ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) အတွေးအမြင်

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်း
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၆

ဆန်ဖရန်ကဒကာလေးက

ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းတို့ကို ကွဲကွဲပြားပြားလေးရှင်းပြပေးပါ၊ ပြီးတော့- ဗုဒ္ဓဘာသာမှာ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သိက္ခာသုံးပါးသာ ရှိတယ်ဆိုတော့ ‘ဒါန’က ဘယ်သိက္ခာမှာ အကြုံးဝင်ပါသလဲ … တဲ့။

ဒီအကြောင်း ဟောဖူး၊ ရေးဖူးတာ အတော်များနေပါပြီ၊ ထပ်မေးတော့လဲ ဖြေရတာပေါ့လေ။

ကံ၊ ဈာန် ဥာဏ်ဆိုတာ အခြေခံအကျဉ်းချုပ်ကတော့ မေးခွန်းမှာပါတဲ့ သိက္ခာသုံးပါးထဲက …

သီလသိက္ခာက ကံ၊
သမာဓိသိက္ခာက ဈာန်၊
ပညာသိက္ခာက ဥာဏ်ပါပဲ၊

လုပ်ရပ်အနေနဲ့တော့ …

“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်တာက ကံလမ်း”
“ဖြူအောင် စိတ်ကိုထား ဆိုတဲ့အပိုင်းမှာ.. စိတ်ကို အခိုက်အတန့်ငြိမ်အောင် မေတ္တာတို့၊ ဗုဒ္ဓါနုဿတိတို့၊ သမထ ကမ္မဋ္ဌာန်းတို့ ပွားများရှုမှတ်တဲ့အပိုင်းက ဈာန်လမ်း”

“ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းမှာ လက္ခဏာအားဖြင့် အမှန်တကယ်ရှိတဲ့ ရုပ်တရား၊ နာမ်တရားတို့ရဲ့ သဘောမှန်ကို ရှုမှတ်ပွားများတဲ့ ဝိပဿနာဉာဏ်ကစပြီး မဂ်ဉာဏ်အထိက ဉာဏ်လမ်း …” လို့ ဆိုရမှာပါ။

ဒီလမ်းစဉ်သုံးမျိုးနဲ့ ပတ်သက်ပြီး ကွဲကွဲပြားပြား သဘောပေါက်ဖို့ကတော့.

၁။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ခြင်းဆိုတဲ့ ကံလမ်းကိုကျင့်သုံးရာမှာ
ကာလကန့်သတ်ချက်
သတ္တဝါကန့်သတ်ချက်
ဘာသာကန့်သတ်ချက်ဆိုတဲ့ ကန့်သတ်ချက်သုံးမျိုးလုံး မရှိဘူး၊

ကာလအားဖြင့် သာသနာတွင်းကာလဖြစ်စေ ၊ သာသနာပ ကာလဖြစ်စေ ဒီလမ်းစဉ်က ရှိနေတယ်။
မကောင်းတာမပြုရင် သီလကုသိုလ်ရတာပဲ၊
ဒါန၊ ဝေယျာဝေစ္စ၊ အပစယန စတဲ့ ကောင်းတာပြုရင်လဲ ဆိုင်ရာကုသိုလ်ကို ရတာပဲ၊
ဒါကြောင့် ကာလကန့်သတ်ချက်မရှိဘူး။

သတ္တဝါအားဖြင့်လဲ လူ,နတ်,ဗြဟ္မာ,သတ္တဝါအားလုံး၊ ဘယ်သတ္တဝါပဲပြုပြု  ကုသိုလ်ရတယ်။

ဘာသာ အားဖြင့်လဲ ဘယ်ဘာသာဝင်ဖြစ်ဖြစ်.. ဘယ်ဘာသာမှ မရှိသူဖြစ်ဖြစ်၊  (တိရစ္ဆာန်တွေဆို ဘာသာဘယ်ရှိမလဲ၊ ဆဒ္ဒန်ဆင်မင်းတို့၊ ယုံမင်းတို့ ဘယ်ဘာသာဝင်လဲလို့ ဘယ်ရှိပါ့မလဲ) ကုသိုလ်ဖြစ်ပါတယ်။

ဒီနေရာမှာ အလေးအနက် သဘောထားကြီးကြီးနဲ့ သိဖို့လိုပါတယ်။

ဗုဒ္ဓဘာသာဝင်များက ကုသိုလ်ရဖို့ရာ ဗုဒ္ဓဘာသာဖြစ်ဖို့က စရမယ်ချည်း ထင်နေတတ်ကြတယ်။
ဘာသာရေးအမြင်ကျဉ်းမြောင်းမှုဟာ ဒီလိုအမြင်ကျဉ်းမှုကြောင့်ပဲ။

အားလုံးကြားဖူးနားဝရှိနေကြတဲ့ “အပါယ်ရောက်ကြောင်း မိစ္ဆာဒိဋ္ဌိ”ဆိုတာ ဗုဒ္ဓဘာသာ ဖြစ်ထာ, မဖြစ်ထာနဲ့မဆိုင်ဘူး။  “ကံနဲ့ ကံရဲ့အကျိုးကို လက်မခံတာ” ကိုပြောတာ။

စာလိုတော့ “နိယတ မိစ္ဆာဒိဋ္ဌိ”ခေါ်တယ်။

အဲဒါကို ဘုရားရှင်ကတော့
၁/ နတ္ထိက ဒိဋ္ဌိ = ကောင်းတာလုပ်လုပ်၊ မကောင်းတာလုပ်လုပ် ဘာအကျိုးမှ မရှိဘူး ဆိုတဲ့ အယူမှား။
၂/ အဟေတုက ဒိဋ္ဌိ = ဆင်းရဲချမ်းသာတို့၊ အဆင်ပြေမှု၊ မပြေမှုတို့ဆိုတာ ဘာအကြောင်းမှ မရှိဘူး၊ သူဖြစ်ချင်သလိုဖြစ်နေတာ … ဆိုတဲ့ အယူမှား။
၃/ အကိရိယ ဒိဋ္ဌိ = ကောင်းမှု၊ မကောင်းမှုဆိုတာ မရှိဘူး၊ ဘာလုပ်လုပ် မထူးဘူး ဆိုတဲ့အယူမှား။
ဒီအယူမှား(ဒိဋ္ဌိ) သုံးမျိုးကိုပြောတာ။

တိုတိုချုပ်ကတော့ ကံနဲ့ ကံရဲ့အကျိုးကို လက်မခံတာပြောတာပါပဲ။ ဒီလိုဆို ဘယ်အရာမဆို ဘုရားသခင် အလိုကျအတိုင်းသာဆိုတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်လိုပြောမလဲ … လို့စဉ်းစားစရာ ရှိလာမယ်။

သူတို့မှာလဲ ဘုရားသခင် အလိုကျအောင်ဆိုပြီး မကောင်းမှုရှောင်၊  ကောင်းမှုဆောင်တွေ လုပ်ရတာပဲ၊ လူသားချင်း ကူညီယိုင်းပင်းတာတွေလဲ ရှိတယ်။ ဒါဟာ.. ကံကို လက်ခံတဲ့ သဘောပဲ။ ဒါကြောင့် ကံကောင်းသူတွေဖြစ်နိုင်ကြပါတယ်။ ကံလမ်းဟာ အကျယ်ဆုံပဲ ဘာကန့်သတ်ချက်မှမရှိဘူး။
ဈာန်လမ်း …
ဈာန်လမ်းမှာလဲ ကာလကန့်သတ်ချက်နဲ့ ဘာသာ ကန့်သတ်ချက်နှစ်ခုက အတူတူပဲ။ ကန့်သတ်ချက် မရှိဘူး။သတ္တဝါကန့်သတ်ချက်တော့ ရှိလာတယ်၊ တိဟိတ်ဆိုတဲ့ ဉာဏ်မျိုးစေ့ပါတဲ့ သတ္တဝါဖြစ်မှ ရတယ်။
အပယ်လေးဘုံသားတို့ လူနတ်ဖြစ်လဲ ဒွိဟိတ်တို့ ဆိုမရဘူး။
ဉာဏ်လမ်း …
ဉာဏ်လမ်းမှာတော့ ခုပြောခဲ့တဲ့ကန့်သတ်ချက် သုံးမျိုးလုံးရှိပါတယ်။ ကာလအားဖြင့် သာသနာတွင်းကာလမှာသာ ဝိပဿနာဉာဏ်ကို လက္ခဏာသုံးပါးလုံး သိနိုင်ခွင့်ရပါတယ်။ သာသနာပ ကာလမှာ”အနတ္တလက္ခဏာ”မမြင်နိုင်လို့ ဝိပဿနာ ဉာဏ်ရည်ပြည့် မဖြစ်နိုင်ပါဘူး။

သတ္တဝါအားဖြင့်လဲ တိဟိတ်သတ္တဝါဖြစ်ရပါမယ်၊

ဘာသာအားဖြင့်လဲ သဗ္ဗညုဘုရားရှင်တို့သာ ဖေါ်ထုတ်တွေ့ရှိတဲ့ လမ်းစဉ်ဖြစ်လို့ ဗုဒ္ဓတပည့်သားအဖြစ်ခံယူတဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်ရပါလိမ့်မယ်။ ဘာသာရေးအမည်အရ ကမ္ဗည်းမထိုးတောင် ဗုဒ္ဓဟောညွှန်တဲ့နည်းအတိုင်း လိုက်နာကျင့်သုံးမှသာ မဂ်ဖိုလ်နိဗ္ဗာန်ထိ ဉာဏ်ခရီးပေါက်မယ်လို့ဆိုလိုပါတယ်။

(ဉာဏ်လမ်းသာ ဗုဒ္ဓဘာသာပိုင်စစ်စစ်လို့ ဆိုချင် ဆိုခွင့်ရှိပါတယ်)

ဒါနဟာ ဘယ်သိက္ခာထဲပါမလဲ ဆိုတာကတော့ …

အထက်မှာပြောခဲ့တဲ့ မကောင်းမှုရှောင်၊  ကောင်းမှုဆောင်ဟာ သီလသိက္ခာ၊ ကံလမ်းဆိုတဲ့ စကားအရ ကံလမ်းမှာ ပါတယ်လို့ ယူရပါမယ်။ မကောင်းမှုရှောင်တာက  တားမြစ်ချက်ကို လိုက်နာရတာဖြစ်လို့ “ဝါရိတ္တသီလ” ခေါ်ပါတယ်။ ဒါနလို ကောင်းမှုဆောင်တာက တိုက်တွန်းချက်ကို လိုက်နာပြုလုပ်ရတာဖြစ်လို့”စာရိတ္တသီလ”ခေါ်ပါတယ်။

တချို့ဆရာများကတော့ …

 မကောင်းမှု ရှောင်တာက သီလသိက္ခာ = ကံလမ်း၊
 ကောင်းမှုဆောင်တာက သမာဓိသိက္ခာ= ဈာန်လမ်း၊
 ဖြူအောင်စိတ်ကိုထားက ပညာသိက္ခာ = ဉာဏ်လမ်းလို့
သုံးမျိုးအစဉ်အတိုင်း ကိုက်အောင်ယူကြတာလဲရှိပါတယ်။

အဲလိုဆိုရင်တော့..
ကောင်းမှုဆောင်တဲ့ ဒါနဟာ သမာဓိသိက္ခာလို့ ယူရမှာပေါ့၊
“သမာဓိ ကာမစ္ဆန္ဒဿ ပဋိပက္ခော = သမာဓိဆိုတာ ကာမဆန္ဒရဲ့ ဆန့်ကျင်ဘက်”ဆိုတဲ့စကားအရ ဒါနဆိုတာလဲ ကာမဆန္ဒကို ဆန့်ကျင်ပြီး ပြုတာပဲဖြစ်လို့ ပဋိပက္ခချင်း တူတဲ့အတွက် မှန်တာပါပဲ။

ကဲ-ဒီလောက်ဆို ကွဲပြားလောက်ရောပေါ့။

အပ္ပမာဒေန သမ္ပာဒေထ…!!!

၂၇ စက်တင်ဘာ ၂၀၁၆၊ မုဒိတာရွှေကျောင်း၊ ဟေးဝပ်၊ ဆန်ဖရန်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts