ကဗျာ

သုအိုက်စံ ● မှိုချိုး မျှစ်ချိုး စိုက်ပျိုးခံရတဲ့ စိုက်ခင်းများ

သုအိုက်စံ ● မှိုချိုး မျှစ်ချိုး စိုက်ပျိုးခံရတဲ့ စိုက်ခင်းများ
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၆

ဟိုတုန်းက သူပုန်တွေတပ်သားက
ဦးနှောက်နည်းတယ်
လောပိတဓာတ်တိုင်ကို မိုင်း သွား သွား ခွဲခဲ့တယ်လေ

လောပိတဓာတ်တိုင်အောက်မှာ
ဝါးရုံတရုံ ပေါက်လာတယ်
ကယန်းကလေးငယ်တယောက်ဟာ
ဝါးရုံရှိရာမှာ မျှစ်သွားချိုးတယ်
လောပိတဓာတ်တိုင်အောက်မှာ
တပ်မတော်က မိုင်းထောင်ခဲ့တယ်
ဂျိန်းခနဲ ထကွဲကာ
လူမျှစ်တငုတ်ဟာလည်း
မှိုချိုးမျှစ်ချိုးပဲ ပေါင် ထက်ပိုင်း ကျိုးပြတ်
စိုင်းခမ်းလိတ် သီချင်းထဲမှာ ရေးစပ်ခဲ့သလိုပေါ့
လောပိတကတော့
လောပိတကို အခုထိ ကောင်းကျိုးမပေးသေးဘူး
မျှစ်ခူးချင်ရင် ပေါင်ကျိုးတတ်တယ်….တဲ့…
ဒီလို …..ငါတို့ ……ကယန်းကျေးလက်လူထုတွေ
ဗဟိုအစိုးရရဲ့မှိုချိုးမျှစ်ချိုး စိုက်ပျိုးခံနေခဲ့ရ
အခုတော့ ကျုပ်တို့ကြီးလာကြပြီ
ဟိုး…. ဝေးဝေးက ဓာတ်တိုင်ကို လှမ်းမြင်မိပါတိုင်း
ခန္ဒာက ကျုပ် ပေါင်ပြတ်ပိုင်းကို ပြန်ပြန်စမ်းနေမိရဲ့

ဟိုတုန်းက အစိုးရတပ်သားတွေက
ဦးနှောက် ပို နည်းတယ်
လောပိတဓာတ်တိုင်ကို မိုင်းတွေ ထောင် ထောင်ခဲ့တယ်လေ

ကျိုးတယ်ပြတ်တယ်ဆိုတာ
တခါတည်း ဝေဒနာကင်းမဲ့သွားတာ မဟုတ်ဘူးဗျ
သင်္ချိုင်းကုန်းကြီးကို တသက်လုံး သယ်သွားနေရတာ
မယုံရင် နေပြည်တော်မှာ မိုင်းထောင်ကြည့်ပါလား

ဒီမှာ ကျုပ်က ရွာသား၊
ကျုပ်ကို မွေးဖွားတဲ့ ဒီ လောပိတရွာလေးကလေးလိုပဲ
ကိုယ့်သွေး ဘယ်သူသောက်နေမှန်းလည်းမသိတဲ့ ရွာသား
ကြီးကြီးကျယ်ကျယ်များလည်း မတောင်းဆိုတတ်ဘူးဗျာ
အဲဒီ ဓာတ်တိုင်အောက်က မိုင်းတွေ ပြန်ရုပ်သိမ်းပေးစမ်းပါ
ခုတလောမှာ ကျုပ်နွားတွေ
အဲဒီတိုင်အောက်မှာ မြက်ကောင်းလို့ သွားသွား စားနေကြတယ်
တနေ့နေ့မှာ
၃ ချောင်းထောက် နွားတွေများ ကျုပ်မြင်ရလေမလားလို့
ကျုပ်နွားကျောင်းရင်း ရင်ထိတ်ထိတ်နေရပါရဲ့
ဓာတ်တိုင်က ကျုပ်ခြေထောက်တဖက်ကိုရိတ်ဖြတ်ခဲ့သလိုမျိုး
သိပ်ဆိုးဝါးတဲ့သွေးချင်းချင်း ဆိတ်တဲ့နာကျင်မှုနဲ့ဗျာ။ ။

သုအိုင်စံ
၂၅. ၀၉.၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts