ခရီးသွား ဆောင်းပါး မောင်ရင်ငတေ

မောင်ရင်ငတေ ● စပျစ်ပင်စပျစ်သီးနဲ့ ရှန်ပိန်ဝိုင်

မောင်ရင်ငတေ ● စပျစ်ပင်စပျစ်သီးနဲ့ ရှန်ပိန်ဝိုင်
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၆
 

ရှန်ပိန်နဲ့ ဝိုင် ဘာကွာပါသလဲ မေးမြန်းလာကြသူတွေ ရှိပါတယ်။ အဲဒီမေးခွန်းကို မောင်ရင်ငတေ  အလွယ်ကူဆုံးနဲ့ အတိုဆုံး ဖြေရမယ်ဆိုရင် တကမ္ဘာလုံးမှာ စပျစ်ကနေ ချက်၊ ဝိုင် အမည်ခံလို့ ရပါတယ်။

အမေရိကားမှာချက်ချက်၊ အာဖရိကမှာချက်ချက်၊ အေးသာယာမှာချက်ချက်၊ ထွက်လာသမျှ အနီရောင် အဖြူရောင် ပန်း ရောင် ဝိုင် အမည်ခံလို့ ရပါတယ်။ အမြှုပ်ထွက်ရင်တော့ စပတ်ကလင်ဝိုင် ပေါ့။ အဲဒီဝိုင်ကတော့ ဝိုင်အဖြူ  အကြည်ရောင် တွေသာ များပါတယ်။

 ကားလမ်းနဘေး စပျစ်ခင်းတွေနဲ့ ခြံထွက်ဝိုင် (ဓါတ်ပုံ မရငတ)  

အဲ ဒါပေမယ့်၊ ရှန်ပိန်အမည်ကိုတော့ ခံလို့မရပါဘူး။ ရှန်ပိန်ဆိုတာ ပြင်သစ်ပြည် ရှန်ပိန်ပြည်နယ်အတွင်းမှာ စိုက်ပျိုးတဲ့ စပျစ် စိုက်ခင်းတွေကထွက်တဲ့ စပျစ်သီးတွေကိုရှန်ပိန်ပြည်နယ်အတွင်းမှာချက်မှသာ ရှန်ပိန်အမည် ခံယူနိုင်ပါတယ်။ အဲဒါ အဓိက ရှန်ပိန်နဲ့ ဝိုင် ကွာခြားချက်ပါ။


ရှန်ပိန်နဲ့ စပတ်ကလင်ဝိုင် အတိုကောက် (Photo Google)
ဘရန်ဒီနဲ့ ကော့ညက် အတိုကောက် (Photo Google)


ရှန်ပိန်နဲ့ အဲဒီအချက်မှာ တူတာ နောက်တမျိုးကတော့ ကော့ညက်ပါ။ ပြင်သစ်အနောက်အလယ်ပိုင်းဒေသက ကော့ညက် ပြည်နယ်မှာ စပျစ်ပင် စိုက်ပျိုးထွက်ရှိ ချက်လုပ်မှသာလျှင် ကော့ညက်လို့ ခေါ်တွင်နိုင်ကြောင်းပါ ခင်ဗျား။

ကော့ညက်အကြောင်းကလည်း ရေးမယ် ဆိုရင် ရေးစရာတွေ အများကြီးပါ။ သီးသန့်စာစု ရေးနိုင်ဖို့ ကြိုးစားပါဦးမည် ခင်ဗျား။ ဒီနေရာမှာတော့ နောက်ဆက်တွဲ အနေနဲ့ အနည်းငယ်မျှ မိတ်ဆက်အနေနဲ့ ဆက်လက်ရေးသားပါမယ်။

မောင်ရင်ငတေ ၀၆၀၉၂၀၁၆

ပြင်သစ်ရဲ့ နာမည်ကျော်ကြား ဝိုင်နယ်မြေများ (Photo Google)


ဒီနေရာမှာ ကြုံတုန်းကြုံခိုက် ထပ်မံပြီး ရေးပြချင် ပြောပြချင်မိတာကတော့ Red, White, Rosé, Sparkling နဲ့ Fortified Dessert Wine ဆိုတဲ့ စပျစ်ဝိုင်တွေရဲ့အကြောင်းပါ။

● စပျစ်ဝိုင်
သာမန်အားဖြင့်ကတော့ စပျစ်ဝိုင်အမျိုးအစားက နှစ်မျိုးသာ ရှိပါတယ်။
၁။ By Variety စပျစ်ပင် အမျိုးအစားများနဲ့
၂။ By Region စပျစ်ပင် စိုက်ရာဒေသများကို အခြေခံပြီး ထွက်ရှိလာတဲ့ စပျစ်ဝိုင်အမျိုးအစားကို ခွဲခြားထားခြင်းပါ။

မိုးတွေလေတွေကြား ဂျွန်လဆန်းမှာ တွေ့ခဲ့ရတဲ့ စပျစ်ညွှန့်များ (ဓါတ်ပုံ မရငတ)


ပထမတခု
By Variety (Chardonnay, Cabernet Sauvignon, Merlot, Pinot Noir, Syrah)
အစရှိတဲ့ စပျစ်ပင်အမျိုးအစားအပေါ် မူတည်ပြီး ခွဲခြား သတ်မှတ်ပါတယ်။

အဲဒီမှာ စပျစ်ပင်မျိုးနွယ်ပေါင်း သောင်းခြောက်ထောင်ရှိပေမယ့် အကြမ်းအားဖြင့်ကတော့ စပျစ်ပင်အမျိုးအစား ရှစ်မျိုးသာ ရှိပါတယ်လို့ ဆိုကြပါတယ်။

ဝိုင်ချက်တဲ့ စပျစ်သီးနဲ့စားတဲ့ စပျစ်သီး မတူကွဲပြားခြားနားပါတယ်။  မောင်ရင်ငတေ စပျစ်ခူးခဲ့စဉ်က ခူးနေရင်းနဲ့ ဗိုက်ဆာ လာလို့ စားကြည့်ခဲ့ဖူးပါတယ်။ စားလို့တော့ရပေမယ့် စေးကပ်ကပ်နဲ့ စားမကောင်းလှပါဘူး။ စပျစ်သီး နီနီ ညိုညိုတွေထက် စာရင် စပျစ်ဖြူဖြူ ခပ်စိမ်းစိမ်းတွေကတော့ အနည်းငယ်စားလို့ အရသာတွေ့ပါတယ်။ အဲဒီ စပျစ်ပင်အမျိုးအစား ရှစ်မျိုးမှာမှ ဝိုင်ဖြူစပျစ်ပင် လေးမျိုး၊ ဝိုင်နီစပျစ်ပင် လေးမျိုး ရှိပါတယ်။ ပန်းရောင်ဝိုင် စပတ်ကလင်ဝိုင်တို့ကတော့ စပျစ်နီကနေ ခွဲထွက် လာတာမျိုး (သို့မဟုတ်) အဖြူနဲ့အနီ အချိုးကျပေါင်းစပ် ရောမွှေပါဝင်တဲ့ စပျစ်ရည်ပါ။

စပျစ်ဖြူ  စပျစ်စိမ်း (ဓါတ်ပုံ မရငတ)


● ဝိုင်ဖြူ စပျစ်ပင် လေးမျိုး
၁။ Riesling (Rees-Ling)
Rhin ရိုင်းနဲ့ Moselle မိုဆယ်မြစ်ဆုံဒေသ ပြင်သစ်အရှေ့ခြမ်း Alsace ပြည်နယ် ဂျာမဏီနယ်စပ်မှာ အဓိကစိုက်ပျိုးကြတဲ့ အဖြူစိမ်းရောင် စပျစ်အမျိုးအစားပါ။ တွဲဖက်မြည်းချင် ရင်တော့ ငါး ကြက် ဝက် အချိုချက်တွေနဲ့ မြည်းလို့ကောင်းတဲ့ အချို ဓါတ်နည်းတဲ့ ဝိုင်ဖြူပါ။ Chardonnay Wine ထက်ပေါ့လို့ ထင်ပါရဲ့ လူကြိုက်သိပ်မများလှပါဘူး။

၂။ Gewürztraminer (Gah-Vurtz-Tra-Meener)
ဂျာမဏီနယ်စပ် ပြင်သစ်အရှေ့ခြမ်း Alsace ပြည်နယ်မှာ စိုက်ပျိုးတဲ့ စပျစ်ဖြူတမျိုးပါ။ နာမည်တော့ သိပ်မကြီးလှပါဘူး။ Peach မက်မွန် Lychee လိုင်ချီးတို့လို အနံ့တွေထည့်ထားတာမို့လို့ အမျိုးသမီးလေးများ အကြိုက်ပါ။

၃။ Chardonnay (Shar-Doe-Nay)
နာမည်အကြီးဆုံးပါ။ ဝိုင် ရှန်ပိန် ကော့ညက် အားလုံးအတွက် အရေးပါတဲ့ စပျစ်ဖြူ အမျိုးအစားတခုပါ။ စပတ်ကလင်ဝိုင် ဝိုင် အဖြူဆိုတော့လည်း ထုံးစံအတိုင်းပါ။  ငါး ကြက် ခပ်ပေါ့ပေါ့ မချို့တချိုတွေနဲ့ မြည်းကြတာပေါ့၊ အသီးနံ့တွေ အမွှေးနံ့တွေ ရောမွှေထည့် ဝိုင်ချက်လွယ်တဲ့ စပျစ်ပင်အမျိုးအစားပါ။ Chardonnay ရဲ့Burgundy White ကတော့ လူသိများလှပါတယ်။

၎။ Sauvignon Blanc (So-Vee-Nyon Blah)
သူလည်း အဖြူစိမ်းရောင် စပျစ်မျိုးပါ။ ပင်လယ်စာတွေ ဆလပ်အသုပ်တွေနဲ့ တွဲဖက်စားကြပါသတဲ့။ မူရင်းဒေသက ဘောဒိုးနဲ့ လွာမြစ်ဝှမ်း အထက်ပိုင်းမှာပါ။ သူလည်း Chardonnay ထက်တော့ ပေါ့ပါတယ်။ ဒါတွေက ဝိုင်ဖြူဖြစ်လာစေတဲ့ အဓိက အခြေခံလေးမျိုးသော စပျစ်မျိုးတွေပေါ့။

စပျစ်နီ စပျစ်မည်း (ဓါတ်ပုံ မရငတ)


● ဝိုင်နီ စပျစ်ပင် လေးမျိုး
၅။ Pinot Noir (Pee-No Nwar)
စိုက်ရ အခက်ခဲဆုံး စပျစ်အမျိုးအစားပါတဲ့။ မြေအမျိုးအစား ရွေးသလို ရာသီဥတုပေါ်မှာ အများကြီး မူတည်တတ်လို့ အပျက် အစီးများနိုင်တဲ့ စပျစ်ပင်မျိုးပါ။ ခုခေတ် နည်းပညာတွေနဲ့ စိုက်တတ်ရင်တော့ ရနေပါပြီတဲ့။ပြင်သစ် Bourgogne (Burgundy) နယ်မြေကဝိုင်တွေ နာမည်ကျော်ရတာ အဲဒီ Pinot Noir ကြောင့်လည်း ပါဝင်ပါတယ်တဲ့။ ဆော်လ်မွန်ငါးကင် သိုးသားကင် တွေနဲ့ လိုက်ဖက်သလို ဂျပန်အစာတွေနဲ့လည်း လိုက်ဘက်ညီလှပါတယတဲ့။

၆။ Merlot (Mer-Lo)
မဲရ်လို၊ သူကတော့ Easy to Drink. “Introducing” for New Red-Wine Drinkers. ဆိုပြီး ဝိုင်ဆိုတာ စတင်မြည်းစမ်း သောက်တတ်သူများအတွက် ကောင်းမွန်သင့်မြတ်လှတဲ့ စပျစ်သီးမျိုးပါ။

လိုက်ဖက်တဲ့ အစားအစာကတော့ ကြက်ဘဲအမဲ ဝက်ငါး မခွဲခြားပါဘဲ ကြိုက်ရာအစာနဲ့ မြည်းစားနိုင်တာမို့ မောင်ရင်ငတေတို့က လက်ဘက်ပဲခြမ်းလေးသုပ် ကြက်ဥလေး ဟာ့ဖ်ဖရိုင်းကြော်လို့ လောကစည်းစိမ် ရှာဖွေတွေ့ရှိနေတာ အဲဒီ Mer-Lo မဲရ်လိုနဲ့ သာပါ။ ဈေးခပ်ပေါပေါနဲ့ အရသာ မလိုင်အပြည့်ပါဝင်တာကလည်း Mer-Lo မဲရ်လိုလို့သာ ပြောချင်ပါတော့တယ်။

၇။ Cabernet Sauvignon (Ka-Ber-Nay So-Vee-Nyon)
သူကလည်း စပျစ်နီထဲမှာတော့ ကမ္ဘာကျော်ပါ။ တကမ္ဘာလုံးမှာ နေရာမရွေးစိုက်လွယ်တဲ့ အမျိုးစားပါတဲ့။ အဲဒါကြောင့် ဈေးခပ်သက်သာသာရှိတဲ့ ငါးလီတာဝိုင်ပုံးတွေထဲမှာလည်း အတွေ့ရများပါတယ်။ အသားကင် နီနီရဲရဲနဲ့ဆို လိုက်ဖက်လှပါ သတဲ့။

၈။ Syrah (Sah-Ra or Shi-Raz)
ပြင်သစ်တောင်ပိုင်း Rhône Valley ရွန်းမြစ်ဝှမ်း တောင်ကြားတဝိုက်မှာ အများအပြား စိုက်ပျိုးထုတ်လုပ်ကြပါတယ်။ အနီရင့် ရင့် ဝိုင်မျိုးဖြစ်ပြီး ခပ်လေးလေးအရသာနဲ့ ခပ်ပျစ်ပျစ် အရည်ပုံစံ ရှိပါတယ်။

Full-Bodied Rich Red Wines အမျိုးအစားပါ။ အနီရင့်ရင့် ခါးသက်သက် အနံ့ခပ်ပြင်းပြင်း ဝိုင်ခွက်ခပ်ကြီးကြီးနဲ့ (အပြည့် တော့ ထည့်လေ့မရှိကြပါဘူး) တခွက်နှစ်ခွက်မျှသာ သောက်လေ့ရှိပါတယ်။ သူကတော့ ခြေလေးချောင်းအသားတွေကို ကင် သို့မဟုတ် မီးမြှိုက်တွေနဲ့ လိုက်ဖက်လှပါတယတဲ့။

Route des Vins du Médoc (ဓါတ်ပုံ မရငတ)


ဒုတိယကတော့
By Région (Bordeaux, Bourgogne, Champagne, Jura, Cognac)
စပျစ်ပင် စိုက်ရာဒေသများ ဝိုင်ထွက်ရာ ဒေသများပေါ်မူတည်ပြီး သတ်မှတ်ထားတာပါ။ စပျစ်ပင်စိုက်ပျိုး ဝိုင်ချက်ကြရာ ဒေသတွေကတော့ တကမ္ဘာလုံးမှာ အများကြီးပါ။

အဲသလိုမျိုးသော ဒေသတွေ အများကြီးရှိတာမှာ ဂရိ ပြင်သစ် အီတလီ စပိန်ပေါ်တူဂီ ဂျာမဏီတို့လို Pays d’Origine de Viticulture (Old World) ဝိုင်ကမ္ဘာဟောင်း နိုင်ငံတွေနဲ့ တောင်အမေရိက ချီလီ အာဂျင်တီးနား အမေရိကား သြစတြီး ယားတို့လို Nouveaux Pays de Viticulture (New World) ဝိုင်ကမ္ဘာအသစ်နိုင်ငံတွေဆိုပြီး ခွဲခြား ပြောကြတာလည်း ရှိပါ သေးတယ်။

ဝိုင်သမိုင်းကြောင်း အဟောင်းဆုံးကတော့ ပါရှန်းပင်လယ်ကွေ့က အီရန်နယ်မြေပါ။ နောက်တော့ အာရေဗျနိုင်ငံတွေကတ ဆင့် အီဂျစ် ဥရောပဆီသို့ ရောက်ရှိလို့လာတာပါ။

Vignoble de Bordeaux (ဓါတ်ပုံ မရငတ)


မောင်ရင်ငတေက ဝိုင်ကမ္ဘာဟောင်းသားဆိုတော့ ကမ္ဘာဟောင်းက စပျစ်ဝိုင်အကြောင်းတွေကိုသာ အဓိကထား ပြောချင်ပါ တယ်။ အီတလီ စပိန်တို့မှာ ဒေသတေအလိုက် စပျစ်မျိုးစုံ စိုက်ပျိုးကြပေမယ့် အဓိကနာမည်ပေါက်တဲ့ ဝိုင်ဒေသတွေ က တော့ ပြင်သစ်ပြည်မှာသာ များပါတယ်။

Région de Bordeaux ဘောဒိုး စပျစ်ဝိုင်နယ်မြေ
နံပတ်တစ် လူသိအများဆုံး နာမည်အကြီးဆုံးဒေသက Bordeaux ပါ။ ပြင်သစ် အနောက်တောင်ပိုင်း အတ္တလန်တစ်သမုဒ္ဒယာ ကမ်းခြေနားက မြေပြန့်ဒေသပါ။ ဝိုင်နီ ဝိုင်ဖြူ ဝိုင်ပန်းရောင်မျိုးစုံ ထွက်ရှိတဲ့ နေရာပါ။

Cabernet Sauvignon နဲ့ Merlot စပျစ်မျိုးတွေ အဓိကစိုက်တဲ့ နေရာပါ။ ကမ္ဘာအနှံ့မှ ဆိုင် ပေါင်းစုံမှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ဝိုင်ပါ။ တနှစ်မှာ လီတာ သန်းခြောက်ရာထွက်ပြီး ၈၀ ရာနှုန်း ကတော့ ဝိုင်နီပါ။ ဘောဒိုးဝိုင် လီတာ သန်းသုံးရာ နီးပါးက နိုင်ငံ ရပ်ခြားသို့ တင်ပို့ပါသတဲ့။

နာမည်ကြီး ဘောဒိုးဝိုင်တွေထဲက နာမည်ကြီးဆုံး တခုကတော့ James de Rothschild သူဌေးကြီး ပိုင်ဆိုင်တဲ့ Château Lafite Rothschild ဝိုင် ပါ။ Thomas Jefferson (၁၇၄၃-၁၈၂၆) အမေရိကန် သမ္မတကြီး မဖြစ်ခင် ပြင်သစ်သံအမတ်ကြီးဘဝနဲ့ ပါရီမှာနေစဉ် ၁၇၈၇ ခုနှစ်က အဲဒီစပျစ်ဝိုင်ခင်းသို့ ရောက်ရှိခဲ့ပြီး ဝယ်ယူသိုလှောင်ထားခဲ့ပါတဲ့ Lafite Rothschild ဝိုင်တလုံးက ဒီကနေ့မှာ ပေါက်ဈေး ဒေါ်လာတသိန်းခွဲ တန်နေပြီး ဈေးအကြီးဆုံး ဝိုင်ပုလင်းအဖြစ် ကျော်ကြားပါတယ်။

ဘောဒိုးနယ်မြေရဲ့ Route des Vins du Médoc  ဆိုတဲ့ ဝိုင်လေ့လာရေးလမ်းကြောင်းကို လာလည် ကြရင်း Médoc ဝိုင်နီနီဖန်ရှရှကို တဂျိုက်လောက်သောက်လို့ Entrecôte Grillée avec des Frites အမဲကင်နီရဲရဲနဲ့ ပြင်သစ်အာလူးချောင်းကြော် မြည်းရတဲ့အရသာက အလွန်တရာ လိုက်ဘက်လှပေ တယ်လို့ ပြောကြပါတယ်။ မောင်ရင်ငတေ ပြောတာ မဟုတ်ပါဘူး။ သူတို့ လူဖြူတွေ ပြောကြတာပါ။

Vignoble de Bourgogne (ဓါတ်ပုံ မရငတ)


Région de Bourgogne (Burgundy) ဘူရ်ဂွန်းန် (သို့မဟုတ်) ဘာဂန်ဒီ စပျစ်ဝိုင်နယ်မြေဒီကနေ့ခါမှာတော့ ဘူရ်ဂွန်းန် သို့မဟုတ် ဘာဂန်ဒီ ဝိုင်ရဲ့ နာမည်ကျော်ကြားမှုဟာဘောဒိုးဝိုင်ထက် သာသွားခဲ့ပါပြီလို့ ပြောရင် ရနိုင်ပါတယ်။ လူတော်တော်များများကတော့ အဲဒီလို ယူဆနေကြပါပြီ။

ဒီ ဘာဂန်ဒီနယ်မြေ ဝိုင်ထုတ်လုပ်မှုကတော့ ဘောဒိုးဝိုင်ရဲ့တဝက်နီးပါးမျှသာ ရှိပါတယ်။ Pinot Noir နဲ့ Gamay စပျစ်မျိုးက ဝိုင်အနီအတွက်ဖြစ်ပြီး Chardonnay နဲ့ Aligoté တို့က ဝိုင်ဖြူအတွက် စိုက်ပျိုး ကြပါတယ်တဲ့။ ဂျာမဏီနယ်ဘက်နီးသွားတာနဲ့အမျှ ဝိုင်နီထက်ဝိုင်ဖြူ ပိုမိုထုတ်လုပ်လာလေ့ ရှိကြတဲ့ အတိုင်း စပျစ်ဝိုင် စုစုပေါင်းရဲ့ ခြောက်ဆယ် ရာနှုန်းကျော်က ဝိုင်ဖြူပါ။

ဝိုင် ကမ္ဘာဟောင်း သမိုင်းကြောင်း အဟောင်းနဲ့အတူ ကြာရှည်ခဲ့တဲ့ နယ်မြေ ဖြစ်ပေမယ့် ဘောဒိုးဝိုင် လောက်တော့ ကမ္ဘာတလွှားမှာ သိပ်မသိကြပါဘူး။

ဒီကနေ့ ပြင်သစ်ပြည်တွင်း သာမန် စူပါမားကက် ဝိုင်ဈေးကွက်မှာလည်းဘောဒိုးရဲ့ နောက်မှာသာ ရှိပါတယ်။ ဈေးနှုန်းကတော့ ဘောဒိုးဝိုင် တပုလင်းနှစ်ယူရို နှစ်ယူရိုခွဲ နဲ့ ဝယ်သောက်လို့ရပေမယ့် ဘူရ်ဂွန်းန်ဝိုင်ကတော့ လေးငါး ယူရိုပေးမှ သောက်လို့ ရနိုင်တာမို့ မောင်ရင်ငတေလို ခပ်မွဲမွဲကောင်တွေအတွက် နိစ္စဓူဝ လက်လှမ်းမမီနိုင်တဲ့ ဝိုင်ပါ။

ဘူရ်ဂွန်းန်မြေထွက် ဝိုင်အမျိုးအစားများစွာထဲမှာ ပြင်သစ်ရဲ့ စစ်ဘုရင်ကြီး နပိုလီယံ (၁၇၆၉-၁၈၂၁) ကြိုက်နှစ်သက်စွာ သောက်သုံးသွားတဲ့ ဝိုင်တမျိုး ရှိပါတယတဲ့။ ဟန်ဒရက်ပါဆန့် Pinot Noir ပေါင်း ခံချက်လုပ်ထားပါတဲ့ ဝိုင်နီပါ။

နပိုလီယံကြီး ချီးမြှောက်သောက်သုံးသွားလို့ ဝိုင်ဘုရင်အမည်တွင်ခဲ့တဲ့ Chambertin အမည်ရ Grand Cru ဝိုင်အနီရင့်ရင့်ပါ။ နပိုလီယံကြီး ဧကရာဇ် ဘုရင်ဘဝတလျှောက် သောက်သုံးခဲ့တဲ့ ဝိုင်နီပါတဲ့။ ဈေးနှုန်းကတော့ ဒီကနေ့ဝိုင်ဈေးကွက်မှာ ပွိုင့် ၇၅ လီတာ တပုလင်းကို  ယူရို သုံးလေးငါးရာ တန်တာမို့လို့ မောင်ရင်ငတေလည်း ကပ်ရပ်သောက်ဖို့ စောင့်မျှော်မိတဲ့ ဝိုင်နီ ပါ။   

နှစ်ချို့ဝိုင် (ဓါတ်ပုံ မရငတ)


ဘောဒိုး VS ဘူရ်ဂွန်းန် နဲ့ နှစ်ချို့ဝိုင်
ဝိုင်ဖြူဝိုင်နီ အကြောင်းပြောရင် ဘောဒိုး VS ဘူရ်ဂွန်းန် တို့ရဲ့ ပြိုင်ပွဲ နဲ့ နှစ်ချို့ဝိုင်  အကြောင်းကတော့ မပါမဖြစ် အရေးကြီးတဲ့ နေရာက ပါဝင်ရမှာပါ။ သူတို့ နှစ်ဦးက ဝိုင်လောကတခွင် အောက်ဈေးကော အထက်ဈေးမှာပါ ပြိုင်ဆိုင်မှုတွေက ကြီးမားလွန်း လှလို့ပါ။ ဘူရ်ဂွန်းန်က ဘောဒိုးကို အရေအတွက်နဲ့ အောက်ဈေးနှုန်းမှာ ဘယ်လိုမှ လိုက်မပြိုင်နိုင်ပေမယ့် သူရဲ့အားသာတဲ့ Pinot Noir ပီနိုနွာ ခေါ် ပီနိုမည်း စပျစ်သီးမည်းတွေရဲ့ အရသာနဲ့ ကွာလတီကောင်းကို ဈေးအနည်းငယ်ချလို့ လိုက် ယှဉ်ပြိုင်နေတာကြောင့် ဘောဒိုးဝိုင်မှာ ဈေးကွက် အကြီးအကျယ်ထိခိုက်ရပါတယ်။ 

ဘောဒိုး ဘူရ်ဂွန်းန် နဲ့ နှစ်မချို့ဝိုင်များ (ဓါတ်ပုံ မရငတ)


အလွယ်ဆုံး မှတ်ချက်ပေးရမယ်ဆိုရင် ဘောဒိုးဝိုင်ထက် ဘူရ်ဂွန်းန် သို့မဟုတ် ဘာဂန်ဒီဝိုင်က ဈေး ပိုပေးသောက်ရမှာ ဖြစ်ပါ တယ်။ နှစ်ချို့ဝိုင်အဖြစ် သိမ်းဆည်းထားနိုင်တဲ့ ဝိုင်နာမည်ကြီးတွေကတော့ ဘောဒိုးဖြစ်ဖြစ် ဘူရ်ဂွန်းန်ဝိုင်ဖြစ်ဖြစ် တခြား ဘယ်ဝိုင်ဘယ်တံဆိပ်ဖြစ်ဖြစ် ဈေးကြီးပါတယ်။ ဝိုင်ဈေးကြီးတယ်ဆိုတာက နှစ်ချို့ဝိုင်ဖြစ်အောင် ကြာရှည်သိမ်းဆည်းလို့ ရ တာကလည်း အဓိကအကြောင်းတချက်ပါ။

ဘယ်လိုမျိုး သိမ်းဆည်းရသလဲဆိုတာတော့ မောင်ရင်ငတေအတွက် ပြောဖို့ကခက်လှပါတယ်။ သူတို့တတွေလို သားစဉ်မြေး ဆက် သောက်သုံးနိုင်ဖို့ ရေရှည်အတွက် ရည်ရွယ်  သိမ်းဆည်းဖို့ နေနေသာသာ ဝယ်ထားတာလေး တနေ့တနေ့အလျှင်မှီအောင် မနည်းကို ချိုးခြံချွေတာ နေ့ဖို့ညစာ ထားပြီး သောက်နေရတာမှလား၊

သူတို့လူဖြူတွေက ဘိုးတွေဘေးတွေ စုဆောင်းသိမ်းဆည်းထားခဲ့ တာတွေကိုမြေး မြစ်များက နှစ်ချို့ရယ်ဆိုပြီး တယုတယ တမြတ်တနိုး ဇိမ်ခံလို့ သောက်ကြတာမျိုးပါ။ သူတို့တတွေရဲ့ နှစ်ချို့ဝိုင်ဆိုတာက အဲဒီလိုမျိုးပါ။ ဝိုင်လုပ်ငန်းကြီးတွေရဲ့ နှစ်ချို့ထက် ပိုမိုချိုမြတဲ့ နှစ်ချို့ဝိုင် ရှန်ပိန် ကော့ညက်တွေပါတဲ့ ခင်ဗျား။

 

နှစ်မချို့သေးသော်လည်း ဈေးမသေးတဲ့ ဝိုင်ဈေးတန်း (ဓါတ်ပုံ မရငတ)


ဘောဒိုးတို့ ဘူရ်ဂွန်းန်တို့ ဝိုင်နယ်မြေတွေအပြင် အခြားသော ပြင်သစ်ရဲ့ နာမည်ကြီး ဝိုင်နယ်မြေတွေ ဖြစ်ကြတဲ့ Loire, Alsace, Provence, Jura, Savoie, Languedoc, Lorraine, Roussillon, Sud-Ouest, Rhône,  စသဖြင့်  စသဖြင့် အများ ကြီး ရှိပါသေးတယ်။

အဲဒီလို ဝိုင်ဖြူ ဝိုင်နီ ဝိုင်ပန်းရောင်များ ထုတ်လုပ်ရာဒေသ နေရာများကများလွန်းလှလို့ ဒီနေရာမှာ တဒေသချင်းစီ ခွဲခြား မရေးနိုင်တော့ပါဘူး။ အလျဉ်းသင့်သလို ပတ်သက်တာလေးတွေကိုသာ ထည့်ရေးပါ့မယ်။ အခုတော့ စပျစ်ဝိုင်ဆိုတဲ့ စာရင်း ဝင်တွေထဲက ဒေသအမည်နဲ့အတူ ထူးခြားချက်ရှိတဲ့ စပျစ်ဝိုင်အကြောင်းတွေကို ဆက်လက်ရေးသားပါမယ်။

အဲဒါတွေကတော့  ပြင်သစ်နာမည်ကျော် ရှန်ပိန်ပြည်နယ်က စပတ်ကလင်ဝိုင် ရှန်ပိန်၊ ပြင်သစ် ကော့ညက်ပြည်နယ်ထွက် စပျစ်ဝိုင် အပြင်းစား သို့မဟုတ် ဘရန်ဒီ ကော့ညက်၊ အီတလီ အနောက်မြောက်ပိုင်း Rejón del Vèneto ဒေသ Prosecco (Vino) စပတ်ကလင်ဝိုင်ဖြူ၊ စပိန်မြောက်ပိုင်းဒေသနဲ့ ကာတာလန်ပြည်နယ်ထွက် El Cava  (သို့) Xampany  ရှန်ပိန်၊  စပိန်တောင်စွန်းပိုင်း Jerez de la Frontera နယ်မြေချက် Jerez-Xérès-Sherry ခေါ် ရှယ်ရီဝိုင်၊ ပေါ်တူဂီရဲ့ ပေါ်တို Douro Valley က ထွက်တဲ့ Vinho do Porto ပေါ်တိုဝိုင် တို့ပါ။

မောင်ရင်ငတေ ၀၉၀၉၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts