မောင်မိုးသူ

လေးလောင်းပြိုင် ငါးလောင်းပြိုင် ရာဇ၀င်မှုများ နှင့် မောင်မိုးသူ

လေးလောင်းပြိုင် ငါးလောင်းပြိုင် ရာဇ၀င်မှုများ နှင့် မောင်မိုးသူ 
(ကုမုဒြာဂျာနယ်၊ သြဂုတ် ၂၆၊ ၂၀၁၆) မိုးမခ၊ စက်တင်ဘာ ၉၊ ၂၀၁၆

ယခုတစ်လော စာနယ်ဇင်းမျက်နှာစာ တွေပ်ါမှာ ဖေ့စ်ဘုတ်ခ်ခေါ်တဲ့ လူမှုကွန်ရက်တွေပေါ်မှာ စာဖတ်သူတွေ တွေ့မြင်ရတာကတော့ လေးလောင်းပြိုင်လူသတ်မှုပဲ ဖြစ်ပါတယ်။ အသတ်ခံရသူဟာ ရဲအရာရှိ ဟောင်းတစ်ဦးဖြစ်ပြီး အသက် ၃၇ နှစ်အရွယ်ပဲ ရှိသေးသူ ဖြစ်ပါတယ်။ သူနဲ့အတူ သူ့ဇနီး၊ သူ့ကလေးနှစ်ယောက်ပါ သတ်ဖြတ်ခံရတဲ့အတွက် သတင်းဖတ်ရ၊ ကြားရ သူတွေအားလုံး ယူကျုံးမရ နှမြောတသ ဖြစ်ရပါတယ်။ နောက်ရက် ဈာပနအခမ်း အနားမှာ ကလေးငယ်များရဲ့ ရုပ်ကလာပ် ကို မြင်ရတော့ ပိုပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ဖြစ်သါားတဲ့ လူသတ်မှုဟာ မိသားစု တစ်စုလုံးကို သတ်ဖြတ်သွားတဲ့အတွက် ရက်စက်မှု လွန်ကဲတဲ့ ရာဇဝတ်မှုပဲလို့ ပြည် သူအများကသတ်မှတ်
ကြပါတယ်။

အဲသည်လို မိသားစုတစ်စုလုံး သတ် ဖြတ်မှုမျိုးလို အရင်တစ်ခါက ငါးလောင်း ပြိုင် လူသတ်မှုတစ်ခုလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ အဲသည်လူသတ်မှုကို ကျူးလွန်ခဲ့တာကတော့ သေနတ်နဲ့ ပစ်သတ်သွားတာပါ။ လေးလောင်းပြိုင်ကတော့ ဓားနဲ့ထိုးသတ်ထားတာ ဖြစ်ပါတယ်။

ငါးလောင်းပြိုင် လူသတ်မှုကတော့ ချမ်းသာတဲ့ မိသားစုဖြစ်ပြီး ပစ္စည်းလိုချင်လို့ သတ်ဖြတ်တယ်လို့ ယူဆကြရပေမဲ့ ယနေ့အချိန်အထိ အမှုမှန်ပေါ်ပေါက်ခြင်း၊ တရားခံဖမ်းမိခြင်း မရှိသေးပါဘူး။

လေးလောင်းပြိုင်လူသတ်မှုကတော့ ရဲအရာရှိဟောင်းတစ်ဦးဖြစ်လို့ ပစ္စည်းလို ချင်မှုဖြစ်ရပ်နဲ့ မတူဘဲ အငြိုးအတေး ကြောင့် သတ်ဖြတ်တာ ဖြစ်နိုင်တယ်လို့ ယူ ဆကြသူများရှိသလို သေဆုံးသူ အမျိုး သမီးရဲ့မိခင်က အခင်းမဖြစ်ပွားမီက အိမ် နားသို့ မသင်္ကာဖွယ်သူတချို့ ချဉ်းကပ်ပြီး အိမ်ကို ဓာတ်ပုံရိုက်သွားကြောင်း၊ ၄င်းလူစိမ်းများရဲ့ ရုပ်ပုံကို လူမှုကွန်ရက်ပေါ်မှာ တင်ပြလိုက်လို့ သတင်းက အမျိုးမျိုးချဲ့ ကား ပြောဆိုလာကြတာ ရှိပါတယ်။ မူးယစ် ဆေးဝါးအများအပြား ဖမ်းဆီးမှုမှာ အသတ်ခံရသူ ရဲအရာရှိဟောင်း ပါဝင်ပတ်သက်မှုကြောင့်လို့ လူမှုကွန်ရက်တွေပေါ် မှာ ပျံ့နှံ့ခဲ့ပေမဲ့ တာဝန်ရှိတဲ့ ရဲများကတော့ ကောလာဟလများသာဖြစ်ကြောင်း၊ အမှုမှန် ပေါ်ပေါက်လာအောင် အပူတပြင်းစုံ
စမ်းနေကြကြောင်း သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ဘာပဲပြောပြော လေးလောင်းပြိုင်တို့၊ ငါးလောင်းပြိုင်တို့လို မိသားစုတွေအားလုံး အသတ်ခံရခြင်း၊ သတ်ဖြတ်ခြင်းဟာ မလိုလားအပ်တဲ့၊ ရက်စက်ရိုင်းစိုင်းတဲ့ လူသတ် မှုဖြစ်ကြောင်း ကြားသိရတဲ့သူတိုင်းက မှတ်ချက်ပေးကြပါတယ်။ တစ်ချိန်တည်း မှာ မြန်မာနိုင်ငံ နေရာအနှံ့မှာ ယခုလို လူ သတ်မှုပေါင်းများစွာ ဖြစ်ပေါ်နေတာတွေ ကြားသိဖတ်ရှုရတာတွေကြောင့် ရာဇဝတ်မှု ထူပြောကြောင်း ထင်ရှားပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့ ရဲများ မလုံလောက်မှု၊ အားနည်းမှုများကိုလည်း ထောက်ပြဝေဖန် မှုများ ရှိနေပါတယ်။

ရဲများရဲ့ အားနည်းမှုတွေထဲမှာ မူးယစ်ဆေးဝါး အမြောက်အမြားဖမ်းဆီးရမှုတွေမှာ တရားခံဖမ်းဆီးရမိခြင်း မရှိဘဲ ထူးထူးဆန်းဆန်း ပိုင်ရှင်မဲ့ ဖြစ်နေတာတွေ တွေ့နေရလို့ပါပဲ။ ဖမ်းဆီးရမိမှုတချို့ရှိပြန်ရာမှာ လည်း ပိုင်ရှင်များ ဖြစ်ဟန်မတူဘဲ သယ်ယူပို့ဆောင်ပေးသူများသာ ဖြစ်ဟန်တူကြောင်း လေ့လာတွေ့ရှိရပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး နှစ်မျိုး နှစ်စား ရှိပါတယ်။ နံပါတ်တစ်တစ်မျိုးက ဘိန်းနဲ့ဘိန်းဖြူ ဖြစ်ပါတယ်။ နံပါတ်နှစ်အမျိုးကတော့ ဆေးပြားများ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးထုတ်လုပ်ရာမှာ မြန်မာနိုင်ငံက ဒုတိယအများဆုံးဖြစ်ပြီး ပထမကတော့ အာဖဂန်နစ္စတန်လို့ ဆိုကြပါတယ်။ ဘိန်းရဲ့ သမိုင်းမှာ မြန်မာနိုင်ငံအပါအဝင် ရွှေတြိဂံ ဒေသဟာ နာမည်ကျော်ဖြစ်ခဲ့သလို ဘိန်း ဘုရင်လို့ ကျော်ကြားခဲ့တဲ့ လော်စစ်ဟန်နဲ့တခြား ဘိန်းရာဇာများဟာ မြန်မာပြည်က ဖြစ်ပါတယ်။

ဆေးပြားကတော့ ဓာတုဗေဒဆေး များနဲ့ ဖော်စပ်ထားတာဖြစ်ပြီး အဲသည် ဆေးပြား ရိုက်နှိပ်ဖို့စက်ကတော့ အိမ်တွင်းသုံး အဝတ်လျှော်စက်လောက်ပဲ လိုအပ်တယ်လို့ ဆိုကြပါတယ်။
တစ်လောက မြန်မာနိုင်ငံ ဇေကမ္ဘာ ဝင်းထဲမှာမိတဲ့ မူးယစ်ဆေးပြားများဟာ ကမ္ဘာမှာ ဒုတိယအများဆုံး၊ အာရှမှာ အများဆုံး တန်ဖိုးအလွန့်အလွန်များပြားတဲ့ မူးယစ်ဆေးတွေ ဖြစ်ပါတယ်။ ကားတစ်စီး လုံး ဖမ်းမိတာရှိသလို အိမ်တစ်လုံးပါ ငှား ရမ်းထားတာကိုလည်း တွေ့ရပါတယ်။ ထိုနည်းတူ မရှေးမနှောင်း သာကေတလို အရပ်မျိုးတွေမှာ ပိုင်ရှင်မဲ့ ရေမြောင်းထဲ လွှင့် ပစ်ထားတဲ့ ဆေးပြားတွေကိုလည်း ရမိခဲ့ ပါတယ်။ မကြာမတင်သော ရက်များက သီလဝါဆိပ်ကမ်းမှာ နိုင်ငံခြားကို တင်ပို့မယ့်ထဲက ဖမ်း မိတာတွေ ရှိသလို မြန်မာပြည်လေဆိပ်မှာ ဖမ်းဆီးရမိတာရှိပြီး ထိုင်းလေဆိပ်မှာ ဖမ်းဆီးရမိသူများနဲ့ ထိုင်း နိုင်ငံမှာ အမြောက်အမြား ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေမှာလည်း ဖမ်းမိသူများက မြန်မာ ပြည်သားများ၊ သို့မဟုတ် ပတ်သက်သူများ ဖြစ်တာကို တွေ့ရပါတယ်။

ဘာပဲပြောပြော မြန်မာနိုင်ငံဟာ ဘိန်းနဲ့ ဘိန်းဖြူပဲဖြစ်ဖြစ်၊ မူးယစ်ဆေးပြားတွေမှာပဲဖြစ်ဖြစ် ပြည်တွင်းရော ပြည်ပပါ ဖြန့်ချိနေတယ်ဆိုတာ တွေ့ရပါတယ်။ မူးယစ်ဆေးဝါး၊ ဆေးပြားသုံးစွဲမှုဆိုရင် မြန်မာပြည်အနှံ့အပြား ရန်ကုန်အပါအဝင် နယ် မြို့တွေအားလုံးမှာ လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်တာကို တွေ့နေရပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံထောင်တွင်းမှာ အဖမ်းခံရတဲ့ အကျဉ်းသားအများစုဟာမူးယစ်ဆေးဝါးအမှုတွေနဲ့ ဖြစ်နေတာကို တွေ့ရပါ တယ်။

အားလုံးပေါင်းစပ်လိုက်ရင် မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် မြန်မာနိုင်ငံဟာ စိုက်ပျိုးထုတ်လုပ်ရာမှာလည်းကောင်း၊ ဖြန့်ချိရောင်းချရာမှာလည်းကောင်း၊ သုံးစွဲရာမှာလည်းကောင်း အဆမတန်များပြားနေတာကို တွေ့ရပါတယ်။ အဲသည်လို များပြားနေတာတွေကြောင့် ရာဇဝတ်မှုတွေ များပြားလာတဲ့ အကျိုးဆက်တွေကို တွေ့ရပါတယ်။ ရာဇဝတ်မှုများပြားလာတဲ့ အကျိုးဆက်ကြောင့် ရဲလုပ်ငန်း၊ ရဲဝန်ထမ်း မလောက်မငနည်းပါးနေတာတွေကို တစ်ဆက်တည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ကာကွယ်ရေးအသုံးစရိတ်ဟာ အများဆုံးဖြစ်ပေမဲ့ ရဲနဲ့ ရဲဝန် ထမ်းတွေကတော့ နည်းပါး မလုံ လောက် တဲ့အပြင် ရဲများ စားသောက်နေထိုင်ရတဲ့ အခြေအနေကလည်း မလောက်မငဖြစ်နေတာ တွေ့ရပါတယ်။
မလောက်င မှုကို အကြောင်းပြုပြီး လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများ ဖြစ်ပေါ်လာပါတယ်။

သည်ပြဿနာတွေအားလုံးဟာ မုန့်လုံး စက္ကူကပ်သလို လုံးချာပတ်လည် လိုက်နေပါတော့တယ်။ အဲသည်လို မူးယစ်ဆေးဝါး၊ ရာဇဝတ်မှုများထူပြောမှုကြောင့် မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးဟာ မြစ်ရေကြီးသလို စိုးရိမ်ရေမှတ်ထက် အများ ကြီး ကဲလွန်နေတာကို တွေ့ရကြောင်းပါ။

လေးလောင်းပြိုင်၊ ငါးလောင်းပြိုင် ရာဇဝတ်မှုများနှင့် မောင်မိုးသူပါ။

မောင်မိုးသူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts