ကဗျာ

ကျော်ကိုကို ● ကမ္ဘာ့နိဂုံးကျမ်း

ကျော်ကိုကို ● ကမ္ဘာ့နိဂုံးကျမ်း
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၆

ချစ်ရတဲ့ အဲလ်လစ်ရေ…
ယေဟိုးဝါက
ဆမ်ဆောင်းရဲ့ရှယ်ယာတွေကို
ဝယ်ယူပြီးတဲ့နောက်မှာ
ငါတို့တွေလည်း
ပင်လယ်နီဖြတ်ပြီး
ဂျေရုဆလင်ကို မပြန်နိုင်တော့ဘူးကွယ်။

ပရိုပိုဆယ်တွေ၊ ဖားပြုပ်မိုးတွေ၊
လွှတ်တော်အမတ်လောင်းတွေ၊
ကျိုင်းကောင်တွေ၊ လိင်တူချစ်သူတွေ၊
တောင်ဝှေးကဖြစ်သွားတဲ့ မြွေတွေ…
အားလုံး ဒင်းကြမ်းနဲ့
အဲဂုတ္တုပြည်မှာ
တယ်လီဖုန်းလိုင်းတွေပဲ များလာတယ်။

ကမ္ဘာကြီးကတော့
တဖြေးဖြေးချင်း နိဂုံးချုပ်တော့မှာပါ
လောလောဆယ်တော့
ခဏ ဒီ (de) ထားလိုက်ကြစို့။
 
ပိုက်ဆံပါရင်
ဘယ်သူကမှ နှင်မထုတ်နိုင်တဲ့
ဧဒင်ဥယျာဉ်တွေဟာ
ဆူပါမားကတ်ကြီးတွေပဲလေ
အဲ့ဒီမှာ
သွေးဆောင်ဖြားယောင်းနေတဲ့
ပန်းသီးတွေရှိတယ်။

ထောင်စုနှစ်တွေချီပြီး
ကျောင်းတော်က ညာခဲ့တယ်
တကယ်တော့
လူယောက်ျားရော လူမိန်းမကို
ဆင်းမ်ကဒ်တခုတည်းက ဖန်ဆင်းခဲ့တာပါ…

ကိုလိုနီထမ်းပိုးအောက်က
မလွတ်တလွတ်ဒေသတွေမှာ
ပြည်သူတွေက မက်ဆိုင်ယာကို မျှော်မနေတော့ဘူး
ကွန်နက်ရှင်ကိုသာ မျှော်လင့်စောင့်စားနေတယ်

ဆိုကြပါစို့
အသစ်တကာ့ အသစ်ဆုံးကျမ်းစာ
ငါက ခုလို ရေးလိုက်တယ်
“လူမှုကွန်ရက်က
ထမ်းပိုးဖက်သော အရာကို
ဘုရားသခင် မခွဲခွာစေနဲ့”
အာမင်…။

ကျော်ကိုကို
၂၂.၁၀.၂၀၁၅

ကိုကျော်ကိုကို၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts