်အခါသင့်သည့်အချိန်တွင် ဆန့်ကျင်တိုက်ပွဲဝင်မည်ဆိုသည့် ရည်ရွယ်ချက်လည်းပါသည်။ ထိုရည်ရွယ် ချက်ကြောင့်လည်း တက်ကြွသူများက စည်းရုံးပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။သို့ရာတွင် ဤတိုက်ပွဲသည် ၁၉၇၄ ဇွန် အလုပ် သမားသပိတ်နှင့်မတူသည်က အစိုးရနှင့် ညှိနှိုင်းခွင့်ရခဲ့ခြင်းဖြစ်သည်။
အဆိုပါညှိနှိုင်းမှုအား သပိတ်ကော်မတီမှလက်ခံသော်လည်း တိုက်ပွဲဖေါ်လိုသူအချို့၏ ဆန္ဒပြင်းပြလှုံ့ဆော်မှုကြောင့် ညှိ နှိုင်းမှု ပျက်ပြယ်ခဲ့ပေသည်။ ဤသည်မှာ မြေပေါ်သပိတ်တိုက်ပွဲများတွင် ယခုတိုင်ကြုံနေကြရသည့်ပြဿနာဖြစ်သည်။ မြေ ပေါ်တိုက်ပွဲများတွင် အကျိုးအကြောင်းရှိရမည်၊ အကျိုးအမြတ်ရှိရမည်၊ အကန့်အသတ်ရှိရမည်ဟူသည်ကို လက်တွေ့ အကောင်အထည်ဖေါ်ရာတွင် ခက်ခဲခဲ့ပေသည်။ ခေါင်းဆောင်ပိုင်းက လက်ခံလိုသော်လည်း အောက်ကသွေးဆူနေသော လူအုပ်ကို မထိမ်းသိမ်းနိုင်ခြင်းများလည်း ရှိသည်။ ခေါင်းဆောင်ပိုင်းကိုယ်နှိုက်က လက်မခံနိုင်ခြင်းများလည်း ရှိသည်။
မြေပေါ်သပိတ်တိုက်ပွဲတိုင်းတွင် အကျိုးအကြောင်းရှိရမည်ဆိုသည့်အချက်ကို အားလုံးက ဆုပ်ကိုင်နိုင်ကြသော်လည်း အကျိုးအမြတ်ရှိရမည်အကန့်အသတ်ရှိရမည်ဆိုသည့်အချက်ကို မှန်ကန်စွာကိုင်တွယ်ဖြေရှင်းရာတွင် အားနည်းခဲ့ကြသည်။ မြေပေါ် သပိတ်တိုက်ပွဲပေါ်လာသည်နှင့် ရန်ငါပြတ်သားရမည်ဆိုသူများ အထွေထွေသပိတ်အုံကြွမှုများဆီသို့ ဦးတည်လို သူ များ ပေါ်ပေါက်လာကာ သပိတ်များသည် အကန့်အသတ်မဲ့ဖြစ်ခါ နောက်ဆုံးတွင် အကြမ်းဖက်နှိမ်နင်းခံရသည်နှင့် အဆုံး သတ်သွားပေတော့သည်။ သို့ဖြစ်ရာ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းတို့ အာဏာသိမ်းသည်မှစ၍ ယနေ့ထိဖြစ်ပွါးခဲ့သော သပိတ် တိုက်ပွဲများကို တဖက်ကအသိအမှတ်ပြုကြရမည်ဖြစ်သကဲ့သို့ ထိုသပိတ်များနှင့်ပတ်သက်၍လည်း မှန်ကန်စွာ နိဂုံးချုပ်သုံးသပ်ကြရန်လိုပေသည်။
● ဦးသန့်အရေးတော်ပုံနှင့် သံဃာတော်များ
၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားသည့်သပိတ်တိုက်ပွဲများတွင် ဦးသန့်အရေးတော်ပုံသည် ရ ဟန်းသံဃာတော်များ အလုံးအရင်းနှင့်ပါသည့် ဆန္ဒပြပွဲတခုဖြစ်သည်။ ထိုသို့ပါဝင်ခြင်းမှာ ဗုဒ္ဓဘာသာ လွန်စွာကိုင်းရှိုင်းသူ ဦးနုနှင့်နီးစပ်သူဖြစ်၍ ပါဝင်လာခြင်းသည်လည်း အကြောင်းတရပ်ဖြစ်သကဲ့သို့ ထူးချွန်သော မြန်မာနိုင်ငံသားတစ်ဦးကို ထိုက်တန်စွာဂုဏ်ပြုလိုစေခြင်းကလည်း အကြောင်းတရပ်ဖြစ်ခဲ့သည်။ ဤသို့ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုသည့် ရဟန်း သံဃာများပါဝင်ခြင်းသည် လူထုအပေါ် သြဇာသက်ရောက်မှုကြီးသကဲ့သို့ အစိုးရအနေနှင့်လည်း ကိုင်တွယ်ရခက်ခဲစေခဲ့ သည်။
ထို့နောက် သံဃာတော်များသည် ၁၉၈၈ ခု အရေးတော်ပုံအပါအဝင်၂ဝဝ၇ ရွှေဝါရောင်လှုပ်ရှားမှုမှသည် ၂ဝ၁၅ ကျောင်းသား သပိတ်အထိ အနဲနှင့်အများဆိုသလိုပါဝင်ခဲ့ကြသည်။ ရဟန်းသံဃာများသည် ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ လူမှု အဖွဲ့အစည်း တွင် ထဲထဲဝင်ဝင် ပါဝင်ယှက်နွယ်နေသူများဖြစ်ကြသည်။ ထို့ကြောင့်လည်း လူထု၏ ဒုက္ခသုက္ခကို မျှဝေခံစားကြပြီးအတူ တကွပါဝင်ခဲ့ကြခြင်းဖြစ်သည်။ ယခင်ကိုလိုနီခေတ်ကလည်း ရဟန်းသံဃာတော်များသည် လွတ်လပ်ရေးအတွက် နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်သာဖြစ်သည်။
မဆလအစိုးရကလည်း ဦးသန့်အရေးတော်ပုံ၌ သံဃာတော်အများအပြားပါဝင်လာပြီး သံဃာအဖွဲ့အစည်းကို ဂရုစိုက် ကိုင် တွင်မှု ပြုလာသည်။ သာသနာသန့်ရှင်းရေးဆိုသည်ကို စနစ်တကျ ပြုလုပ်လာသည်။ အချို့သံဃာဂိုဏ်းများ အချို့သံဃာ များ သိက္ခာချ လူဝတ်လဲရသည်။ ၁၉၈ဝ တွင် မဟာသံဃာ့ နာယက ၄၇ ပါးစုံညီကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ သာသနာရေးဦးစီးဌာနအား သာသနာရေးဝန်ကြီးဌာနဟု တိုးမြှင့်ဖွဲ့စည်းခဲ့ပြီး ရဟန်း သံဃာများနှင့်ပတ်သက်၍ အထူးဂရုစိုက်ကိုင်တွယ်ခဲ့သည်ကို တွေ့ရပေသည်။
ထို့ပြင် ယခုနောက်ပိုင်းကာလတွင် (ဦးသိန်းစိန်အစိုးရ) လက်ထက်တွင် မဘသကဲ့သို့ အဖွဲ့အစည်းပေါ်လာပြီး ဦးသိန်းစိန် အစိုးရအားထောက်ခံသည့် (ဝါ) ပြည်ခိုင်ဖြိုးပါတီနှင့်လည်းကောင်း၊ တပ်မတော်နှင့်လည်းကောင်း နီးစပ်သည့် သံဃာအဖွဲ့ အစည်းများပေါ်လာတော့သည်။ ထိုအခါ သံဃာများအတွင်း၌ မတူသောနိုင်ငံရေးအယူအဆများပေါ် မူတည်၍ ဂိုဏ်များကွဲ လာသည်ကိုတွေ့ရသည်။
ဤတွင် မေးခွန်းများပေါ်လာသည်။ ရဟန်းသံဃာများ နိုင်ငံရေးနယ်ပယ်တွင် ပါဝင်သင့်၏ မသင့်၏ဆိုသည့် မေးခွန်းများပေါ် လာတော့သည်။ အထူးသဖြင့် ပါတီစုံနိုင်ငံရေးစနစ် ကျင့်သုံးသည်ကာလတွင် ပါတီများ၏အရောင်အသွေး ရပ်တည် ချက် ပေါ်တွင်မူတည်၍ ဂိုဏ်းကွဲသင်းကွဲဖြစ်ပါက ကောင်းသည့်ကိစ္စမဟုတ်ပေ။ တည်မြဲဘုန်းကြီး သန့်ရှင်းဘုန်းကြီး ကွဲသကဲ့သို့ NLD ဘုန်းကြီး ပြည်ခိုင်ဖြိုးဘုန်းကြီးဟူ၍ ကွဲနေကြခြင်းသည် သာသနာအတွက် ကောင်းသည့်အချက်မဟုတ်ပေ။
သို့သော် အနီးခေတ်တွင် ဦးသန့်အရေးတော်ပုံမှစ၍ နိုင်ငံရေးလှုပ်ရှားမှုများတွင် ရဟန်းသံဃာများပါဝင်မှုသည် မြင့်တက်လာ သည်ကတော့ မြန်မာ့နိုင်ငံရေး၏ ထူးခြားချက်တရပ် ဖြစ်ပေါ်လာပြီး အကောင်းအဆိုးကားဒွန်တွဲလျက်ရှိသည်။ နိုင်ငံရေးတွင် ရဟန်းသံဃာများ ပါဝင်ရန်သင့်မသင့်ဆိုသည်ကလည်း အငြင်းပွားဘွယ်ရာ အကြောင်းအရာတရပ်အဖြစ် တည်ရှိနေသည်ဟု ဆိုရပါမည်။
● အဖမ်းအဆီး
မနက်စောစော ရန်ကုန်တက္ကသိုလ်ဝင်းရောက်စီးနင်းစဉ်က တက္ကသိုလ်နယ်မြေအတွင်း နေထိုင်ကြသည့် စာရင်းရှိသည့် ဆရာ ဆရာမ ဝန်ထမ်းများအပ အားလုံးသိမ်းကျုံး၍ ဖမ်းသွားခြင်းဖြစ်၍ ဈေးလာရောင်းသူများရော အကြောင်းအမျိုးဖြင့် လာရောက်ကြည့်ရှုသူများရော အဖမ်းခံရသူများထဲတွင် ပါဝင်သွားသည်။ နောက်မှ စီစစ်ပြီးပြန်လွှတ်ပေးသည်ကို တွေ့ရ သည်။
မိမိပတ်ဝန်းကျင် သူငယ်ချင်းများထဲကတော့ စလှမောင်တစ်ယောက် အဖမ်းခံရသော်လည်း ပြန်လွတ်လာခဲ့သည်။ AE ဆောင်ဆွေးနွေးပွဲများထဲက စတင်ပါဝင်ကာ မန္တလေးဆောင် သပိတ်ကော်မတီတွင်ပါဝင်ခဲ့သည့် ကိုတိတ်တို့မှာမူ ဖမ်းဆီး ထောင်ချခြင်းခံရသည်။ ကိုတိတ်မှာ ထိုတကြိမ်သာမက ၁၉၈၂ ခုနှစ်တွင် နောက်တကြိမ် အဖမ်းခံရသည်။ ၁၉၈၈ အရေး တော်ပုံပြီးနောက်တွင် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ခွာသွားခဲ့သည်။ ၂ဝ၁၃/၂ဝ၁၄ ခန့်က ထိုင်းနိုင်ငံ မဲဆောက်ရှိ မယ်တော် ဆေးခန်းတွင် ပါဝင်လုပ်ကိုင်နေစဉ် ကိုတိတ်တစ်ယောက် ကွယ်လွန်သွားသည်ဟု ကြားသိရသည်။
ထိုဦးသန့်အရေးတော်ပုံကာလက များစွာသောကျောင်းသားများအဖမ်းခံရ ထောင်ကျခဲ့ရသည်။ သမိုင်းကို ထုဆစ်ခဲ့ကြသော အညတရများစွာဟုဆိုရပါမည်။
● ဦးသန့်အရေးတော်ပုံနှင့် မိမိ
မိမိမှာ ဦးသန့်အရေးတော်ပုံမစမှီကတည်းက တက်ကြွစွာလှုပ်ရှားခဲ့ပြီး စတင်သည့် ဒီဇင်ဘာ ၅ ရက်နေ့ကလည်း တနေကုန် တနေခန်း ပါဝင်ခဲ့သည်။ ထိုညက မင်္ဂလာဒုံအဆောင်သို့ မပြန်ခဲ့ပါ။ ပင်မတက္ကသိုလ်နယ်မြေထဲတွင် ကြုံသလိုအိပ်ခဲ့သည်။ တကယ်တော့ ဒီဇင်ဘာ ၆ ရက်နေ့တွင် မိမိတို့အတန်း၏ Final စာမေးပွဲဟုဆိုသည့် အတန်းတင်စာမေးပွဲရှိသည်။ သို့သော် စာမေးပွဲသည် ခေါင်းထဲမရှိခဲ့ပေ။ သပိတ်တွင်သာ စိတ်နှစ်ထားခဲ့သည်။ စာမေးပွဲရှိလည်း မဖြေတော့ဟုသာ စိတ်ထဲတွင် ဆုံးဖြတ်ခဲ့တော့သည်။ နောက်တနေ့ မနက်စောစောတွင်တော့ အဝတ်အစားလဲရန် မင်္ဂလာဒုံအဆောင်သို့ ပြန်သည်။
အဆောင်သို့ရောက်သော် ကျောင်းသားများက အခြေအနေဝိုင်းမေးသည်ကို ရှင်းပြရသည်။ ညက အတော်နောက်ကျမှ ရေ ဒီယို အင်္ဂလိပ်ပိုင်းအစီအစဉ်ကျမှ တက္ကသိုလ်များပိတ်လိုက်သည်ကို အစိုးရကြေညာသည်ဟု သိလိုက်ရသည်။ အချို့ကျောင်း သားများလည်း အိမ်ပြန်ရန်ပြင်ဆင်နေသည်ကို တွေ့ရသည်။ ထိုအခိုက်အတန့် သိန်းမြင့်က “မင်းအဖေ အခန်းထဲမှာစောင့် နေတယ်” ဟု ဆိုသည်။ အခန်းထဲဝင်လိုက်တော့ မိမိဖခင် အခန်းထဲ၌ ငုတ်တုတ်ထိုင်နေသည်ကို တွေ့လိုက်ရပေတော့သည်။
ထိုတွင်မှ သိရသည်မှာ မိမိဖခင်က မနေ့ကညနေကထဲက အဆောင်သို့ရောက်လာပြီး မိမိအား ည ၉ နာရီထိ ထိုင်စောင့်နေ သည်ဟု ဆိုသည်။ မနက်ဖန် အတန်းတင်စာမေးပွဲဖြေဆိုရမည့် ကျောင်းသားဖြစ်သူ မိမိကအဆောင်၌မရှိခဲ့။ ည ၉ နာရီထိ ထိုင်စောင့်သော်လည်း မိမိကပေါ်မလာခဲ့။ ထို့ပြင် တက္ကသိုလ်များ ပိတ်ကြောင်းသတင်းက မကြေညာသေး၍ မိမိအတွက် စိုးရိမ်နေပေလိမ့်မည်။ ထို့ကြောင့် မနက်စောစော တခေါက်ပြန်လာ၍ မိမိအားစောင့်ဆိုင်းစဉ် မိမိနှင့် ပက်ပင်းတိုးခြင်း ဖြစ်ပေသည်။
ဖခင်က မိမိအား “ကဲ ကျောင်းပိတ်ပြီဘဲ အဝတ်အစားတွေထည့်တော့ အိမ်ပြန်လိုက်ခဲ့” ဟု တခွန်းသာဆိုသည်။ ဖခင်ကို ကြောက်ရသည့်မိမိအဖို့ ပြန်လည်းမပြောသည်မို့ စိတ်ပျက်လက်ပျက်နှင့် အဝတ်အစားတွေထည့်ပြီးအိမ်သို့ ပြန်ခဲ့ရသည်။ ဒီဇင် ၆ ရက်နေ့မှစ၍ ပါဝင်ခွင့်မရခဲ့တော့ပေ။ အိမ်အပြန်လမ်းတလျောက် မီးရထားလမ်း ဝဲယာရှိ ရှုခင်းများကိုသာကြည့်ပြီး ဖခင်စကားတခွန်းမှ မပြောနိုင်တော့။ မိမိမကျေမလည်ဖြစ်နေသည်ကိုသိသောဖခင်ကလည်း မိမိအား ဘာမှမပြောချေ။
ဆူညံနေသော ရထားသံတွေက မိမိနားထဲတွင် ကြွေးကြော်သံများဖြစ်နေသည်။ လယ်ကွင်းများ ကောက်လှိုင်းပုံများ သစ်ပင် တောတန်းများကမိမိမျက်စေ့ထဲတွင် ဆန္ဒပြနေသော လူအုပ်ကြီးအဖြစ်မြင်နေသည်။ မိမိရင်ထဲတွင် အမျိုးအမည်ခွဲခြား မသိ နိုင်သည့် ခံစားမှုများဖြစ်ပေါ်နေခဲ့သည်။
ဦးသန့်အရေးတော်ပုံစသည့် ဒီဇင်ဘာလ ၅ ရက်နေ့က မိမိတို့ဆေးတက္ကသိုလ် ၂ မှ တကျောင်းလုံးပါဝင်ချီ တက်ခဲ့ကြသော် လည်း နောက်ရက်များတွင်ကျောင်းအနေနှင့် ပါဝင်နိုင်ခြင်းမရှိတော့။ တစ်ဦးချင်းပါဝင်ကြခြင်းသာ ရှိတော့သည်။ မိမိသူငယ် ချင်းထဲမှ မောင်မောင်ထွေးတယောက်သာ မန္တလေးဆောင်အခြေစိုက်သပိတ်အဖွဲ့တွင် ပါဝင်နေခဲ့သည်ဟု ကြားသိရသည်။ အောင်သိန်းထွန်းကတော့ ဘွဲ့နှင်းသဘင်နားက အဖွဲ့များတွင် ပါဝင်လှုပ်ရှားနေသည်ဟု ကြားရသည်။ ဆေးတက္ကသိုလ် ၁ ကလည်း ပါဝင်ကြသည်ဟု ကြားရသည်။ ကိုမိုးဝင်း (တောင်ငူ) တို့ဟုကြားရသည်။ AE ဆောင်မှာ အစည်းအဝေးလုပ်ကထဲက ပါသည်ဟုထင်သည်။
မိမိအဖို့တော့ မိသားစုသံယောဇဉ် ပညာရေးနှင့် နိုင်ငံရေး တခုခုကိုရွေးချယ်ရတော့မည့် အချိန်ကာလသို့ ဆိုက်ရောက်လာပြီ ဆိုသည်ကို ကောင်းစွာသဘောပေါက် သတိပြုမိလိုက်ပေတော့သည်။ မိမိအနေနှင့်ဆုံးဖြတ်တခုကို ပြတ်ပြတ်သားသားချ ရပေတော့မည်။ ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍လည်း မိမိဘာသာ တာဝန်ယူရပေတော့မည်။ ဦးသန့်အရေးတော်ပုံကာလ သည် မိမိ၏ဘဝအချိုးအကွေ့တခု အစပျိုးသောကာလဟု ဆိုရပါမည်။
ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)