ကဗျာ

ကမ်လူဝေး – ရွှေအိုးရွက်လာတဲ့ကောင်းကင်


ကမ်လူဝေး –  ရွှေအိုးရွက်လာတဲ့ကောင်းကင်
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၆

အိပ်ရာပေါ်ပက်လက်လန်ရင်း
အမိုးပေါက်က နေမြင်ရတဲ့ ကောင်းကင်က အမှောင်
ထမင်းမဝတဲ့လူတယောက်ရဲ့ ညမှာ
ကြယ်တလုံးတလေ မြင်တွေ့ခွင့်ရရင် မင်္ဂလာ
မိုးတွေရွာမချခဲ့တာကပဲ ကောင်းလှတဲ့ ကံကြမ္မာ။

ထမင်းမဝသူ တယောက်ရဲ့ဘဝမှာ
ပေါင်မုန့်စားလိုက်ပါလားလို့ပြောခံရတော့
ငါဟာ ရယ်မော ရမလား
ငါဟာ ငိုကြွေးရမလား မသိတော့။

ထမင်းဆာလှပါပြီ
ထမင်းဝဝ စားချင်လှပါပြီ
ထမင်းချက်ဖို့အသာထား
ပေါင်မုန့်စားမည့်သူများအတွက်
ဦးစားပေးရမည်ဆိုတော့လည်း
ရေသောက် ဗိုက်မှောက်
ပေါင်မုန့်ဖုတ်ပွဲကိုပဲ ကြည့်နေရ။

ညနေက ကြားမိပါရဲ့
ရွှေအိုးရွက် ပြန်လာပြီတဲ့
ရွှေအိုးမလိုချင်ပါဘူး
ထမင်းဝဝလေးပဲ စားပါရစေ
ရွှေအိုးဆိုတာက
ရွှေကိုင်ကစားနိုင်သူတွေအတွက်မဟုတ်လား
ငါတို့ထမင်းလေးပဲ ဝဝ စားပါရစေ။

ထမင်းဆာဆာနဲ့
အိပ်ရာပေါ် ပက်လက်လန်အိပ်တော့
ခေါင်အပေါက်က မြင်ရတဲ့ ကောင်းကင်က အမှောင်။ ။

ကမ်လူဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts