ဆောင်းယွန်းလ ● စစ်ပြန်ကြီး
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၆
သူ့ရဲ့အခန်းထဲက
ရေခဲသေတ္တာ နံဘေးပတ်ပတ်လည်မှာ
ရယ်ဒီမိတ် မုန့်ပုံးတွေက ဝါကျင့်ကျင့်
သူ နာမကျန်းဖြစ်ရင် သောက်ဖို့ ဝယ်ထားတဲ့
ဆေးပုလင်းတွေက ဝါကျင့်ကျင့်
သုံးစွဲနိုင်မှု သက်တမ်းထက် ရက်လွန်နေတာက ငါးနှစ်
သူ စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေနဲ့
သတင်းစာ ဂျာနယ် ကြော်ငြာစာရွက်တွေက ဝါကျင့်ကျင့်
ဈေးဝယ်ထွက်တဲ့အခါတိုင်း
သူ့ အနီးအနားမရှိတော့တဲ့ သားသမီးတွေအတွက်ပါ ပိုဝယ်တယ်
စစ်ကြီးဖြစ်ရင်ဆိုတဲ့ အတွေးနဲ့ အစားအသောက်တွေကို ပိုဝယ်တယ်
သူ့ ပတ်ဝန်းကျင်က သူနဲ့အတူ လိုက်နေပေးပေမယ့်
သူက ပတ်ဝန်းကျင်နဲ့ အတူလိုက်မနေနိုင်ရှာတော့ဘူး
ခေတ်က သူနဲ့အတူ လိုက်နေပေးပေမယ့်
သူက ခေတ်နဲ့ အတူလိုက်မနေနိုင်ရှာတော့ဘူး
သူ မပစ်ရက်လို့ သိမ်းထားတဲ့
သူ့အခန်းထဲက ရှိရှိသမျှ ရုပ်ဝတ္ထုပစ္စည်းအားလုံးက ဝါကျင့်ကျင့်
သူ ချစ်မြတ်နိုးလွန်းလို့
သူ့ အိမ်ရှေ့မှာလွှင့်တင်ထားတဲ့ နိုင်ငံတော်အလံက
အမြဲတမ်း ဖြူနီပြာ
ဘယ်တော့မှ ဝါကျင့်ကျင့်ဖြစ်မနေခဲ့ပါဘူး
သူက
ဆယ်လူလာဖုန်းကို စကားပြောဖို့သုံးတယ်
မလိုအပ်ပဲ Text မက်ဆေ့ခ်ျတွေရိုက်ရတာကို အင်မတန်မှမုန်းသူ
သူက ဒုတိယကမ္ဘာစစ်ထဲက ပဲ့ကျကျန်ခဲ့တဲ့ လူတယောက်
လူတချို့က သူ့ကို
ခေတ်နောက်ပြန်လျှောက်သူလို့ တံဆိပ်ကပ်တယ်
ဒါပေမယ့်..သူက
သူ့လမ်း သူ ရောက်အောင် လျှောက်နေခဲ့သူတယောက်..။
ဆောင်းယွန်းလ (စက်တင်ဘာ ၂၃၊ ၂၀၁၆)