ခေတ်ပြိုင်အတွေ့အကြုံ

သိန်းသန်းဦး ● ၂ ၁ ပင်လုံရောက် ရှေ့နေတယောက်ရဲ့ အတွေ့အကြုံ (၂) (ညီလာခံ တတိယနေ့)

သိန်းသန်းဦး ● ၂ ၁ ပင်လုံရောက် ရှေ့နေတယောက်ရဲ့ အတွေ့အကြုံ (၂) (ညီလာခံ တတိယနေ့)
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၆

ယခုစာအား ရှေ့နေကြီး ဦးသိန်းသန်းဦး၏ လူမှုကွန်ရက်စာမျက်နှာပေါ် ကနေ ပြန်လည်ကူးယူဖော်ပြပါသည်။

 

■ သောင်းတိုက်ကကြားစေသား-၈၁

ပင်လုံညီလာခံတတိယနေ့……

ဒီနေ့ကတော့စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။

“ကျားကျားမီးယပ်အဖွဲ့”ကတော့ခိုင်းလိုက်တဲ့ အတိုင်း ၂၀၀၈/ခြေဥကို ဇွတ်ရော အတင်းရော ပြည်ထောင်စုမူလုပ်နေပါတယ်။

ကျောင်းသားနိုင်ငံရေးလှုပ်ရှားသူအဖြစ် ပြည်ပထွက်ပြေးခဲ့ရရာက US ဘာကလေ တက္ကသိုလ်က ပါရဂူဘွဲ့ပြုစုနေသူ ကိုမင်း ဇင် တင်ပြမှုဟာ ကောင်းလှပါတယ်။  ပညာရှင်ဆန်ပေမဲ့ လက်တွေ့ဘဝကို ချဉ်းကပ်ပြတာပါ။  ဖက်ဒရယ်လိုက်ဇေးရှင်းပြုရေး၊ အာဏာအလွန်အကျူးယူတဲ့ စစ်တပ်ကိုထိမ်းချုပ်ရေး၊ ဆင်းရဲမွဲတေမှုနဲ့ တန်းတူညီမျှမှုတို့ကို ဗျူဟာမြောက်တင်ပြသွားတယ်။

သူပြီးတော့ SSPP က ဗိုလ်ချုပ် စဝ်ခွန်ဆိုင်တင်ပြဖို့ ကြေငြာလို့ မနေ့ကပြဿနာပြီးသွားပုံရတယ်။  တိုင်းရင်းသားပီပီ ခံစား ချက်တွေကို ခပ်ပြင်းပြင်းဖော်ပြပြီး ဗမာပြည်နယ်ဖွဲ့ဖို့အဆိုပြုပါတယ်။

ဒေါ်ချိုချိုကျော်ငြိမ်းက စီးပွားရေးကိုလည်း အာရုံစိုက်ဖို့ အလေးထားတင်ပြပါတယ်။

ညီလာခံမှာအကောင်းဆုံးတင်ပြသွားနိုင်တာ  တိုင်းရင်းသားပါတီများစုပေါင်းထားတဲ့ UNFC ဖြစ်ပါတယ်။  သူတို့ရဲ့တင်ပြချက် ကို အပိုင်း ၄ ပိုင်းခွဲပြီး တပါတီစီ တာဝန်ယူတင်ပြကြတာတွေ့ရပါတယ်။

မူဝါဒနှင့်လက္ခဏာအပိုင်းမှာ

၁) အချုပ်အခြာအာဏာ (Sovereign Power)
၂) တန်းတူမှု (Equality)
၃) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination )
၎) ဖက်ဒရယ်မူများ (Federal Principles)
၅) တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးကိုကာကွယ်ခြင်း (Protection of Ethnic Rights)
၆) ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေး၊ ကျားမတန်းတူမှု (Democracy rights Human rights Gender Equality)
၇) ပါတီစုံဒီမိုကရေစီ (Multi Party)
၈) ဘာသာရေးကို အခြေမခံသော နိုင်ငံ (Secular Country) တို့ကို မူများအဖြစ် ဖော်ပြပါတယ်။

ကာကွယ်ရေးနင့်လုံခြုံရေးအပိုင်းမှာ တိုင်းရင်းသားတိုင်းက ဖက်ဒရယ်တပ်မတော်၊ တပ်ကို အရပ်သားအစိုးရ လက်အောက်ခံ ထားရေး အခိုင်အမာထားပါတယ်။

ဒေါ်ခင်မမမျိုးကတော့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ပညာရပ်ဆိုင်ရာဝေါဟာရတွေနဲ့ တင်ဆက်ပါတယ်။
(မနက်မှ ဆက်တင်မယ်)

နေ့ခင်းပိုင်းက ပိုစိတ်ဝင်စားစရာ ဖြစ်လာစေတာ ကဒူးလူငယ်လေး ကိုသန်းဇော်ဦးရဲ့တင်ပြချက်ကြောင့်ဖြစ်ပါတယ်။  သူက တိုင်းရင်းသား လူမျိုးစုငယ်များ အစုအဖွဲ့ကပါ။  လူဦးရေနည်းတဲ့ လူမျိုးစုငယ်များ၊ လူငယ်များကို အလေးထားဖို့ တောင်းဆိုပါတယ်။  ၂၁ ရာစု ပင်လုံ အကြို လူငယ်ညီလာခံ (တောင်ကြီး)မှာ ဗမာလူငယ်များက ညီလာခံတက် တိုင်းရင်း သားလူငယ်များကို လက်တဆုပ်စာ ဗမာဆိုးတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျ မှုအတွက် တောင်းပန်တဲ့အနေနဲ့ ဦးညွတ်အလေးပြု ပါသတဲ့။  သူက တပ်မတော်သားအစုက ဗိုလ်မှူးကြီးစိုးတင့်က ၂၀၀၈ခြေ/ဥဟာ ပြည်ထောင်စု ဖက်ဒရယ် လက္ခဏာ ချက်တွေ ပြည့်စုံကြောင်း တင်ပြမှုအပေါ် အဲလိုဆိုရင် စစ်တပ်က နိုင်ငံရေးမှာ ဘာလို့ဆက်ပါနေလဲလို့ ဒဲ့ မေးခွန်း ထုတ်ပါတယ်။  ခန်းမကြီးတခုလုံး  လက်ခုပ်သြဘာသံတွေ တခဲနက် ဟိန်းထွကိလာပါတယ်။  “ဗမာတကျပ် ရှမ်းတကျပ်ဆိုရင် ကဒူးလည်း တကျပ်တောင်းခဲ့ပါ” လို့ ကဒူးပြည်သူများက မှာကြောင်း တင်ပြချက်မှာလည်း လက်ခုပ် တဖြောင်းဖြောင်းပါ။  သူလည်း ဖက်ဒရယ်တပ်မတော်နဲ့ စစ်တပ်ကို အရပ်သား အစိုးရ လက်အောက်ထားဖို့ တင်ပြပါတယ်။

စိတ်ဝင်စားဖွယ် နောက်တဦးက ကချင်အမျိုးသားကွန်ဂရက် KNC က ဦးစီစီနော်ဂျာ ဖြစ်ပါတယ်။  သူက ကချင်တွေဟာ ဘယ်လူမျိုးရဲ့ လက်အောက်ခံမှ မဖြစ်ဖူးကြောင်း၊ လွတ်လပ်တဲ့လူမျိုးဖြစ်ကြောင်း၊ “တောင်တတောင်-စော်ဘွားတကောင်”အုပ်ချုပ်ခဲ့တယ်လို့ ပြောလို့တဝါးဝါးပွဲကျခဲ့တယ်။ သူက ဂျွန်အော်စတင် (John Austin)ရဲ့ အဆိုအမိန့် “ပဋိပက္ခကို လက်နက်နဲ့ အကြမ်းဖက်ဖြေရှင်း တာဟာ အောက်တန်းအကျဆုံးဖြစ်တယ်” လို့ ပြောပြီး “ကျားကျားမီးယပ်” အစုအဖွဲ့ဘက် လက်လှမ်းညွှန်ပြပြီး အောက်တန်းကျတဲ့ နည်းလမ်းတွေသုံး စစ်တိုက်တာရပ်ဖို့ အချိန်တန်ပြီ လို့ ပြောလိုက်တဲ့အခါ တခဲနက်သြဘာသံကြီး ပဲ့တင်ထပ်ခဲ့ပါတယ်။

တိုင်းရင်းသားတိုင်းက အမျိုးသားတန်းတူမှု (Racial Equality )၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-Determination)နဲ့ ဖက်ဒရယ် တပ်မတော် တောင်းဆိုကြပါတယ်။  လူမျိုးစုငယ်များက သူတို့ရဲ့ အမျိုးသားသွင်ပြင်လက္ခဏာ(National Identity ) ကို အရေးကြီး တောင်းဆိုချက်အဖြစ်သူတို့ဟာ သွေးနှောမဟုတ်ပါကြောင်းတင်ပြကြပါတယ်။

တတိယရက်အပြီးမှာ ညီလာခံ တက်ရောက်သူများ တင်ပြချက်အရ သဘောထား ၂ ခု သိသိသာသာ ကွဲပြားပေါ်ထွက် လာပါတယ်။  အများစုကြီးက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအစစ် ဒီမိုကရေစီအစစ် ကို တည်ထောင်လိုကြပါတယ်။

နောက်အနည်းစုကတော့ ၂၀၀၈ ခြေ/ဥဟာ ပြည်ထောင်စု ကြံအင်လက္ခဏာတွေ ပြည့်စုံကြောင်း လက်ရှိ အခြအနေအတိုင်း အခွင့်ထူးခံအခြေအနေကို ထိန်းသိမ်း လိုတဲ့ “ကျားကျားမီးယပ်”အစုပါ။  သူတို့ကတော့ ဒီမိုကရေစီကို နာမဝိသေသနထည့်ပြီး…

“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”လို့ဆိုသူတွေပါ။

တနည်းအားဖြင့် …

“နားထင်သေနတ်တေ့ဒီမိုကရေစီ”
“ကျားသနားမှနွားချမ်းသာဒီမိုကရေစီ”
“နွားမရွှံ့ပိတ်ဒီမိုကရေစီ” သာ ပေးလိုသူတွေပါ။

ဒါပေမဲ့ သူတို့ဟာ အနည်းစုလေးသာ ဖြစ်ကြောင်း ညီလာခံကြီးမှာ ထင်ရှားပေါ်ပေါက်လာပါပြီ။

သဘာပတိအပိတ်မိန့်ခွန်းမှာ ဦးသုဝေက ဗိုလ်ချုပ်တို့ကျဆုံးစဉ် ဝန်ကြီးချုပ်တာဝန်ယူတဲ့ ဦးနုက ရုပ်ကလာပ်များရှေ့ မိမိ လာဘ်စား အာဏာအလွဲသုံးခဲ့ရင် အဝီစိငရဲကျပါစေလို့ ကျိန်ဆိုခဲ့ကြောင်း၊ ယခုခေတ်တော့ မိမိပိုင်ဆိုင်မှုတောင် ထုတ်မပြဝံ့ ကြောင်းနဲ့ အဆုံးသတ်တော့ အလွန်ရှည်လျားတဲ့ လက်ခုတ်သံတွေ၊ ရယ်သံတွေနဲ့ ညီလာခံ တတိယနေ့ ပြီးဆုံးကြောင်းပါ ခင်ဗျား။

သိန်းသန်းဦး
စင်တင်ဘာ ၂၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts