မိုးမခကို ပေးတဲ့စာ

မေချိုလွင် (ဒလမြို့နယ်) – အိမ်ပြန်ချိန် နောက်မကျတော့ စေလို


မေချိုလွင် (ဒလမြို့နယ်) – အိမ်ပြန်ချိန် နောက်မကျတော့ စေလို 
(မိုးမခပေးစာ) စက်တင်ဘာ ၂၁၊ ၂၀၁၆

အမေရိက မှ မြန်မာတိုင်းရင်းသား မိသားစု ၂ စုရဲ့ မြန်မာရိုးရာ မင်္ဂလာ ဧည့်သည့်ခံပွဲလေးတစ်ခု နှင့် နိုင်ငံရေး နှင့် ဆက်နွယ်နေတဲ့ မိသားစု ၃ စုရဲ့ ကံတရား (သို့) အိမ်ပြန်ချိန်တွေ နောက်ကျနေကြသူများ (ဒေါက်တာစိန်ဝင်း ၊ဒေါ်စီစီ ၊ဒေါ်တင်တင်ညို) နှင့် အိမ်ပြန်ချိန် ကို မျှော်လင့် စောင့်စားနေကြသော မိတကွဲ ဖတကွဲ အသိုက်အမြုံကွဲ နိုင်ငံရေး မိသားစုများ သို့

ဗမာတိုင်းရင်းသား သတိုးသား မောင်ပေါ်ထွန်းဇော် ၊ အဘ ဦးညီညီလွင် + အမိ ဒေါ်တင်တင်ညို(ခေတ္တ-အမေရိကန်ပြည်ထောင်စု) နှင့် ကယားတိုင်းရင်းသူ သတိုးသမီး မမုဖော (ခ) မမူးပေါ် ၊ အဘ ဒေါက်တာစိန်ဝင်း + ဒေါ်စီစီ(ခေတ္တ-အမေရိကန်ပြည်ထောင်စု) တို့၏ မင်္ဂလာပွဲလေးဘဲ ဖြစ်ပါတယ်

သတို့သမီးလေး မုဖော (ခ) မူးပေါ်ရဲ့ မိဘ အရင်း ၂ ဦးလုံးဟာ ကယားပြည်နယ် မှာ ကျန်ရစ်ခဲ့ပြီး မုဖောလေးနဲ့ ခွဲခွာနေရတာ ဆယ်စုနှစ် ၁ ခု ကျော် ကြာခဲ့ပါပြီ။ မိဘ ၂ ပါး အနားမှာ မရှိတဲ့ သတို့သမီးလေးအတွက် ဒေါက်တာ စိန်ဝင်း (အာဇာနည်ခေါင်းဆောင်ကြီးဦးဘဝင်းရဲ့သား၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူ ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကို တစ်ဝမ်းကွဲ တော်စပ်သူ)နှင့် ဇနီးဒေါ်စီစီတို့မှ သတို့သမီးလေး၏ မိဘ ၂ ပါးနေရာ မှနေ၍ မင်္ဂလာဧည့်ခံပွဲလေးကို တက်ရောက်ကျင်းပပေးခဲ့ပြီး မင်္ဂလာ ဇနီး မောင်နှံ ၂ ဦးအား လက်ထပ် လက်စွပ်များ ဆင်မြန်းပေးခဲ့ ပါတယ်။

အသက် ၇ နှစ်အရွယ်မှာ ကယားမလေး မုဖော(ခ)မူးပေါ်လေးဟာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်တဲ့ကာလ၊ တိုက်ပွဲအလယ်ရောက်နေတဲ့ ရှမ်းကယားနယ်စပ်၊ ဇာတိရွာလေး မှ နေ၍ လွယ်အိတ်၁ လုံးထဲ သကြားလုံး ၁ ထုတ်နဲ့ ရေဗူးကို ထည့်ကာ သံလွင်မြစ်နဲ့ တောတောင် အထပ်ထပ်ကိုကျော်လျက် မိဘ ၂ ပါးနှင့်ခွဲခွာ ပြီး အဘိုးအဘွား၊ ဦးလေး အဒေါ်တို့နှင့်အတူ တောလမ်းခရီးကြမ်းကို ၁ လ တိတိ ခြေလျင်လျောက်ခါ ထိုင်းနယ်စပ်ကို ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

ထိုင်းနယ်စပ်မှတဆင့် အမေရိကန် နိုင်ငံသို့ ရောက်ရှိကာ အလုပ်လုပ်ပြီး မိဘ မိသားစု ညီအကိုမောင်နှမများနှင့် ခွဲခွာကာ ငယ်ငယ်ရွယ်ရွယ် နှင့် တိုင်းတပါးမှာ ဘဝကို ရုန်းကန် ကြိုးစားနေရတဲ့ ရိုးသားတဲ့ တိုင်းရင်းသူလေး တဦးဖြစ်ပါတယ်။

သတို့သား မောင်ပေါ်ထွန်းဇော် ဟာ ရန်ကုန်တိုင်း၊ ဒလမြို့နယ် ဇာတိ ဖြစ်ပြီး မိခင် နိုင်ငံရေး အကျဉ်းသူဟောင်း ဒေါ်တင်တင်ညို  (ယခင် NLD ပါတီဝင်) နှင့် အတူ ရွှေဝါရောင် သံဃာ့ အရေးအခင်းအပြီး အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ NLD ပါတီဝင်၊ နိုင်ငံရေး အကျဉ်းသူဟောင်း ဒေါ်တင်တင်ညိုဟာ ၂၀၀၃ ဒီပဲယင်း အရေးအခင်းကာလ မှာ သူမ နေအိမ်တွင် NLD ပါတီ အထိမ်းအမှတ် အလံ ၊ရင်ထိုး၊ နဖူးစည်း၊ လက်ပတ် စသည့် အမှတ်တရ အထိမ်းအမှတ်ပစ္စည်းများ ထုတ်လုပ် စု ဆောင်းမှု ၊ ဒီပဲယင်း အရေးအခင်းမှ ထွက်ပြေးလွတ် မြောက်လာသူ မျက်မြင်သက်သေ များ အား ထွက်ပြေးလွတ်မြောက်အောင် ကူညီပေးမှု၊ နိုင်ငံရေးမှု ပုဒ်မ (၅)ည တို့ဖြင့် ယခင်အာဏာရှင် အစိုးရဟောင်းရဲ့ မတရားသဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့သူ ဖြစ်ပါတယ်။

ဒေါ်တင်တင်ညိုဟာ အင်းစိန်ထောင်အတွင်း ၃ နှစ် ကျော်ခန့်နေခဲ့ရပြီး နောက်မှာ လွတ်ငြိမ်းချမ်းသာ ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ ထောင်မှ လွတ်မြောက်လာပြီး နောက်မှာလဲ သူမ ယုံကြည်ရာ နိုင်ငံရေး ကို ဆက်လက် လုပ်ကိုင် ခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့ အရေးအခင်း မတိုင်မီ ၁ လ အလို သြဂုတ်လမှာ လှည်းတန်းတွင် လောင်စာဆီ ဈေးနှုန်း မြှင့်တက်မှု လျော့ချပေးရေး လူထုဆန္ဒ ဖေါ်ထုတ်ပွဲအား ဦး မင်းကိုနိုင် ဦးကိုကိုကြီး တို့မှ ဦးဆောင်၍ လူ အင်အား ၇၀၀ ခန့်ပါဝင်ကာ ဆန္ဒ ပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံ့ရဲ့ တိုင်းပြည်အပြောင်းအလဲ အတွက် အရေးပါသော လူထုလှုပ်ရှားမှု အကြို အစပျိုး မှုတရပ် အနေဖြင့် အာဏာရှင် အစိုးရအား ကိုင်လှုပ်နိုင်မည့် ဆန္ဒပြပွဲ ဖြစ်ခဲ့ ပြီး ဒလမြို့နယ် မှ NLD နိုင်ငံရေး အကျဉ်းသူဟောင်း ဖြစ်သူ ဒေါ်တင်တင်ညို လည်း ဦးမင်းကိုနိုင် ဦးကိုကို ကြီး တို့နှင့် အတူ ရှေ့ဆုံးမှ ဦးဆောင်ပါဝင် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ထို့နောက် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှု ဆန္ဒပြပွဲ နှင့်အတူ ဆက်တိုက်ဆိုသလို စက်တင်ဘာ သံဃာ့အရေးအခင်း ပေါ်ပေါက်ခဲ့ပြီး နောက်မှာတော့ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ တို့တွင် (လောင်စာဆီ ဈေးနှုန်း မြင့်တက်မှုအား အကြောင်းပြ၍ တိုင်းပြည် ဆူပူ ပျက်စီးအောင် စည်းရုံးလှုံဆော် ဆန္ဒပြနေကြသူများ) ဆိုသော ခေါင်းစဉ်ဖြင့်) ဆန္ဒပြသူ တို့ရဲ့ ဓါတ်ပုံများဖြင့် ပါလာခဲ့ပြီး ယခင် အာဏာရှင် အစိုးရမှ ဦးဆောင်ဆန္ဒပြသူများအား လိုက်လံဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်များချမှတ်ခဲ့ရာ ပါဝင်ခဲ့တဲ့ ဒလမြို့နယ် မှ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်တင်တင်ညို ဟာလည်း သားအကြီး မောင်ပေါ်ထွန်းဇော်နှင့်အတူ ထွက်ပြေး တိမ်းရှောင်ခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ ထိုင်းနိုင်ငံမှတဆင့် အမေရိကသို့ရောက်ရှိခဲ့တာ ဖြစ်ပါတယ် ။ဒေါ်တင်တင်ညို ရှိရာ အမေရိကသို့ ဒေါ်တင်တင်ညို ရဲ့ခင်ပွန်းဖြစ်သူ ဦးညီညီလွင်နှင့် သားငယ် မောင်အောင်ခိုင် တို့ ပါ ထပ်မံ လိုက်ပါသွားပြီး ဒေါ်တင်တင်ညို ရဲ့ သမီး ဖြစ်သူ မမေချိုလွင် ကတော့ မြန်မာနိုင်ငံမှာ တစ်ဦးတည်းကျန်ရစ်ဲခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကသို့ ယခင် ကြမ်းတမ်းခက်ခဲပြီး မတည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေ ကြောင့် မိသားစု များနဲ့ကွဲကွာ ပြီး ရောက်ရှိခဲ့ကြရတဲ့ မြန်မာတိုင်းရင်းသား မောင်ပေါ်ထွန်းဇော် နှင့် မူးပေါ်တို့ ဟာ အမေရိကမှာ ဖူးစာဆုံ ပြီး လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ် မိသားစု ၂ စုရဲ့ မင်္ဂလာပွဲမှာ ထပ်မံ ပါဝင်ကူညီပေးခဲ့တဲ့ မိသားစုကတော့ အိမ်ပြန်ချိန် တွေ နောက်ကျနေတဲ့  ဒေါက်တာစိန်ဝင်းနှင့် ဇနီး ဒေါ်စီစီ မိသားစု ဘဲဖြစ်ပါတယ်။ ကဝိအို ရဲ့ အိမ်ပြန် ချိန် ဆောင်းပါးနှင့် အတူ မြန်မာပြည် ပြန်လာဖို့ ကြိုးစား ရာမှာ အမေရိကန် နိုင်ငံရှိ မြန်မာသံရုံးမှာ ခံဝန်လက်မှတ် ထိုးခိုင်းတဲ့ ယခင်အစိုးရဟောင်းရဲ့ မူဝါဒ အဟောင်း လက်ကျန်တွေ ကြောင့် ကဝအိုရဲ့ အိမ်ပြန်ချိန်ဟာ အခက်အခဲတွေနဲ့ အတူ ကြန့်ကြာနေဆဲပါ။

ဒေါက်တာစိန်ဝင်းဟာ အာဇာနည်ပုဂ္ဂိုလ်ကြီး ဦးဘဝင်းရဲ့ သားဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူအရင်းဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကို တစ်ဝမ်းကွဲဖြစ်ပြီး နိုင်ငံရေးအရ အမေစုအတွက် အားကိုးအားထား အထောက်အပံ့ ဖြစ်ခဲ့တဲ့ တချိန်က ပြည်ပရောက် စင်ပြိုင်အစိုးရ ညွှန့်ပေါင်းအစိုးရအဖွဲ့ ရဲ့ ဝန်ကြီးချုပ် လဲဖြစ်ခဲ့ဖူးပါတယ်။ အခုချိန် ဟာ ဒီမိုကရေစီ အရပ်သား အစိုးသစ် လက်ထပ် ပြည်သူလူထု က ရွေးချယ်တင်မြှောက်ခဲ့တဲ့ ပြည်သူ့အစိုးရ တရပ် ဖြစ်နေပြီမို့ ပြည်ပ ရောက် နေတဲ့ နိုင်ငံရေး အင်အားစုများ ဂုဏ်သိက္ခာ ရှိစွာ ပြည်တော် ပြန်ဝင်သင့်ချိန် ကို ရောက်နေပါပြီ။ ဂုဏ် သိက္ခာရှိစွာ ပြည်တော်ပြန်ဝင်ဖို့ အတွက်လဲ အာဇာနည် မျိုးရိုး ဆိုတဲ့ မာန် တွေနဲ့ သံရုံးက အစိုးရဟောင်းရဲ့ လက်ကျန် မူအဟောင်းတွေ နဲ့ နိုင်ငံရေး မလုပ်ပါဘူး ဆိုတဲ့ ခံဝန် လက်မှတ် ကို မထိုးနိုင်သေးလို့ အိမ်ပြန်ချိန် တွေ နောက်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုကြီးပါ ။ ဒေါက်တာစိန်ဝင်းနှင့် ဒေါ်စီစီ တို့ နည်းတူ ခံဝန် လက်မှတ် မထိုးနိုင်၍ အိမ်ပြန်ချိန်တွေ နောက်ကျနေသူတွေ ထဲ မှာ မေချိုရဲ့ မေမေ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်တင်တင်ညို (ဒလမြို့နယ်) လဲ ပါဝင်နေပါတယ်။

မှတ်တမ်းဓာတ်ပုံများ- မေချိုရဲ့ အကို ပေါ်ထွန်းဇော်နှင့် ယောင်မလေး မူးပေါ်ရဲ့ အမေရိကန်နိုင်ငံ ဗားဂျီးနီးယားပြည်နယ်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲကို ဒေါက်တာစိန်ဝင်းနှင့် ဇနီးဒေါ်စီစီတို့ သတိုးသမီး ၏ မိဘ နေရာမှနေ၍ ကြွရောက်ချီးမြှင့် အားပေးစဉ် အမှတ်တရ။

ကံတရားရဲ့ လှည့်စားမှု လှည့်ကွက်များ နဲ့ အခက်အခဲ များအားလုံး ပြေလည်ချိန် တန်ပြီး မကြာခင် အချိန်ကာလ တစ်ခု မှာ ကွဲကွာ နေတဲ့ မိသားစုတိုင်း ပြန်လည် ဆုံဆည်းနိုင်ကျပါစေလို့ ဆုတောင်းမျှော်လင့်လျက် …

မေချိုလွင်(ဒလမြို့နယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts