ကဗျာ

နရီမင်း – ဘဝက မလုံခြုံဘူး

Than Htay Maung


နရီမင်း – ဘဝက မလုံခြုံဘူး

(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၆

လမ်းလျှောက်ရင်
နောက်ကို
ခဏခဏ ပြန်ကြည့်ရတယ်။

ဆိုင်ထိုင်ရင်
အတွင်းဆုံး သွားပြီး
အဝင်ဝကို မျက်နှာချင်းဆိုင်
ထိုင်ရတယ်။

ကားငှားစီးတော့
ဒရိုင်ဘာနောက်တည့်တည့်
ထိုင်တယ်။

ဘယ်သူ ဓားနဲ့ ထိုးမလဲ
ဘယ်သူ ဝင်ရိုက်သွားမလဲ
တိုင်းပြည်ပျက်ကြီးထဲ
ဘဝက မလုံခြုံဘူး။

အိပ်ခါနီး
တံခါးအားလုံး စစ်ပြီးတောင်
အိပ်မပျော်ဘူး။

မှေးခနဲ အိပ်ပျော်သွားရင်တောင်
လည်မျိုညှစ်ခံရတယ် အိပ်မက်ပြီး
လန့်လန့်နိုးတယ်။

ဘဝက မလုံခြုံဘူး။

တရားဥပဒေစိုးမိုးရေးက
ကွန်ဒုံးလောက် စိတ်မချရတဲ့ တိုင်းပြည်မှာ
ဘဝက မလုံခြုံဘူး။

မလုံခြုံလိုက်တာမှ
သေပြီးတောင်
အုတ်ဂူ ဖောက်ခံရဦးမယ့် ဘဝ။

နရီမင်း
၁၉- ၉- ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts