လွှတ်တော်တွင်း လွှတ်တော်ပြင်ပ လှုပ်ရှားမှုများ အနီးကြည့် အဝေးကြည့်
အောင်ဒင်နဲ့ မေးခွန်းများ၊ မိုးမခ၊ အောက်တိုဘာ ၁၃၊ ၂၀၁၃
အမေရိကန်ပြည်ရောက် မြန်မာ့အရေးလှုပ်ရှားသူ၊ ၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်တဲ့ ကိုအောင်ဒင်နဲ့ မိုးမခ တွေ့ဆုံမေးမြန်းထားသမျှကို တင်ဆက်လိုက်ပါတယ်။
မေး။ ။ ၂၀၁၂ က စပြီးတော့ လွှတ်တော်တွင်း လှုပ်ရှားမယ်၊ လွှတ်တော်ပြင် လှုပ်ရှားမယ်လို့ ကြွေးကြော်ကြ၊ သဘောထားတွေ ထုတ်ပြန်ကြ၊ ပြင်ဆင်လုပ်ကိုင်ခဲ့ကြတယ်၊ အခု ၂၀၁၃ နှစ်ကုန်ခါနီးပြီ၊ လွှတ်တော်ပြင်ပလှုပ်ရှားမှုတွေရဲ့ သက်ရောက်မှုကို တွေ့ရပါသလား
ဖြေ။ ။ လွှတ်တော်ပြင်ပလှုပ်ရှားမှုတွေကတော့ အတိုင်းအတာတစ်ခုအထိ အောင်မြင်တာတွေ့ရပါတယ်၊ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းလှုပ်ရှားနိုင်ကြတာ၊ အလုပ်သမားထုကို အမှန်တကယ်ကိုယ်စားပြုနိုင်သူကို ရွေးချယ်ပြီး ဂျီနီဗာ အလုပ်သမားညီလာခံကို စေလွှတ်နိုင်တာ၊ တောင်သူလယ်သမားအဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာ၊ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) အပါအဝင် အရပ်ဘက်လူ့အဖွဲအစည်းတွေက ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေကြတာ၊ ဒီအဖွဲ့အစည်းတွေက ပြည်သူလူထုခံစားနေရတဲ့ နေ့စဉ်ဒုက္ခတွေကို ဝိုင်းဝန်းဖြေရှင်းပေးဖို့ ကြိုးစားရင်း တစ်ဘက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ရေး၊ မလိုလားအပ်တဲ့ ဥပဒေတွေ ဖျက်သိမ်းရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစိုးရနဲ့ ဥပဒေပြုလွှတ်တော်ကို ချဉ်းကပ်စည်းရုံးဆောင်ရွက်နေတာ အားရစရာကောင်းပါတယ်။
မေး။ ။ ဒါဆိုရင် ထင်ထင်ရှားရှားမြင်တွေ့ရတဲ့ လွှတ်တော်ပြင်ပလှုပ်ရှားမှု အောင်မြင်မှုတွေကို ကောက်နုတ်ပြနိုင်ပါသလား။
ဖြေ။ ။ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်း ထင်ထင်ရှားရှားမြင်တွေ့ရတဲ့ လွှတ်တော်ပြင်ပ လှုပ်ရှားမှုများရဲ့ အောင်မြင်မှု (၆) ခုရှိပါတယ်၊
နံပါတ် (၁) က ဧရာဝတီမြစ်ကြီးရဲ့အစမှာ တရုတ်အစိုးရက မြစ်ဆုံဆည်ကြီးတည်ဆောက်ဖို့ကြိုးစားတာကို သမ္မတသက်တမ်းတစ်ခုအတွင်း ရပ်ဆိုင်းထားနိုင်တာ၊
(၂) နိုင်ငံရေးအကျဉ်းသားများရှိကြောင်း အစိုးရက ဝန်ခံပြီး လက်ကျန်နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ ပူးတွဲစစ်ဆေးပြီး ပြန်လွှတ်ပေးနေရတာ၊
(၃) ကချင်ပြည်နယ်က ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေရတဲ့ တိုင်းရင်းသားတွေထံ အကူအညီအထောက်အပံ့တွေ ရောက်အောင်ပို့ပေးနိုင်ခဲ့တာ၊
(၄) အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ တည်ရှိတိုးတက်မှုကို ဟန့်တားကန့်သတ်မည့် “အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း” ကို တညီတညွတ်တည်းကန့်ကွက်ပြီး ပိုပြီးကောင်းတဲ့ ဥပဒေကြမ်းတစ်ခုအဖြစ်ရောက်အောင် လွှတ်တော်ကိုယ်စားလှယ်များနဲ့ အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့တာ၊
(၅) လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပါတ်သက်ပြီး စီမံကိန်းဖျက်သိမ်းရတဲ့အထိ မဖြစ်တာတောင်မှ စာချုပ်ကို မြန်မာနိုင်ငံဘက်ကပိုပြီး အကျိုးအမြတ်ရအောင် ပြန်လည်ချုပ်ဆိုရတာ၊ နစ်နာကြေးတွေပိုပေးရတာ၊ ဒါဏ်ရာရသံဃာတော်များကို အစိုးရက တောင်းပန်ရတာ၊
နံပါတ် (၆) က ပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် မြန်မာနိုင်ငံတဝှမ်း စစ်အစိုးရနဲ့ ခရိုနီတွေသိမ်းပိုက်ထားတဲ့ မြေများနဲ့ပါတ်သက်ပြီး ဖြေရှင်းပေးဖို့ လွှတ်တော်ကနေ “အသိမ်းဆည်းခံမြေများကိစ္စ စုံစမ်းစစ်ဆေးရေးကော်မရှင်” ဖွဲ့ပြီး စုံစမ်းစစ်ဆေး ဖြေရှင်းပေးနေရတာ၊ ဒါတွေဟာ မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းများရဲ့ လွှတ်တော်ပြင်ပလှုပ်ရှားမှုများရဲ့ အောင်မြင်မှုတွေပါ၊
မေး။ ။ ဒါဆိုရင် လွှတ်တော်တွင်းဝင်တဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ကော …
ဖြေ။ ။ လွှတ်တော်အတွင်းလှုပ်ရှားမှုတွေကိုတော့ အားရစရာမတွေ့ရသေးပါ၊ လွှတ်တော်ကနေ တိုင်းပြည်အတွက်အကျိုးရှိတဲ့ ဥပဒေအချို့ ပြဌာန်းအတည်ပြုနိုင်ခဲ့ပေမည့် အဲဒီ ဥပဒေတွေဟာ အာဏာရ ကြံ့ခိုင်ရေးပါတီက ဦးဆောင်ခဲ့တာဖြစ်ပါတယ်၊ လွှတ်တော်ကနေ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်သင့်၊ မပြင်သင့်လေ့လာသုံးသတ်မည့် ဆုံးဖြတ်ချက်ကိုတောင်မှ ကြံ့ခိုင်ရေးပါတီကပဲ တင်သွင်းခဲ့တာပါ၊ အတိုက်အခံပါတီရဲ့ အခန်းကဏ္ဏက သိပ်မရှိသလို လူနည်းစုပါတီများဟာ လွှတ်တော်ထဲမှာ အတိုက်အခံအင်အားစုအဖြစ် မရပ်တည်ပဲ အာဏာရပါတီရဲ့ မဟာမိတ်များအဖြစ် ရပ်တည်နေတာ ဝမ်းနည်းစွာတွေ့ရပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်ဖို့ ဝေးလို့ ဒီမိုကရေစီလှုပ်ရှားသူတွေအတွက် အင်မတန်အန္တရာယ်ကြီးတဲ့ အရေးပေါ်စီမံချက်အက်ဥပဒေ (ပုဒ်မ ၅-ည)၊ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများ၏ အန္တရာယ်မှ ဟန့်တားကာကွယ်သည့်ဥပဒေ (ပုဒ်မ ၁၀-က၊ ၁၀-ခ)၊ မတရားသင်းအက်ဥပဒေ (ပုဒ်မ ၁၇-၁၊ ၁၇-၂) စတဲ့ စစ်အစိုးရကျင့်သုံးခဲ့တဲ့ မတရားတဲ့ ဥပဒေတွေကိုတောင် ဖျက်သိမ်းနိုင်စွမ်းမရှိသေးတာတွေ့ရပါတယ်၊ အစိုးရ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက တင်သွင်းတဲ့ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်ကို ကန့်သတ်မည့် ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းကိုတောင် ဒီမိုကရေစီအင်အားစုဘက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မကန့်ကွက်တဲ့အပြင် ထောက်ခံမဲပေးခဲ့ကြတာ အံ့ဩဖွယ်တွေ့ခဲ့ရပါတယ်၊ အတိုက်အခံမရှိတဲ့ လွှတ်တော်၊ အတိုက်အခံဖြစ်လျက်နဲ့ အတိုက်အခံအလုပ်ကို မလုပ်တဲ့ လူနည်းစုပါတီများနဲ့ လွှတ်တော်ဟာ ဒီမိုကရေစီစနစ်အတွက် သိပ်အားကိုးလောက်စရာမရှိပါ၊
မေး။ ။ အဲသည်ထဲမှာ တခုကတော့ စာနယ်ဇင်းလွတ်လပ်ခွင့်တွေ ရလာတယ်။ အစိုးရက အလွတ်သဘော ခွင့်ပြုလို့ဖြစ်စေ၊ သူတို့နဲ့ လက်တွဲပြီး သူတို့ဗျာဒိတ်ခံပြီး လုပ်လို့ဖြစ်စေ … စာနယ်ဇင်းလွတ်လပ်ခွင့် လှုပ်ရှားမှုမျိုးကနေ စာနဲ့ ပေနဲ့၊ စည်းကမ်းဥပဒေနဲ့ တရားဝင်လွတ်လပ်ခွင့်ရအောင် လုပ်နိုင်တဲ့ လှုပ်ရှားမှုတွေ ဖြစ်လာတယ်။ စာနယ်ဇင်းအသင်းအဖွဲ့တွေ သူနည်းသူ့ဟန်နဲ့ လွှတ်တော်ပြင်ပမှာ ပေါ်လာတယ်။ သူတို့ကနေ လွှတ်တော်တွင်းမှာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အာမခံတဲ့ ဥပဒေပေါ်ထွန်းလာအောင် လုပ်လာနိုင်သလား။
ဖြေ။ ။ စာပေလွတ်လပ်ခွင့်နဲ့ ပါတ်သက်ပြီး တစ်ခုပြောချင်ပါတယ်၊ စာပေစိစစ်ရေးကို ဖျက်သိမ်းပြီး စာအုပ်စာတမ်းတွေကို လွတ်လွတ်လပ်လပ်ထုတ်ဝေခွင့်ပေးတာ၊ ဂျာနယ်ထုတ်ဝေခွင့်တွေ၊ သတင်းစာထုတ်ဝေခွင့်တွေပိုပြီး ခွင့်ပြုတာ ဝမ်းသာစရာပါ၊ အဲဒီလိုပဲ မီဒီယာလောကကို ကိုယ်စားပြုတဲ့ အသင်းအဖွဲ့တွေပေါ်ပေါက်လာပြီး စာပေလွတ်လပ်ခွင့်ကို ကာကွယ်ဖို့ လှုပ်ရှားနေတာလည်း အားရစရာပါ၊
ဒါပေမည့် ကျနော် စိတ်ပူတာက ငွေကြေးချမ်းသာသူတွေနဲ့ အာဏာပိုင်များနဲ့ အဆက်အသွယ်ကောင်းသူတွေကပဲ မီဒီယာလောက၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းကို ထိန်းချုပ်ထားတာကိုပါ၊ အခုထွက်နေတဲ့ သတင်းစာ၊ ဂျာနယ်အတော်များများဟာ ခရိုနီကြီးများက ငွေကြေးထုတ်ပေးပြီး တည်ထောင်ထားကြတာ၊ အာဏာရပါတီ နဲ့ စစ်တပ်က တည်ထောင်ထားကြတာတွေပါ၊ သူတို့တွေပဲ ငွေကြေးအရင်းအနှီးကြီးမားတဲ့ ဒီလုပ်ငန်းကို ဓနအင်အားအလုံးအရင်းနဲ့ စိုက်ထုတ်လုပ်ကိုင်နိုင်တာပါ၊ ဒီတော့ သူတို့ ငွေကြေးနဲ့၊ အာဏာနဲ့ ထုတ်ဝေတဲ့ သတင်းစာ၊ ဂျာနယ်တွေက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ ဘာသာရေးပဋိပက္ခကို လှုံ့ဆော်တဲ့ သတင်းတွေ၊ အညှီအဟောက်တွေ၊ တဘက်သတ်ဝါဒဖြန့်ချီတာတွေနဲ့ ပြည့်နှက်နေပြီး ပြည်သူလူထုအတွက် လေးစားလောက်တဲ့ မီဒီယာတွေ ဖြစ်မလာပါ၊ အကုသိုလ်တွေအပြည့်အဝပါတဲ့ စာအမှိုက်ထုတ်ကြီးတွေသာ ဖြစ်နေပြီး တစ်ချိန်မှာ စာပေလွတ်လပ်ခွင့်ဆိုတာကိုတောင် ပြည်သူတွေက အထင်သေးစရာ ဖြစ်လာနိုင်ပါတယ်၊ အဆင့်အတန်းရှိတဲ့၊ သတင်းတန်ဘိုး၊ စာပေတန်ဘိုးကြီးမားတဲ့ သိက္ခါရှိတဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေကတော့ ရေရှည်ရပ်တည်နိုင်စွမ်းမရှိပဲ တစ်ဖြုတ်ဖြုတ် ကြွေနေကြတာကို ဝမ်းနည်းဖွယ်တွေ့မြင်နေရပါတယ်၊
ကျနော်တို့က စာပေလွတ်လပ်ခွင့်ဆိုတာကို တန်ဘိုးမထားရင်၊ အကျိုးရှိရှိအသုံးမချနိုင်ရင်၊ တာဝန်သိမှု တာဝန်ယူမှုနဲ့ ယှဉ်တွဲပြီး မကျင့်သုံးနိုင်ရင် တစ်ချိန်မှာ စာပေလွတ်လပ်ခွင့်ကို ပြန်လည်ကန့်သတ်ခံရမှာ စိတ်ပူမိပါတယ်၊ ကိုယ်စိုက်တဲ့အပင် ကိုယ်ရိပ်သိမ်းရမှာပါ၊
မေး။ ။ နိုင်ငံရေးအကျဉ်းသားအရေးကို အသိအမှတ်ပြု ပြောဆိုလာဖို့၊ အရေးတယူ ဆောင်ရွက်ဖို့ လုပ်လာတဲ့နေရာမှာ လွှတ်တော်တွင်းကနေ စတင်တာလား၊ လွှတ်တော် ပြင်ပကနေ စတင်တာလား။ ဒါမှမဟုတ် အပြင်ကနေ စတယ်။ နောက်တော့ အတွင်းကနေ အစိုးရကနေ လက်ခံလိုက်တယ်။ အဲသည်မှာမှ စပြီး ရွေ့တယ်လို့ ပြောလို့ ရမလား။
ဖြေ။ ။ ဒီမိုကရေစီရေးလှုပ်ရှားသူ တွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကြောင့် အဖမ်းခံကြရတယ်၊ ထောင်ကျတယ်၊ ထောင်ထဲမှာ ညှင်းပန်းနှိပ်စက်မှုပေါင်းစုံ၊ ဒုက္ခပေါင်းစုံတွေ့ကြုံကြရတယ်၊ အချိန်တန်တော့ ပြန်လွတ်ကြတယ်၊ ဒီ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ချစ်စရာကောင်းမှုကတော့ သူတို့လွတ်မြောက်ပြီးချိန်မှာ အေးအေးဆေးဆေးမနေပဲ ထောင်တွင်းမှာ ကျန်ရစ်ခဲ့ကြတဲ့ သူတို့ရဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေလွတ်မြောက်ရေး ဆက်ပြီး ကြိုးစားတောင်းဆိုကြတာပါ၊ သူတို့တွေ ထောင်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေချင်မှပြေခဲ့လိမ့်မယ်၊ ဒါပေမည့် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဟာ လွတ်ပြီးသား နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ တာဝန်ဆိုတာ သူတို့အားလုံးတစ်ညီတစ်ညွတ်တည်းခံယူထားကြတယ်၊ အချို့ဆိုရင် သူတို့သူငယ်ချင်းတွေ လွတ်မြောက်ရေးကြိုးစားရင်း သူတို့ကိုယ်တိုင် ပြန်လည်အဖမ်းခံရ၊ ထောင်ထဲပြန်ရောက်ကြရတာပါ၊ သူတို့ရဲ့ စိုက်လိုက်မတ်တပ်လှုပ်ရှားမှုတွေကြောင့်လည်း ဒီကနေ့မှာ အစိုးရကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားတွေရှိကြောင်းဝန်ခံပြီး ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကုန်အစဉ်ပြန်လွှတ်ပေးနိုင်ရေး သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နေရတာပါ၊
မေး။ ။ ပြည်တွင်းငြိမ်းချမ်းရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးအဆင့် ဆွေးနွေးအဖြေရှာရေးကို ဆောင်ရွက်ကြတဲ့နေရာမှာ လွှတ်တော်ရဲ့ အခမ်းကဏ္ဍက ဘယ်လောက်ပါသလဲ။ အစိုးရအခမ်းကဏ္ဍက ဘယ်လိုရှိသလဲ။ လွှတ်တော်ပြင်ပကနေ ရပ်တည်ဖွဲ့စည်းထားတဲ့ အစုအဖွဲ့တွေရဲ့ အနေအထားက ဘယ်လို ရှိသလဲ။
ဖြေ။ ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရရဲ့ တာဝန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းဖို့၊ အကောင်အထည်ဖော်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပဖို့ဖြစ်ပါတယ်၊ အရပ်ဘက်အဖွဲ့အစည်းများရဲ့တာဝန်က အပစ်အခတ်ရပ်စဲရေးခိုင်မာအောင် ဝိုင်းဝန်းထိန်းသိမ်းဖို့၊ စစ်ဘေးဒုက္ခသည်များကို ကူညီထောက်ပံ့ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ အဓိကဆွေးနွေးဘက်တစ်ဖွဲ့အဖြစ်ပါဝင်ဖို့ဖြစ်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်ရဲ့ အဓိကတာဝန်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံရေးဆွေးနွေးပွဲများက ဆုံးဖြတ် တောင်းဆိုတဲ့အတိုင်း ပြင်ဆင်ပေးဖို့နဲ့ တိုင်းရင်းသားလူမျိုးစုများခံစားထိုက်တဲ့အခွင့်အရေးများ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်၊ သယံဇာတအရင်းအမြစ်များခွဲဝေရေး) ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းပြဋ္ဌန်းဖို့ ဖြစ်ပါတယ်၊
ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာလည်း တာဝန်ရှိပါတယ်၊ အဲဒီတာဝန်တွေကတော့ ရိုးသားဖို့၊ အပစ်အခတ်ရပ်စဲရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွါးမရှာဖို့၊ နိုင်ငံရေးဆွေးနွေးပွဲရဲ့ သဘောသဘာဝဟာ အပေးအယူမျှတဖို့ဖြစ်လို့ ကိုယ်လိုချင်သမျှ အကုန်မရနိုင်ဘူးဆိုတာ နားလည်လက်ခံဖို့၊ ပြည်သူလူထုအပေါ် အခွန်ကောက်၊ စစ်သားသစ်စုပြီး ဝန်ထုတ်ဝန်ပိုးမဖြစ်စေဖို့၊ ဆွေးနွေးပွဲမှာ တောင်းဆိုတာတွေအကုန်မရရင် ပြန်တိုက်မယ်ဆိုတဲ့ အတွေးအခေါ်မျိုးကို ဖျက်သိမ်းပြီး ရသင့်သလောက်ရရင်လက်ခံပြီး ပြည်တွင်းစစ်ကို အဆုံးသတ်လို့ မပြည့်ဝသေးတဲ့ တောင်းဆိုချက်တွေကို တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ဆက်လက်တောင်းဆိုသွားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတည်ဆောက်ဖို့၊ စတာတွေပါ၊
မေး။ ။ မြန်မာပြည်မှာ ဘာသာရေး၊ လူမျိုးရေး၊ ဒေသဆိုင်ရာအလိုက် ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေဟာ ပြည်တွင်းစစ်မီးအောက်၊ အာဏာရှင်အုပ်ချုပ်မှုအောက်မှာ တောက်လျောက် ရှိခဲ့တယ်။ အခု ဒီအစိုးရအသစ်ပေါ်လာမှ မဟုတ်ဘူး။ အခုဒီအစိုးရတက်လာတော့လည်း ရခိုင်ပြည်နယ် လူမျိုးရေးပဋိပက္ခတွေ ဖြစ်တယ်။ မြန်မာပြည်တွင်းမှာ အစွန်းရောက်အကြမ်းဖက်အုပ်စုတွေဟာ အရင်ကထက်ကို ထင်ထင်ရှားရှား နေရာယူပြီး လှုံဆော် ၀ါဒဖြန့်တာတွေ၊ အကြမ်းဖက်တာတွေ ဖြစ်ပွားလာတယ်။ ဒါကို လွှတ်တော်ကို ကြိုတင် ရှုမြင်သုံးသပ်ပြီး ဆွေးနွေးတိုင်ပင် ဆုံးဖြတ်တာ ကာကွယ်မှုတွေ ပြုလုပ်တာ လုပ်ခဲ့သလား။ လွှတ်တော်ပြင်ပက အစုအဖွဲတွေကနေပြီးတော့ပဲ တပိုင်တနိုင် ပြည်သူအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် လုပ်ကိုင်ကြရတယ်လို့ ပြောရင် ဘယ်လို သုံးသပ်မလဲ။