ဝေဖန်ရေးရာ မောင်မောင်စိုး

မောင်မောင်စိုး -” နားလည်းခံသာ မျက်စေ့လည်းခံသာ”

 

မောင်မောင်စိုး -” နားလည်းခံသာ မျက်စေ့လည်းခံသာ”
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၆

၁။ အမျိုးသားရင်ကြားစေ့ရေးဆိုသည်မှာ အပြောလွယ်သော်လည်း အလုပ်ခက်ပါသည်။ အဓိကအခန်းမှ ပါဝင်လုပ်ဆောင်နေသူအားလုံး၏ပြောဆိုမှု လုပ်ကိုင်မှု တိုင်းသည် ရင်ကြားစေ့ရေးကို ရှေ့ရှု ရန်လိုပါသည်။ ” နားခံသာ” လိုပါသည်။

၂။ ၂၁ ပင်လုံညီလာခံအောင်မြင်ရေးအတွက် အစိုးရ/လွှတ်တော်/ တပ် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးပါတီများက ကိုယ်စားလည်များ စုပေါင်းဆွေးနွေးကြသည်။ ဆွေးနွေးနိုင်ရန်လည်း လိုအပ်သည့် ကော်မတီများ အလုပ်အဖွဲ့များဖွဲ့စည်းထားကြသည်။ ကောင်းသည့်အချက်ဟုဆိုနိုင်ပါသည်။

၃။ ထိုကော်မတီများ အလုပ်အဖွဲ့များသည် ပါဝင်သူများ၏ သဘောထားကို အလေးထားစဉ်းစားပြီး ညှိနှိုင်းဆုံးဖြတ်ကြဘို့လိုသည်။ တစုတဖွဲ့၏ သဘောထားကို အခြားသူများအား ဖိအားပေးလိုက်နာစေခြင်းမျိုး ရှောင်ကျ ဉ်ရန်လိုအပ်သည်။ ဇွတ်လိုက်နာစေသည်က တကြိမ်တခါ ပြသနာမဟုတ်ဟုဆိုနိုင်သော်လည်း အကြိတ်အခဲကို ဖြစ်စေလိမ့်မည်။ အကြိမ်ကြိမ်အခါခါဆိုပါက ရင်ကြားစေ့ရန် ခက်ပေလိမ့်မည်။

၎။ 29/8/2016 နေ့တွင် ပြု လုပ်သော UPDJC အစည်းအဝေးတွင် လူအများသတိပြု မိပြီး ပြောစရာဖြစ်သော အချက်တခုတွေ့ရသည်။ ၎င်းအချက်မှာ တိုင်းရင်းသားအဖွဲ့များမှ ခေါင်းဆောင်များ၏ အမည်ရေးထိုးထားမှု ဖြစ်သည်။ SSPP/SSA ခေါင်းဆောင်အား ” စိုင်းထူး ” ဟူ၍၎င်း KIO/KIA ခေါင်းဆောင်အား ” ဂွမ်မော်” ဟူ၍၎င်း အမည်ကဒ်ရေး၍ထားသည်။ ၎င်းတို့၏စစ်ဖက်ရာထူးများ အသိမှတ်ပြု ရေးထိုးထားခြင်းမရှိသကဲ့သို့ နံမည်ရှေ့က ” ဦး ” တပ်ပြီး လေးစားသမှု ပြု ၍ ထည့်သွင်း ရေးသားမရှိပေ။ ထိုအဖွဲ့အစည်းဝင်များအဖို့ အလွန်အမင်းစိတ်ပျက်စရာ ဖြစ်စေသကဲ့သို့ သာမန်လူများအမြင်တွင်ပင် မတင့်တယ်လှပေ။ ” မျက်စေ့မခံသာ” ဟု ဆိုရမည်။

၅။ “ငမြ” ” ဘိုမြ” ” ဗိုလ်ချုပ်မြ” ဟူ၍ ပြောင်းလဲခေါ်ဝေါ်သုံးစွဲမှု များကို ယဉ်ပါးခဲ့ကြသည့် ပြည်သူများအဖို့ ထိုဝေါဟာရအသုံးအနှုံးများကိုကြည့်၍ ၂၁ ရာစုပင်လုံ ရှေ့ရေးကို တွေးပူကြသည်ကတော့အမှန်ပင်ဖြစ်သည်။

၆။ ၂၀၁၆ သြဂုတ်လ တစ်လလုံးနီးပါး ကချင်ပြည်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA နှင့်၎င်း TNLA နှင့်၎င်း တိုက်ပွါးဖြစ်ပွါးနေ၍ အမြောက်သံ ဗုံးသံများ ” နားမခံသာ ” သည့် ဖြစ်ရပ်များ မတိတ်ဆိတ်မှီ ရှမ်းပြည်နယ်အလယ်ပိုင်းတွင် SSPP/SSA နှင့်ပါ 28/8/2016 ကတိုက်ပွဲထပ်ဖြစ်သည်။ ” နားမခံသာ “သည့်အသံများ ထပ်တိုးလာသည်ဟုဆိုရမည်။

၇။ အမျိုးသား ရင်ကြားတကယ်စေ့နိုင်ဘို့ တဖက်နှင့်တဖက် အပြန်အလှန်လေး စားမှု ရှိပြီး အပြန်အလှနိညှိနှိုင်းမှု ရှိဘို့သည်။ ပို၍ အခြေခံကျသည်က ” နားခံသာ”ဘို့ လိုသကဲ့သို့ ” မျက်စေ့ခံသာ” ဘို့လည်းလိုပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts