ကဗျာ

တင်လတ်ကို ● မန်ရှန်ဇုန်းမျှော် အသက် (၂) နှစ်၊ လဂွေဘောမ်လန်း အသက် (၆) နှစ်

 တင်လတ်ကို ● မန်ရှန်ဇုန်းမျှော် အသက် (၂) နှစ်၊  လဂွေဘောမ်လန်း အသက် (၆) နှစ်
(ရှမ်းပြည်နယ်၊ မုန်းကိုးမြို့နယ်၊ ပူဝမ်ကျေးရွာမှ လက်နက်ကြီးမှန် သေဆုံးခဲ့ရတဲ့ကလေး ၂ ယောက်သို့)
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၆

အသက်၂ နှစ်နဲ့ ၆ နှစ်ဆိုတာ
လူ့ဘဝကို စားစရာလို့ ထင်နေတုန်း
လူ့ဘဝကို ဆော့စရာလို့ မြင်နေတုန်း။

ခု …
ဆော့လို့မရတော့
ခု …
စားလို့မရတော့။

လူ့ဘဝဆိုတာ
မမြင်ဖူးသေးသူတွေအဖို့
သူတို့ ၂ ယောက်ကို ပြေးမေးလိုက်စမ်းပါ
သူတို့ ဘာဖြေမလဲ
မွေးကတည်းက ကြားခဲ့ရတဲ့ သေနတ်သံတွေ
မွေကတည်းက မြင်နေရတဲ့ အလောင်းတွေအကြောင်း။

လူ့ဘဝဆိုတာ
တကယ်တော့ စစ်ပွဲကြီးတခုပါပဲ
ကိုယ်ကလည်း မတိုက်ရဘဲ
ကိုယ်ကလည်း အလံမထောင်ရဘဲ
ကိုယ်သေတွင်းကိုယ်တူးပြီး
သေဖို့စောင့်နေရတာပါလို့ ဖြေကြမလား။

ခင်ဗျားတို့ဘာသာ
ဘာစနစ်ထောင်ထောင်
ဘယ်ခေတ် မှောင်မှောင်
ကျနော်တို့ စာသင်ချင်တယ်
ကျနော်တို့ အိမ်ပြန်ချင်တယ်
ကျနော်တို့ ကလေးလို နေချင်တယ်။

ခင်ဗျားတို့မှာ နားတွေမပါဘူးလား
ခင်ဗျားတို့မှာ နှလုံးသားတွေ မပါဘူးလား
လွယ်လွယ်နဲ့ ဆုတ်ဖြဲပစ်ရအောင်
ကျနော်တို့က စက္ကူတွေ မဟုတ်ဘူး။

ကျနော့်အစား
ကျောင်းသွားနေတဲ့ခင်ဗျားကလေး သေတယ် တွေးကြည့်ပါ
ကျနော့်အစား ထမင်းစားနေတဲ့ ခင်ဗျားကလေး ဒဏ်ရာရတယ် တွေးကြည့်ပါ။

နေတော့ ဒုက္ခသည် စခန်း
စားတော့ နပ်မမှန် ထမင်းဟင်း
သေမှ ခဗျားတို့ သေနတ်သံ မကြားရတော့တာ။

မလိမ္မာတဲ့ ဘုရားသခင်လည်း
ခင်ဗျားတို့ရဲ့ ရူးနေတဲ့စစ်ကို မတားနိုင်။

လူ့ဘဝဆိုတာ
ဒုက္ခသည်စခန်းနဲ့ ယမ်းနံ့
မိသားစုမျက်ရည်
ဆော့စရာဆိုလို့ မြေမြှုပ်မိုင်းတွေပဲရှိတယ်လို့
ကျနော်တို့ ပြောပြလိုက်ပါ့မယ်။ ။

တင်လတ်ကို

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts